
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်တန်ဆောင်းပြင်ဆင်ခြင်းနှင့် ရှင်ဥပဂုတ္တ ဖောင်မျှောခြင်းများ ပြုလုပ်ခဲ့ရာတွင် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြို့တော်ဝန်ဦးမောင်မောင်စိုး၊ တိုင်းဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ လုံခြုံရေးနှင့်နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး အပါအဝင် လူပေါင်း ၃၀ ခန့် ပါဝင်ခဲ့သည်ကို လူစုလူဝေးဖြစ်စေသည့် အခမ်းအနားတစ်ခုအဖြစ် Facebook သုံးစွဲသူများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
ကပ်ရောဂါကာလအတွင်း လူလေးဦးထက်ပိုမစုရ အမိန့်အာဏာတည်နေသေးသည့်အတွက် ဝန်ကြီးချုပ်၏ လုပ်ရပ်သည် ညွှန်ကြားချက်များကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က Myanmar Now ကို တနင်္လာနေ့က ဖြေကြားထားသေးသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို Myanmar Now သတင်းထောက် ချမ်းသာက ယနေ့ ဆက်သွယ်မေးမြန်းထားသည်။
မေးခွန်းများ မမေးရသေးခင်ကပင် ဝန်ကြီးချုပ်က “ဒီဥစ္စာက ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြန်လည်စတင်တဲ့အတွက် ပစ္စည်းရွှေ့ပြောင်းတဲ့ ကိစ္စပေါ့။ ပစ္စည်းရွှေ့ပြောင်းတယ်ဆိုတာကတော့ ဒီစကားက နည်းနည်းကြမ်းတာပေါ့နော်။ ဘုရားတို့၊ ရုပ်တုတွေ ဘာတွေ ရွှေ့တာကတော့ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းတစ်ခုနဲ့ လုပ်ရတာပေါ့။ သေတ္တာပုံးရွှေ့သလိုတော့ ရွှေ့လို့မရဘူး ဖြစ်နေတာပေါ့။ အဲဒီအခြေအနေပေါ်မှာ ကောက်ယူမှုလေး နည်းနည်းလွဲနေလို့ပါ” ဟု စတင်၍ စကားဆိုသည်။
Myanmar Now – အခုလိုကာလမှာ ဒီလိုလုပ်ငန်းတွေက မဖြစ်မနေ လုပ်ဖို့လိုတဲ့အရာတွေလား။
ဝန်ကြီးချုပ်။ ဒီလိုပါ။ ကျွန်တော်တို့က ဘုရားကို အခုလောလောဆယ်မှာ ဧည့်သည်ဝင်ရောက်မှု ပိတ်ထားပါသေးတယ်။ ပိတ်ထားတဲ့ကာလဖြစ်တဲ့အတွက် ဒီအချိန်မှာ ပြုပြင်မယ်ဆိုလို့ရှိရင် တည်ဆောက်ရေးလုပ်ငန်းတွေက ဖုန်တွေ၊ သဲတွေ၊ တူးရတာတွေရှိပါတယ်။ ပိတ်ထားတဲ့ကာလမှာ ဆောင်ရွက်ရင် ဘုရားဖူးတွေကို အနှောင့်အယှက် မဖြစ်နိုင်ဘူး။ နောက်တစ်ခု ဗိုလ်တထောင်ဘုရားက နိုင်ငံခြားသားခရီးသွားဧည့်သည်လည်း တော်တော်များတဲ့ ဘုရားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပိတ်ထားတဲ့အချိန်မှာ လုပ်ဖို့ တစ်ချက်ပေါ့။
နောက်တစ်ချက်က ကျွန်တော်တို့ အလှူရှင်တွေက လှူဒါန်းထားတယ်။ အဲဒီလှူဒါန်းထားတဲ့ အလှူရှင်တွေက ကျွန်တော်တို့ကို ဆက်ပြီးတော့ ဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဒါကြောင့်မို့ ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ ဆက်လုပ်ဖို့ ကိစ္စတစ်ခုပေါ့။ ဒါက ဒုတိယတစ်ချက်ပါ။
တတိယတစ်ချက်ကတော့ ကျွန်တော်တို့အခုချိန်မှာ ဆောက်လုပ်ရေးကိစ္စရပ်တွေကို ကျန်းမာရေးဝန်ကြီးဌာနဘက်ကရော၊ ကိုဗစ်နိုင်တင်းအမျိုးသားအဆင့်ဗဟိုကော်မတီဘက်က ဆက်လုပ်ဖို့ရယ်၊ လဝကနဲ့ အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း ဒီလုပ်ငန်းတွေကို Social Distancing (လူချဲသည့်အစီအစဉ်) ရှိမယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ ရှိမယ်ဆိုလို့ရှိရင် ပြန်လုပ်ခွင့်ပြုလာတဲ့ကာလမှာ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့က ပြန်လုပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေကြေးလည်ပတ်မှုကို ကျွန်တော်တို့ဖြစ်စေချင်တယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကို ပြန်လည်ပတ်စေချင်တယ်။ တိုင်းဒေသကြီးက တင်ဒါလုပ်ငန်းတွေ ရှိပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ ဘတ်ဂျက်တွေနဲ့ အစိုးရဌာနတွေမှာ တည်ဆောက်တဲ့လုပ်ငန်းတွေကိုလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်လုပ်ဖို့ ကျွန်တော်တို့ တွန်းအားပေးပါတယ်။ အချိန်နဲ့တစ်ပြေးညီ ပြီးစီးဖို့ဖြစ်ပါတယ်။ ဘတ်ဂျက်ကုန်တဲ့လမှာ လုပ်ငန်းတွေ အကုန်ပြီးစီးဖို့ပါ။
နောက်တစ်ချက်က ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်ခြင်းအားဖြင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ အုတ်၊ သဲ၊ ကျောက် လုပ်ငန်းတွေ ဝယ်မယ်။ ပစ္စည်းတွေ၊ ငွေကြေးတွေ လည်ပတ်မယ်။ အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်း ပြန်ဝင်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ဖြစ်လာမယ်ဆိုလို့ရှိရင် ငွေကြေးလည်ပတ်မှုတွေ ပြန်ဖြစ်လာနိုင်တယ်။ အဲဒီအတွက် ကိုဗစ်အလွန်စီးပွားရေးမှာ ပြန်လည်နိုးထလာနိုင်ဖို့အတွက် တစ်ဆင့်ချင်း စည်းစနစ်ကျကျ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုတွေအတိုင်း ကျွန်တော်တို့ ဆောင်ရွက်ဖို့အတွက် ဒီလုပ်ငန်းတွေကို စခဲ့တာဖြစ်ပါတယ်။

Myanmar Now – လူစုလူဝေးတွေမလုပ်ဖို့၊ လေးယောက်ထက် ပိုမစုဖို့ အမိန့်ကို ဝန်ကြီးချုပ်တို့က ချိုးဖောက်တယ်လို့ ယူဆပါသလား။
ဝန်ကြီးချုပ်။ ။ ကျွန်တော်တို့ကတော့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ အမိန့်ညွှန်ကြားချက်တွေအားလုံးကို လိုက်နာပါတယ်။ အခု ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ဥပဒေတွေနဲ့ အမိန့် ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။
ဒီနေရာမှာ မြင်နေကြတာက ကျွန်တော်တို့ ဘုရားပြုပြင်တည်ဆောက်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ အကြိုလုပ်ငန်းစဉ်တွေ ရှိပါတယ်။ ကျွန်တော်တို့ ရှင်ဥပဂုတ္တဖောင်မျှောခဲ့တာမျိုး၊ အမတော်မြနန်းနွယ်ဘုရားကျောင်းဆောင် ရွှေ့ပြောင်းတဲ့ကိစ္စမျိုး၊ ဒီကျောင်းက နှစ်ပတ်အတွင်း အဆောက်အအုံကို ဖြိုလိုက်မှာဖြစ်ပါတယ်။ ပြီးရင် ဒီနေရာမှာ အသစ်ပြန်တည်ဆောက်မှာဖြစ်ပါတယ်။ အဓိကကတော့ ဒီကျောင်းကို ဖျက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ YCDC (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ) ကနေ တာဝန်ယူ ဖျက်ပေးမှာဖြစ်ပါတယ်။
ဒါတွေကို ကျွန်တော်တို့က စနစ်တကျဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်တို့ ချိုးဖောက်ဆောင်ရွက်တာ မရှိပါဘူး။ ဘုရားထဲမှာ လုပ်နေတဲ့အခြေအနေတွေက ဘယ်သူမှ မမြင်တွေ့နိုင်တဲ့အတွက် ဘာမှပြဿနာမရှိနိုင်ပေမယ့် အမတော်မြနန်းနွယ်ဘုရားတန်ဆောင်းကတော့ ဘုရားရဲ့အပြင်ဘက် ဗိုလ်တထောင်ဘုရားသေးလေးရဲ့ ဘေးမှာ ရှိနေတာဖြစ်တဲ့အတွက် အမတော်မြနန်းနွယ်ဘုရားတန်ဆောင်း ရွှေ့ပြောင်းမှုအပေါ်မှာ လူတွေလာပြီး ဝိုင်းအုံကြည့်တာမျိုး၊ ဒါက နီးနီးလေးဖြစ်နေတဲ့အတွက် ကျွန်တော်တို့က ကားနဲ့တင်ပြီး မရွှေ့ပြောင်းဘူး။ (သယ်)မသွားတာမျိုးရှိတဲ့အတွက် ဒီကိစ္စရပ်တွေကို အခမ်းအနားလုပ်တယ်တို့၊ ပွဲလမ်းသဘင်လုပ်တယ်တို့ (ဆိုပြီး) စွပ်စွဲတာပါ။ ကျွန်တော်တို့ ဒီအစီအစဉ် လုံးဝမရှိပါဘူး။ တည်ဆောက်ရေးကဏ္ဍအတွက် လုပ်ငန်းခွင်ပြင်ဆင်မှုပဲဖြစ်ပါတယ်။
ကျွန်တော်တို့ဘက်က ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းချိုးဖောက်မှု လုံးဝမရှိခဲ့ပါဘူး။ ဒါကြောင့်မို့လို့ ဒီစွပ်စွဲမှုကလည်း ဥပဒေနဲ့ မညီညွတ်တဲ့ စွပ်စွဲမှုပဲဖြစ်ပါတယ်။ ဒီလိုစွပ်စွဲတဲ့သူတွေအပေါ်မှာလည်း ကျွန်တော့်အနေနဲ့ သီးခြားတော့ ပြောစရာမရှိပါဘူး။ ဒါ သူ့အမြင်ပဲဖြစ်ပါတယ်။ ဥပဒေနဲ့ညီညွတ်တယ်။ ဥပဒေအတိုင်းစဉ်းစားမယ်ဆိုရင်တော့ ဒီစွပ်စွဲချက်က မှားယွင်းနေပါတယ်။

မေး။ ဒီလိုအခမ်းအနားကို ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေက မဖြစ်မနေတက်ဖို့ လိုအပ်တာလား။
ဖြေ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အကုန်လုံးတက်တယ်ဆိုတာလည်း အပြည့်တော့မမှန်ပါဘူး။ အဲဒီနေ့က မနက်ပိုင်းမှာ ဖောင်မျှောဖို့လုပ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခြေအနေတွေပေါ်မှာ ကျွန်တော်တို့ တိုင်းရဲ့ ဆောင်ရွက်တဲ့အနေအထားက ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လုပ်ငန်းလည်ပတ်နေတဲ့ အခြေအနေမှာ ဆောင်ရွက်မဲ့အစီအစဉ်တွေကို ကျွန်တော်တို့ ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ထားတာက ဒီနေ့မှာ ဘာတွေလုပ်မယ်။ ဘယ်လုပ်ငန်းတွေ၊ ဘယ်အစည်းအဝေးတွေရှိတယ်။ အဲဒီအစည်းအဝေးတွေကို သက်ဆိုင်ရာဝန်ကြီးတွေက သူတို့အလုပ်အားလပ်တဲ့အခါ လာပါတယ်။ အလုပ်မအားလပ်တဲ့ အခါမျိုးမှာ သူတို့မလာပါဘူး။ ဒါပေမဲ့ အားလုံးကတော့ စုပေါင်းပြီးတော့ ဝိုင်းဝန်းအတူလုပ်ကြပါတယ်။
အမြဲတမ်းအကုန်လုံးတက်ရမယ်လို့ ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့က ဖိတ်စာနဲ့ ဖိတ်တာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရုံးမှာကိုက နေ့တိုင်း အချိန်းဇယားတစ်ခုထွက်ပါတယ်။ ဒီနေ့ တိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ဆောင်ရွက်မယ့် ချိန်ဇယားမှတ်တမ်းတစ်ခု ရှိပါတယ်။ ကျွန်တော့်ရဲ့ပထမဆုံးနေ့ကနေ စပြီး အခုချိန်အထိ နေ့တိုင်း စာရွက်တစ်ရွက်ထွက်ပါတယ်။
မေး။ ဒီလုပ်ငန်းတွေက တိုင်းအစိုးရအဖွဲ့ကနေ လုပ်တာလား။ ပြည်ထောင်စုအစိုးရရဲ့ စီမံမှုနဲ့လုပ်တာလား။
ဖြေ။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံကိန်းပါ။ ရန်ကုန်မှာ ဘုရားတွေရှိပါတယ်။ ဘုရားတွေထဲမှာ ရွှေတိဂုံစေတီတော်ကြီးက ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကွပ်ကဲပါတယ်။ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ပေါ့။ ကျန်တဲ့ ဘုရားအားလုံးက တိုင်းဒေသကြီးအစိုးရက ကွပ်ကဲရပါတယ်။ ဂေါပကတွေ၊ ရန်ပုံငွေတွေ အားလုံးပေါ့လေ။ ဘက်စုံပြုပြင်မွမ်းမံရေးကို ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရက တာဝန်ယူပြီးလုပ်နေတာပါ။
ဒီအစီအစဉ်ကို စခဲ့တာက အခုမှ မဟုတ်ပါဘူး။ ၂၀၁၈ လောက်ကတည်းက အစီအစဉ်ပါ။ ဘုရားစိန်ဖူးတော်၊ ငှက်မြတ်နားတော် ရွှေသင်္ကန်းကပ်လှူတာ ဒါတွေအကုန်လုံးပေါ့။ ဗိုလ်တထောင်စေတီတော်ကြီးရဲ့ အတွင်းထဲမှာရှိတဲ့ ပြခန်းတို့ အကုန်လုံးကို ဘက်စုံပြုပြင်မွမ်းမံတာပါ။ အဲဒီဘက်စုံပြုပြင်တဲ့အခြေအနေကလည်း အစိုးရဘတ်ဂျက်မပါပါဘူး။ အလှူရှင်တွေရဲ့ ငွေကြေးနဲ့ပဲ ဆောင်ရွက်တာဖြစ်ပါတယ်။
မေး။ ဝန်ကြီးချုပ်အနေနဲ့ ဖြည့်စွက်ပြောလိုတာများ ရှိဦးမလား။
ဖြေ။ မရှိပါဘူး။