သတင်း

ဦးဖြိုးမင်းသိန်း၏ ဇနီးက စစ်ကောင်စီဘက်မှ သက်သေထွက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ငန်းအဆင်ပြေစေရန် ရွှေနှင့် ငွေများ ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောဆိုချက်ကို အခြေခံ၍ ဖွင့်လှစ်ထားသည့် အဂတိအမှု တစ်မှုအတွက် ၎င်း၏ ဇနီး ဒေါ်ခင်မိမိကြွယ်က စစ်ကောင်စီဘက်မှ သက်သေထွက်သည်။

နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ ထိုအမှုကို ယနေ့(နိုဝင်ဘာ ၁၂) စစ်ဆေးစဉ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းပေးခဲ့ရပါသည်ဆိုသော အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိဿာကို သူစီစဉ်ပေးခဲ့ရသည်ဟု ဒေါ်ခင်မိမိကြွယ်က ပြောကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

သို့သော် မည်သည့်နေ့ရက်တွင် မည်သို့စီစဉ်ပေးသည်ကိုမူ ဒေါ်ခင်မိမိကြွယ်က ထုတ်ဖော်ပြောနိုင်ခြင်း မရှိသလို ဒေါ်အောင်ဆန်းစုကြည်ထံ ဦးဖြိုးမင်းသိန်း သွားရောက်ချိန်တွင်လည်း ၎င်းမပါသဖြင့် ရက်စွဲအတိအကျ မမှတ်မိကြောင်းသာ ပြောသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် ၉ လကျော်အတွင်း စစ်ကောင်စီက စွပ်စွဲထားသော ပုဒ်မ ၁၁ ခုဖြင့် ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအတွင်း ထောင် ၁၅ နှစ်ထိ ကျခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် စွပ်စွဲထားသည့် အမှုလည်းပါဝင်ပြီး ထုတ်ဖော်ပြောဆိုသူ ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၄ ရက်တွင် အဓိကသက်သေအဖြစ် တရားခွင်၌ ထွက်ဆိုပြီးဖြစ်သည်။

သို့သော် ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်ကဲ့သို့ပင် ရွှေနှင့် ငွေများ ပေးခဲ့ရသည်ဆိုသော အကြောင်းသာ တရားခွင်၌ ဦးဖြိုးမင်းသိန်းက ပြောခဲ့ပြီး နေ့ရက်၊ အချိန်နှင့် အခြားသက်သေအထောက်အထားများ ထင်ရှားစွာ ထုတ်မပြနိုင်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေအဖွဲ့က ထိုစဉ်က ပြောထားသည်။

ထို့အတူ စစ်ကောင်စီဘက်မှ တရားလိုက တရားခွင်သို့ တင်သွင်းထားသည့် သက်သေခံပစ္စည်းစာရင်းတွင် သိမ်းဆည်းရမိသည့် ပစ္စည်းဟူ၍ တစ်စုံတစ်ရာမျှ မပါဝင်ဘဲ ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်မှတ်တမ်းဖိုင်သက်သက်သာ ဖြစ်သည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်မှာ လိမ်လည်ထွက်ဆိုခြင်းသာ ဖြစ်သည်ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မှတ်ချက်ပြုထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရသည့် NLD ခေါင်းဆောင်များထဲတွင် ဦးဖြိုးမင်းသိန်းလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ 

မူလကပင် နှလုံးရောဂါခံစားနေရသည့် ဦးဖြိုးမင်းသိန်းကို ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်နှင့်အတူ စစ်ကောင်စီက ထိန်းသိမ်းထားသော်လည်း မည်သည့်ပုဒ်မမျှတပ်ကာ အရေးယူထားခြင်းမရှိပါ။

စစ်ကောင်စီက အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းစွပ်စွဲသည့် ထိုအမှုအပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မြေယာရယူမှု၊ အဆောက်အအုံဆောက်လုပ်မှုနှင့် သက်ဆိုင်သည့် အဂတိမှု သုံးမှုတို့ဖြင့်ပါ စွပ်စွဲထားသည်။

ထိုအဂတိမှုလေးမှုကို နေပြည်တော်ရှိ သီးသန့်တရားရုံးသို့ မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်းက နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် လာရောက် ရုံးထိုင်စစ်ဆေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကို သတင်းဌာနများက ဆက်သွယ်မေးမြန်းသော်လည်း စစ်ကောင်စီက ပြောရေးဆိုခွင့် ပိတ်ထားသဖြင့် တရားခွင်အတွင်း ပြောဆို ဖြစ်ပျက်သည့် ကိစ္စများကို ပြောပြခြင်း မရှိပေ။ 

မဲစာရင်းအကြောင်းပြ၍ အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်ကြီးများက ဆန့်ကျင်ကန့်ကွက်သူများကို အဆက်မပြတ် ဖမ်းဆီးနှိပ်စက်လျက်ရှိသည်။

စစ်ဆေးမေးမြန်းစဉ် ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းသည့် စစ်ကောင်စီတပ်လက်ချက်ကြောင့် အဖမ်းခံရပြီး၂၄ နာရီအတွင်း အချုပ်ခန်းအတွင်း သေဆုံးရသူ ၆၆ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသမျှ ပြုစုထားသည့် ဩဂုတ်လအထိ စာရင်းအရ သိရသည်။

အာဏာသိမ်းထားသည့် ၉ လကျော်အတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသူ ၁၂၅၈ ဦးထက်မနည်း ရှိကြောင်း၊ ဆက်လက်ဖမ်းဆီးခံရသူ ၇၂၀၂ ဦးထက်မနည်း ရှိကြောင်း AAPP က ယနေ့ ထုတ်ပြန်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button