
ဦးသိန်းစိန်ဦးဆောင်သည့် ယခင်အစိုးရလက်ထက်တွင် ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် သုံးစွဲခဲ့သည့် ငွေများထဲမှ နိုင်ငံတော်ဘဏ္ဍာသို့ပြန်လည် ပေးသွင်းရန် ကျပ်သန်း ၃၂၀၀ နီးပါးကျန်ရှိနေသေးကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူကဆိုသည်။
တိုင်းနှင့်ပြည်နယ်များတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့များက ရယူသုံးစွဲခဲ့သောငွေများကို အစိုးရသစ်ထံ ပြန်လည်လွှဲပြောင်းရာတွင် ကျန်ရှိနေသည်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရ လက်ထက်က သုံးစွဲခဲ့သည်ဆိုသော အဆိုပါ “ဒေသဖွံ့ဖြိုးရေး” ရန်ပုံငွေဆိုသည့် ငွေကြေးများမှာ မည်သည့်လုပ်ထုံးလုပ်နည်းဖြင့် မည်သူကခွင့်ပြုကာ မည်သည့်နေရာမှ ရရှိခဲ့သည့် ရန်ပုံငွေများဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်းမသိရပါ။
ကရင်ပြည်နယ်တွင် ကျပ် ၁၅၀၉ ဒသမ ၅၅၄ သန်း၊ မန္တလေးတိုင်းတွင် ကျပ် ၃၂၂ သန်း၊ ရန်ကုန်တိုင်းတွင် ကျပ် ၁၃၂၂ ဒသမ ၆ သန်း၊ ရှမ်းပြည်နယ်တွင် ကျပ် ၁၆ ဒသမ ၅ သန်းရရန်ရှိသေးကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်သီက နေပြည်တော် ဇွန် ၈ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“စာရင်းစစ်ကထောက်ပြထားတဲ့ငွေတချို့ ပြန်လည်ပေးသွင်းတာ မပြီးပြတ်သေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး သမ္မတရုံးကလည်း အမြဲတမ်းနှိုးဆော်နေပါတယ်။ အခုနောက်ဆုံးအခြေအနေကို တောင်းခံထားပြီး သမ္မတရုံးကို ပြန်လည်တင်ပြဖို့ ဆောင်ရွက်ဆဲဖြစ်ပါတယ်”ဟု အဆိုပါဌာန၏ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက ပြောသည်။
မီးလင်းရေး၊ လျှပ်စစ်ဓာတ်အားဖော်ထုတ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ထုတ်ယူသုံးစွဲခဲ့ကြခြင်းဖြစ် သည်ဟုဆိုသော်လည်း မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တို့ဖြစ်ကြောင်းကိုမူ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။
ယင်းနှင့်ပတ်သက်၍ အသေးစိတ်ကို သိရှိနိုင်စေရန်အတွက် နိုင်ငံတော်သမ္မတရုံး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း အစိုးရတို့ထံ ဆက်သွယ်မေးမြန်းရန် Myanmar Now က ကြိုးစားသော်လည်း ယနေ့ ညနေ ၄ နာရီအထိ မေးမြန်းခွင့်မရသေးပေ။
ယင်းကြောင့်အစိုးရဟောင်းလက်ထက်မှ ကြွေးကျန်များကို မည်သည့်ကာလတွင် နောက်ဆုံးပေးသွင်းရမည်၊ ပေးသွင်းခြင်းမရှိပါက မည်သို့အရေးယူဆောင်ရွက်မည် တို့ကိုလည်း မေးမြန်းနိုင်ခြင်းမရှိပေ။
အစိုးရအကူးအပြောင်းတွင် ပြီးခဲ့သည့် အစိုးရလက်ထက်၌ သုံးစွဲခဲ့သောဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ နိုင်ငံ့ဘဏ္ဍာသို့ပြန်လည်ပေးသွင်းရန် ပျက်ကွက်မှုများအနက် ၂၀၁၇ ခုနှစ်အတွင်း စစ်ဆေးတွေ့ရှိခဲ့သည့် မကွေး တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ၏ ကျပ် ၇ ဘီလျံကျော်ကိစ္စမှာ အထင်ရှားဆုံးဖြစ်သည်။
အဆိုပါ ငွေကျပ် ၇ ဘီလျံကျော်တွင် ၃ ဘီလျံကျော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရွှေသုခအသေးစား ငွေချေးလုပ်ငန်းက ရယူသုံးစွဲခဲ့ခြင်းဖြစ်ပြီး ယင်းငွေကြေးများကို ဦးဘုန်းမော်ရွှေက ၁၁ ကြိမ်ခွဲပြီး အရစ်ကျပြန်လည်ပေးသွင်းခဲ့ကြောင်း ကျန် ၄ ဘီလျံကျော်မှာ ဒေသဖွံ့ဖြိုးရေးအတွက်အသုံးပြု သည်ကိုတွေ့ရှိရကြောင်း RFA သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ယင်းအပြင် ဦးသိန်းစိန်အစိုးရလက်ထက်၌ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းဦးသိန်းအောင်က ဧရာဝတီပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသို့ လွှဲပြောင်းသုံးစွဲခဲ့သည့် ကျပ် ၅ ဘီလျံကျော် ကို လက်ရှိအစိုးရက ပြန်လည်တောင်းခံရမှုမှာလည်း လူသိများခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ပြီးနောက် ထိုစဉ်ကတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်၏ တိုင်းအစိုးရအဖွဲ့က ဧရာဝတီတိုင်း ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဟူ၍ ဖွဲ့လိုက်ပြီး ယခင်ဖောင်ဒေးရှင်းအဟောင်းမှ ငွေများ ဖောင်ဒေးရှင်းအသစ်သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ယင်းငွေများမှာလည်း လက်ရှိအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။
ပြန်ရငွေများကို ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အတွင်း သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရများ သုံးစွဲနိုင်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ သတ်မှတ်ပေးထားကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် တာဝန်ရှိသူများကဆိုသည်။