သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရဲကင်းကို ကာကွယ်ရေးအဖွဲ့များတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မြောက်ဘက် ၁၈ မိုင်ခန့်အကွာ ထားဝယ်အထူးစီးပွားရေးဇုန်ကို လုံခြုံရေးပေးနေသည့် စစ်ကောင်စီ၏ ရဲကင်းစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့ ၅ ခုက ယခုလ (ဒီဇင်ဘာ ၂၄) မနက်ပိုင်းတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ရွာအနီးရှိ ထိုစခန်းကိုသိမ်းပိုက်ရန် တစ်နာရီကျော်ကြာ စီးနင်းတိုက်ခိုက်သော်လည်း ခံစစ်အခိုင်အမာပြင်ထား၍ မအောင်မြင်ခဲ့ကြောင်း ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DGRF) မှ ကိုမိုးသီး အမည်ရ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။​ 

“အရမ်းနီးကပ်နေပြီ။ သံဆူးကြိုးကို ဖြတ်ဝင်ပြီးတော့ အထဲထိ ရောက်နေပြီ။ တော်တော်ကြီးကို နီးကပ်နေပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်တက်မယ်ဆိုရင် ရဲဘော်တွေ ထိခိုက်နိုင်ခြေရှိတယ်။ အဲဒီအတွက် လုံခြုံရေးအတွက် ကျွန်တော်တို့ ပြန်ဆုတ်လာခဲ့တာ” ဟု ၎င်းက ဆိုသည်။

အင်အား ၂၀ ဝန်းကျင်ရှိ ထိုရဲကင်းကို ကာကွယ်ရေးအဖွဲ့များက ၄၀ မမ လောင်ချာ၊ လက်နက်ငယ်များ ပစ်ခတ်၍ ထိုးဖောက်ရန် ကြိုးစားသော်လည်း ဘန်ကာနှင့် အဆောက်အအုံထဲမှ ရဲများက အပြင်းအထန် ပြန်လည်ခုခံခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ထိုတိုက်ပွဲတွင် ရဲနှစ်ဦး ကျည်ထိမှန်လဲကျသည်ကို တွေ့ရပြီး ကျဆုံးမှုအသေးစိတ်ကို မသိရကြောင်း၊ ဒေသကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

ဘဏ္ဍာရေးဆိုင်ရာအကျပ်အတည်းကြောင့် ဆယ်စုနှစ်နှင့်ချီ ကြန့်ကြာနေသည့် ထိုစီမံကိန်းတွင် ထိုင်းအလုပ်သမားများအတွက် စစ်ကောင်စီက လုံခြုံရေးပေးနေခြင်းဖြစ်သည်ဟု ကျားသစ်နက် အဓိပ္ပာယ်ရသည့် ဒေသတွင်းတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၆၀ မမ ရှိမယ်လို့ မမှန်းထားဘူး။ မမှန်းထားဘဲ တက်သွားတော့ အဲ့ဘက်က ပြန်ထုတဲ့အချိန်မှာ ကျွန်တော်တို့လည်း ဆုတ်ခဲ့ရတယ်” ဟု ထို တာဝန်ရှိသူက ဆိုသည်။ 

တိုက်ပွဲဖြစ်သည့် ထိုနေ့ညပိုင်းတွင် နဘုလယ်ကျေးရွာနှင့် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသလို ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးသည်ဟု သိရကြောင်း ဒေသခံအချို့ကို ကိုးကား၍ ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်တပ်မှာ အခြားဒေသများနည်းတူ နိုင်ငံတောင်ဘက်စွန်းရှိ တနင်္သာရီတိုင်းတွင်လည်း ပြင်းထန်သော လက်နက်ကိုင်ပုန်ကန်တော်လှန်မှုများကို ရင်ဆိုင်နေရသည်။

ယခုလ ၅ ရက်တွင် စစ်ကောင်စီတနင်္သာရီတိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွက် ထားဝယ်-ထီးခီးလမ်းမပေါ်တွင် လုံခြုံရေးယူရန် ရောက်လာသည့် အင်အားရာဂဏန်းရှိ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ 

၂၀၀၈ တွင် စတင်သည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် စီမံကိန်းစတင်ချိန်က ဧက ၅၀၀၀၀ နီးပါးရှိ စီမံကိန်းဧရိယာတစ်ခုလုံးအတွက် အီတာလျံထိုင်းကို လုပ်ပိုင်ခွင့်ပေးခဲ့သော်လည်း ကုမ္ပဏီ၏ ဘဏ္ဍာငွေအကျပ်အတည်းကြောင့် ရှေ့မဆက်နိုင်ဖြစ်ခဲ့သည်။ 

အာဏာမသိမ်းမီ ဇန်နဝါရီတွင် ထိုင်းအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီသည် လုပ်ငန်းကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးတာဝန်များ ပျက်ကွက်ခြင်းနှင့် ဘဏ္ဍာငွေကြေးအထောက်အထား မပြသနိုင်ခြင်း စသည့် အားနည်းချက်များကြောင့် လုပ်ကိုင်ခွင့်ရပ်ဆိုင်းခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စီမံကိန်းဆက်လက်လုပ်ဆောင်မည်ဟု ပြောထားပြီး ပြီးခဲ့သည့် နိုဝင်ဘာလဆန်းတွင် စီမံကိန်းကို သွားရောက်ခဲ့သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button