အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်အဖွဲ့ခေါင်းဆောင် ထောင်မှ ပြန်လွတ်လာ

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန် ထမ်းဆောင်စဉ် အနီးကပ်လုံခြုံရေးအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့် ရဲအုပ် ပြည့်ဖြိုးနိုင်သည် မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှ ယနေ့ (ဇူလိုင် ၅) နံနက်ပိုင်းတွင် ပြန်လွတ်လာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထပ်မံအနိုင်ရသည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ရဲအုပ် ပြည့်ဖြိုးနိုင်ကို စစ်ကောင်စီက နေပြည်တော်ရှိ ဝန်ထမ်းလိုင်းခန်းတစ်ခုတွင် အကျယ်ချုပ်သဘော ထိန်းသိမ်းထားခဲ့သည်။

၂၀၂၁ စက်တင်ဘာတွင် ရဲစည်းကမ်းဖောက်ဖျက်သည်ဟု စွပ်စွဲကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ၎င်းကို ထောင် ၃ နှစ် ချပြီး နေပြည်တော်မြောက်ဘက် မိုင် ၅၀ ကျော်အကွာရှိ ရမည်းသင်းအကျဉ်းထောင်သို့ စစ်ကောင်စီက ပို့ထားသည်။

လွတ်ရက်စေ့သဖြင့် ပြန်လွတ်လာခြင်း ဖြစ်သည်ဟု ရမည်းသင်းထောင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ပြစ်ဒဏ်ပြည့်လို့ လွတ်တာ၊ ဒီအတိုင်းလွှတ်တာမဟုတ်ဘူး။ တရားဝင်ပေါ့။ လျှော့တဲ့ ထောင်ရက် အကျဉ်းထောင်ဥပဒေကရတဲ့ လျှော့ရက်နဲ့ပေါ့” ဟု သူက ပြောသည်။

ပြန်လည်လွတ်မြောက်လာချိန်တွင် ရဲအုပ် ပြည့်ဖြိုးနိုင်၏ ကျန်းမာရေး ကောင်းမွန်နေပြီး ယနေ့ (ဇူလိုင် ၅) မွန်းလွဲပိုင်းတွင် ဇနီးနှင့် သမီးရှိရာ မိသားစုနေအိမ်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း၊ အသေးစိတ် ထုတ်ဖော်ပြောဆိုလိုခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာသည်အထိ NLD အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အများအပြားကို စစ်ကောင်စီက ပုဒ်မမျိုးစုံဖြင့် စွပ်စွဲ၍ နှစ်ရှည်ထောင်ဒဏ်များ ချထားသည်။

နေပြည်တော်အချုပ်ထောင်တွင် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင် ပုဒ်မ ၁၉ ခုဖြင့် ထောင် ၃၃ နှစ် ချခံထားရသည်။ ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန် ထမ်းဆောင်စဉ် ရဲအုပ် ပြည့်ဖြိုးနိုင်နှင့်အတူ အနီးကပ်လုံခြုံရေးအဖြစ် တာဝန်ယူခဲ့သည့် ဒုရဲအုပ် ချယ်ရီထက်၊ လုံခြုံရေးအရာရှိ၊ သမ္မတရုံး ဒုညွှန်မှူး ဦးအောင်နိုင်ဦးတို့ကို စစ်ကောင်စီက စွပ်စွဲချက်မျိုးစုံဖြင့် ထောင်ဒဏ်များချကာ ရမည်းသင်းအကျဉ်းထောင်တွင် ချုပ်နှောင်ထားဆဲဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button