သတင်း

ဦးဖြိုးမင်းသိန်း စွပ်စွဲသည့်အမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင် ၅ နှစ်ချ

ရွှေနှင့် ငွေများပေးရသည်ဆိုသော ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်ကို အခြေခံကာ စစ်ကောင်စီက စွပ်စွဲထားသည့် အဂတိမှုအတွက် နေပြည်တော်ရှိ သီးသန့်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်  ၅ နှစ် ကျခံစေရန် ယနေ့ (ဧပြီ ၂၇) တွင် အမိန့်ချလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာ ပေးခဲ့ရသည်ဟု NLD ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စွပ်စွဲသော အမှုဖြစ်သည်။

“မကျေနပ်ဘူးလို့ကို ပြောတယ်။ အယူခံကို ဆုံးခန်းတိုင်အောင်တက်ပါတဲ့” ဟု ယနေ့ (ဧပြီ ၂၇) အမိန့်ချပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး တစ်လအကြာတွင် ၎င်းတို့ ထိန်းသိမ်းထားသည့် ဦးဖြိုးမင်းသိန်းက ထိုသို့ထုတ်ပြောသည်ဟု စစ်ကောင်စီက ရုပ်သံထုတ်လွှင့်ပြသရာ ယင်းမှာ လိမ်လည်ထွက်ဆိုခြင်းသာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံးတွင် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်း၏ တရားခွင်က ၂၀၂၁၊ အောက်တိုဘာ ၁ရက်တွင် ထိုအမှုကို စတင်ကြားနာခဲ့ပြီး ၇ လကျော်အကြာတွင် ယခုကဲ့သို့ အမိန့်ချမှတ်ခြင်းဖြစ်သည်။

အပတ်စဉ် တရားရုံးချိန်းများအတွင်း ဦးဖြိုးမင်းသိန်းက အဓိကသက်သေ၊ ဇနီး ဒေါ်ခင်မိမိကြွယ်က သက်သေတစ်ဦးအဖြစ် စစ်ကောင်စီဘက်မှ ထွက်ဆိုခဲ့ကြသော်လည်း မည်သည့်နေ့ရက်တွင် မည်သို့ပေးခဲ့ရသည်ဟု တိကျစွာ မပြောနိုင်ဟု တရားခွင်နှင့် နီးစပ်သူများက အတည်ပြုထားသည်။

လာဘ်ယူခဲ့သည်ဆိုသော ထိုစွပ်စွဲချက်တွင် သက်သေခံပစ္စည်းတစ်ခုမျှ တင်သွင်းနိုင်ခြင်းမရှိ၊ တရားခွင်အတွင်း ဦးဖြိုးမင်းသိန်းမှာ အသံကျယ်ကျယ်ပင် မထွက်ရဲဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးခင်မောင်ဇော်က ပြောခဲ့သည်။

စစ်ကောင်စီက ရှေ့နေများကို သတင်းဌာနများသို့ ပြောရေးဆိုခွင့် မပိတ်မီ ၂၀၂၁၊ အောက်တိုဘာတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

ထိုအမှုနှင့် ပတ်သက်၍ အယူခံဆက်တက်မည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ၂၀၁၉ က ရန်ကုန်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် တွေ့ရသည့် ဦးဖြိုးမင်းသိန်း။ (ဓာတ်ပုံ-EPA)

ပြည်သူမဲပေးရွေးချယ်ထားပြီး NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၊ တည်ဆဲအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နေပြည်တော်၊ လျှို့ဝှက်နေရာတစ်ခုတွင် ၎င်းတို့ ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၇ မှုဖြင့် စွပ်စွဲထားပြီးဖြစ်သည်။

၂၀၂၁၊ ဒီဇင်ဘာလအတွင်း အမှု ၂မှုအတွက် ထောင် ၄ နှစ် ပထမဆုံးအမိန့်ချမှတ်စဉ်က ညတွင်းချင်းပင် ထက်ဝက်ပြန်လျှော့သည်။ ယခု ဦးဖြိုးမင်းသိန်းစွပ်စွဲချက်အပါအဝင် ၆ မှုကို သုံးကြိမ်ခွဲ၍ အမိန့်ချပြီးဖြစ်ရာ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်အထိရှိပြီဖြစ်သည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများမြင့်တက်နေချိန်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ၌ နိုင်ငံရေးဩဇာတိက္ကမကြီးသူ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အမှုများ တစ်ခုပြီးတစ်ခု အမိန့်ချနေသည်။

ထိုအခြေအနေတွင် ပြည်သူအချင်းချင်း ညီညွတ်ကြရန်၊ အမြင်မတူသည်များကို ဆွေးနွေးအဖြေရှာကြရန် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၈ ရက်ရုံးချိန်းတွင် မှတ်ချက်ပြုခဲ့ကြောင်း တရားခွင်နှင့် နီးစပ်သူက ပြောထားသည်။

ယနေ့ရုံးချိန်းအတွင်း အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်သည်ဟု ၎င်းထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)​​

Show More

Related Articles

Back to top button