ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်အတွင်း ယမန်နေ့ (ဇွန် ၂၆) ပစ်ခတ်မှုတွင် အငြိမ်းစားရဲအုပ်တစ်ဦး သေဆုံးပြီး ရဲတစ်ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက် ၇ နာရီကျော်တွင် ထိုနှစ်ဦး ဆင်မြီးဆွဲမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်သွားပြီး ဈေးတစ်ခုအနီး ပစ်ခတ်ခံရခြင်း ဖြစ်သည်။
သေဆုံးသူမှာ ရဲအုပ်ရာထူးမှ အငြိမ်းစားယူထားသော အသက် ၄၀ ဝန်းကျင်အရွယ် ကိုစိုးသက်အောင်ဖြစ်ပြီး ဒဏ်ရာရသူမှာ သူနှင့် ဆွေမျိုးတော်စပ်သူ ရဲတပ်ဖွဲ့ဝင် ကျော်ကျော်ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အငြိမ်းစားရဲအရာရှိက ဖြစ်တဲ့နေရာမှာ သေတယ်။ နယ်ထိန်းကတော့ မသေဘူး ဆေးရုံမှာပဲ။ ကျောကုန်း ရှပ်ထိသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော သဲကုန်းဒေသခံတစ်ဦးက ပြောသည်။
“အငြိမ်းစားရဲက စစ်တပ်သတင်းပေး။ မြို့ထဲ တော်လှန်ရေးသတင်းတွေ စုံစမ်းပြီး သမီးယောက်ဖနှစ်ယောက် ပေါင်းပြီး လုပ်ချင်ရာလုပ်နေတာ” ဟု ၎င်းက ဆိုသည်။
ဒဏ်ရာရသွားသူသည် နယ်ထိန်းရဲတို့၏ ထုံးစံအတိုင်း လောင်းကစားလုပ်ငန်းအပါအဝင် တရားမဝင်လုပ်ငန်းများထံမှ ဆက်ကြေးကောက်ခံသူဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပစ်ခတ်ခံရသူနှစ်ဦးနှင့် ပတ်သက်သည့် ပြောဆိုချက်များကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း ထိုတိုက်ခိုက်မှုအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပေါင်းတည်မြို့နယ်အခြေစိုက် အမှတ် (၃၆၀၁) တပ်ရင်း၊ တပ်ခွဲ (၄) မှ ဒေါင်းစစ်သည်အဖွဲ့က ၎င်းတို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
ထိုပစ်ခတ်မှုကြောင့် သဲကုန်းမြို့နယ်နှင့် ဆင်မြီးဆွဲမြို့တို့တွင် စစ်ကောင်စီလက်နက်ကိုင်များ ပိတ်ဆို့ စစ်ဆေးနေခြင်းမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု သဲကုန်းဒေသခံနောက်တစ်ဦးက ပြောသည်။
“အထက်က တရားခံမမိသေးဘူးလားဆိုရင် တွေ့တဲ့သူကို သူတို့က တရားခံလုပ်ပြီး ဖမ်းမှာ။ အဲဒီအတွက် ဒီရက်ပိုင်း ဒေသခံတွေအနေနဲ့ သတိထားစေချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ဧပြီ ၁၉ ရက်ကလည်း သဲကုန်းမြို့နယ်တွင် နယ်ထိန်းရဲတပ်သား ဇေယျာအောင် ပစ်သတ်ခံရသည်။ အရှင်ဖမ်းဆီးသော်လည်း ခုခံသဖြင့် ပစ်ခတ်ခဲ့သည်ဟု PDF က သတင်းထုတ်ပြန်ဖူးသည်။
အလားတူ ဇွန် ၂၅ ကလည်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ပေါင်းတည်မြို့နယ်၊ လက်ပံခုန်ကျေးရွာနှင့် မအူကွင်းကျေးရွာကြား ယာယီ စခန်းချနေသော စစ်ကောင်စီတပ်ကို အမှတ် (၃၆၀၁) တပ်ရင်း၊ အဖွဲ့ (၁) Tiger စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ထားသည်။
နံနက် ၁၀ နာရီကျော်ခန့်က ဖြစ်ပွားသော ၁၀ မိနစ်ခန့်ကြာ ထိုပစ်ခတ်မှုတွင် MA3 ကျည်ဘောက် (၁) ခု၊ စက်ကလေးကျည်ဘောက် (၁) ခု၊ 5.56 ကျည်အတောင့် ၂၀ သိမ်းဆည်းရမိသလို ယူနီဖောင်းတချို့၊ အရပ်ဝတ်နှင့် သွေးစွန်းနေသော ပတ်တီးစများ တွေ့ရှိခဲ့သည်ဟု ဓာတ်ပုံများနှင့် ထုတ်ပြန်ထားသည်။
ယမန်နှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဆက်စပ်နေသော ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် PDF လှုပ်ရှားမှု သိသိသာသာ များပြားလာပြီးနောက် ယခုနှစ်အတွင်း ရိုးမကို ပိုမိုအခြေပြု လှုပ်ရှားလာကြသည်။
KNU တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်များ၊ PDF များက စစ်ကောင်စီကို တိုက်ခိုက်နေရာ တိုက်ပွဲဧရိယာသည် ပဲခူးတိုင်းအတွင်း ကျယ်ပြန့်လာနေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)