သတင်း

ရဲတပ်ဖွဲ့ အလွဲသုံးခဲ့သည့် ကျပ်သိန်း ၄,၂၀၀ နီးပါးကို နိုင်ငံတော် ပြန်မရသေးဟုဆို

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွင်း ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်း ၆,၀၀၀ ကျော် အလွဲသုံးစားမှုလုပ်ခဲ့ပြီး ယင်းပမာဏအနက် ကျပ်သိန်း ၄,၂၀၀ နီးပါးကို နိုင်ငံတော်က ပြန်လည်မရရှိသေးကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ သိရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဒုတိယတွဲ အစီရင်ခံစာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်

ပြန်မရသေးသည့် ရဲတပ်ဖွဲ့၏ အဆိုပါ အလွဲသုံးငွေ ကျပ်သိန်း ၄,၂၀၀ နီးပါးမှာ ရှမ်းပြည်နယ်၊ ဟိုပန်ခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယင်းငွေများကို ပြန်လည်ရရှိရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အတတ်နိုင်ဆုံးကြိုးပမ်းသင့်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။

ဟိုပန်ဖြစ်စဉ်တွင် တရားခံပြေးဖြစ်သည့် ယင်းရဲတပ်ဖွဲရုံး၏ စာရေးအဆင့်-၁ ရာထူးရှိသူ ဒေါ်နန်းစွမ်းရည်ကို ဖမ်းဆီးရမိရေး၊ ငွေအလွဲသုံးမှုတွင် ဆက်စပ်ပါဝင်သူများ ပိုင်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းခြင်းရှိ၊ မရှိ စစ်ဆေးကာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးတို့ကို ရဲတပ်ဖွဲ့က ဆောင်ရွက်နေကြောင်း ၂၀၁၉ ခုနှစ်အတွင်း ပြန်လည်ရှင်းလင်းထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အတိုးငွေ ၂ ရာခိုင်နှုန်းဖြင့် Bright Team ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နဂျင်းဒါရိုက်တာအား ဒေါ်နန်းစွမ်းရည်က ချေးပေးထားငွေ ကျပ်သိန်း ၅၂၀၊ ရန်ကုန်တွင် ၎င်းဝယ်ထားသည့် ကျပ် ၄၄၅ သိန်းတန် မြေနှင့်အိမ်၊ Bright Team Group of Companies တွင် ဟိုပန်ခရိုင် ရဲမှူးကြီး သီဟန် (ခ) သူရဇော် ထည့်ဝင်ထားသည့် ကျပ်သိန်း ၂၀၀ တန် အစုရှယ်ယာတို့ကို ဝင်ငွေရလမ်း စစ်ဆေးပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ဆေးရန်သင့်၊ မသင့် ရဲတပ်ဖွဲ့က ဆောင်ရွက်ဆဲဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးကိစ္စတွင် စစ်ဆေးပေါ်ပေါက်ချက်များအရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်များကို အမြန်ဆုံးဆောင်ရွက်ရန်၊ စာရေးအဆင့်-၁ ရာထူးသာရှိသည့် ဒေါ်နန်းစွမ်းရည် အလွဲသုံးစားမှု ပြုခဲ့ရာတွင် ကြီးကြပ်သူအရာရှိ၊ ငွေထုတ်သူအရာရှိ၊ ဘဏ်ခွဲမန်နေဂျာတို့ ပေါ့လျော့ခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်နိုင်သည့်အတွက် ၎င်းတို့၏ တာဝန်ရှိမှုကိုပါ ထည့်သွင်းစဉ်းစားသင့်သည်ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ထုတ်ပြန်ကြေညာထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်သီဟထံ Myanmar Now က ဇန်နဝါရီလ ၃၁ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ မန္တလေးမြို့ရှိ အမှတ် (၄) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရွှေစာရံ)၊ စစ်ကိုင်းမြို့ရှိ အမှတ် (၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ ရေနံချောင်းရှိ အမှတ် (၁) ရေနံမြေ လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့တွင် ပေါ်ပေါက်ခဲ့သည့် အလွဲသုံးငွေ စုစုပေါင်း ကျပ်သိန်း ၂,၀၀၀ ကျော်ကို ပြန်လည်ရရှိပြီး ကျူးလွန်ခဲ့သူများကို စိစစ်အရေးယူမှုများလည်း တွေ့ရကြောင်း သိရသည်။

သို့သော်လည်း ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးမှုများကို ကိုင်တွယ်ရာတွင် ကျူးလွန်သူများကို ဥပဒေအရ အရေးယူခြင်းနှင့် အလွဲသုံးငွေ ပြန်ရရေး ဆောင်ရွက်ခြင်းတို့ကို ရဲတပ်ဖွဲ့က သီးခြားစီ ဆောင်ရွက်သင့်ကြောင်း၊ အလွဲသုံးငွေများ ပြန်သွင်းပြီးနောက် အမှုပိတ်သိမ်းရန် မဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အကြံပြုထားသည်။

ဇန်နဝါရီလ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ဒုတိယတွဲအစီရင်ခံစာတွင် ထူးခြားသောစစ်ဆေးတွေ့ရှိချက်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ မဆောင်ရွက်မှုများ၊ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန်တို့ကို အဓိကဖော်ပြထားသည်။

အဆိုပါ ဒုတိယတွဲအစီရင်ခံစာတွင် ဝန်ကြီးဌာန ၉ ခု၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ အကျုံးဝင်သည်။

ဖော်ပြခံရသည့် ဝန်ကြီးဌာနများမှာ ပြည်ထဲရေး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးနှင့်အားကစား၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး တို့ဖြစ်သည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကလည်း အထက်ပါဌာန၊ အဖွဲ့အစည်းများ၏ ရသုံးခန့်မှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှု၊ ငွေစာရင်းကဲ့သို့သော ကိစ္စများနှင့်စပ်လျဉ်း၍ အစီရင်ခံစာပထမတွဲကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်သည်။

Show More

Related Articles

Back to top button