ဆောင်းပါး

အကျိုးစီးပွား၊ သေနတ်သမားတချို့နှင့် ရန်ကုန်မှ မြေလုပွဲများ

၅၆ နှစ် အရွယ် ခင်မောင်လွင် (ခ) ဝကြီးသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပဒံကျေးရွာ၊ ဆန်စက်လမ်းရှိ သူ၏နေအိမ်တွင် သေနတ်သမားတချို့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။

သေနတ်သမားတို့က ခြံစည်းရိုးခတ်ခ လက်ကျန်ငွေ သိန်းသုံးရာကျော် လာရောက်တောင်းခံရစဉ် ဝကြီးကို အနီးကပ်ပစ်သတ်ခဲ့သည်၊ ယင်းနောက် အောင်မင်းဦးဆိုသူကို လက်ထိတ်ခတ်ကာ ဖမ်းခေါ်သွားသည်ဟု ရဲနှင့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။

Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် လုံခြုံရေးတပ်ဖွဲ့တစ်ခု၏ ကနဦးအစီရင်ခံစာတစ်စောင်တွင် ခြံစည်းရိုးခတ်ခအဖြစ် သိန်း ၇၀ ပေးချေထားပြီး ကျန်ငွေ သိန်း ၃၃ဝ နှင့် ပတ်သက်ပြီး အချေအတင်ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

ယခုအခင်းဖြစ်ပွားသည့် နေရာသည် ဒေသခံ လယ်သမားတချို့၊ လွှတ်တော်အမတ်ဟောင်းတစ်ဦးနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နေရာဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ကရင်ပြည်နယ်မှ ခြေဆန့်လာသူများ

အခင်းဖြစ်ပွားချိန်တွင် အတူရှိနေခဲ့သည့် ကိုသန်းဇော်က သေနတ်သမားများနှင့် ၄င်းတို့ ဖမ်းခေါ်သွားခဲ့သူ အောင်မင်းဦးတို့ကသာ သိကျွမ်းကြခြင်းဖြစ်သည်၊ ဝကြီးနှင့် သိကျွမ်းခဲ့ခြင်း မရှိ၊ ငွေစာရင်းရှင်းစရာလည်း မရှိသော်လည်း ဝင်ရောက်ဖြေရှင်းရာမှ ကြားညပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အောင်မင်းဦးသည် ကရင်ပြည်နယ်တွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ်တစ်ခု၏ တပ်ဖွဲ့ဝင်တစ်ယောက်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ကိုသန်းဇော်က ပြောသည်။ တစ်ခါတစ်ရံတွင် ကရင်အမျိုးသားအစည်းအရုံးတွင် တပ်ဖွဲ့ဝင် ဖြစ်ဖူးသည်ဟုလည်း ပြောသည်ဟု ဆိုသည်။

သေနတ်သမားများသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ မှ တပ်ဖွဲ့ဝင်များဖြစ်နိုင်သည်ဟု အောင်မင်းဦး၏ ပြောစကားများအား ကိုးကားပြီး ကိုသန်းဇော်က ပြောသည်။

သို့သော် KNU တပ်မဟာ(၇) ပြောရေးဆိုခွင့်ရှိသူကမူ ဖမ်းဆီးခံရသူများသည် ၎င်းတို့၏ တပ်သားများမဟုတ်ဟု ဆိုသည်။

“ဒီလို နာမည်ခံပြီးလုပ်တာတွေက များနေတော့ ရိုးတောင်နေပြီ။ တချို့က လက်နက်တွေကို နယ်စပ်က ဝယ်ပြီးတော့ KNU အမည်ခံပြီး လုပ်စားနေကြတာ စိတ်ပျက်စရာပဲ” ဟု ကရင်ပြည်နယ် ဘားအံအခြေစိုက် KNU ဆက်ဆံရေးရုံးတာဝန်ခံ စောအယ်ထီးက ပြောသည်။

လက်နက်ကိုင်အဖွဲ့ ပါဝင်ပတ်သက်ကြောင်း ဖော်ပြထားသည့် ကြော်ငြာ ဆိုင်းဘုတ် (ဓာတ်ပုံ – Myanmar Now)


ကိုသန်းဇော်သည် အခင်းမဖြစ်ပွားမီ နာရီပိုင်းအလိုကမှ ယင်းအိမ်သို့ ရောက်ခဲ့ခြင်းဖြစ်ပြီး သူရောက်ချိန်တွင် အောင်မင်းဦး၊ သူ၏အစ်ကိုကဲ့သို့ ရင်းနှီးခဲ့သည့် မိတ်ဆွေ ဝကြီးတို့လည်း ရှိနေခဲ့သည်။ သေနတ်သမားတို့သည် စာသင်ကျောင်း၊ စက်ရုံများ၊ လူနေအိမ်များကြား တည်ရှိသည့် ပေ၂ဝဝ ပတ်လည်ခန့် ခြံထဲမှ အဆိုပါ အိမ်ဆီသို့ နံနက် ၁၁နာရီခွဲခန့်တွင် ရောက်လာခဲ့သည်ဟု ကိုသန်းဇော်က ပြောသည်။ ၎င်းတို့သည် အိမ်ရှေ့ကွန်ကရစ်လမ်းပေါ် ရပ်ထားသည့် တက္ကစီပေါ်မှ ဆင်းလာကြခြင်းဖြစ်ပြီး ကားပေါ်တွင် အနည်းဆုံး ၂ ဦး ကျန်ခဲ့သည်၊ လူ ခုနစ်ယောက် ပါဝင်လာဖွယ်ရှိသည်ဟု အိမ်နီးနားချင်းတချို့က ခန့်မှန်းသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယာဉ်မောင်းနှင့် ယာဉ်ကို သေနတ်သမားတို့က ကျပ် ၅၀,၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုသန်းဇော်က လူ၂ယောက်သည် အဝင်အထွက်လမ်းများကို စောင့်ကြည့်ခဲ့ပြီး ၃ယောက်သည် အောင်မင်းဦးကို သေနတ်ဒင်များဖြင့် ထုနှက်ကာ ပိုက်ဆံ ချက်ချင်းထုတ်ပေးရန် တောင်းဆိုခဲ့သည်ဟု ပြောသည်။

“(သေနတ်ဒင်နဲ့) မထုခင်မှာ အောင်မင်းဦးကို မင်း ပိုက်ဆံတွေ ဘယ်လိုလုပ်မလဲဆိုပြီး မေးတော့ ကိုဝကြီးက ဖုန်းဆက်ပြီး တောင်းပေးမယ် သူ့ကိုတော့ မလုပ်ပါနဲ့ဆိုပြီး ဝင်ပြောတယ်။ သူတို့က ဒီကောင်ရှုပ်တဲ့ အရှုပ်ဆိုပြီးတော့ အောင်မင်းဦးကို ထိုးတယ်” ဟု ကိုသန်းဇော်က ပြောသည်။

သေနတ်သမားများနှင့် စောအောင်မင်းဦး တို့သည် ကရင်စကားဖြင့် အပြန်အလှန်ပြောဆိုခဲ့ကြပြီးနောက် ကြားဝင်ဖြေရှင်းပေးရန် ကြိုးစားသည့် ဝကြီးကို အနီးကပ်ပစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပစ်ခတ်မှု ဖြစ်ပွားသည့်နေအိမ် (ဓာတ်ပုံ – Myanmar Now)

မျှော်လင့်မထားသော သေနတ်သံ ၂ ချက်ကို အနီးရှိ အထည်ချုပ်စက်ရုံမှ “ဗြောက်အိုးဖောက်သံ” များ ဖြစ်သည်ဟု ဒေသခံတို့က ထင်ခဲ့ကြကြောင်း Myanmar Now သတင်းထောက်များအား လိုက်လံပို့ဆောင်ပေးသည့် အပြင်ပဒံကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမားက ပြောသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ သေနတ်သမားများထဲတွင် တွံတေးမြို့ မင်းပိုင်းရပ်ကွက်မှ ၃၉ နှစ်အရွယ် စောလမွန်(ခ) ကိုစောဆိုသူ ပါဝင်သည်။

၎င်းတို့သည် ဝကြီးကို ပစ်ခတ်ခဲ့ပြီးနောက် အောင်မင်းဦးကို ဖမ်းဆီးခေါ်ဆောင်ကာ မအူပင်မြို့ဘက်သို့ သွားသည့် ကားလမ်းအတိုင်း ထွက်ခွာသွားခဲ့သည်ဟု ရဲက ဆိုသည်။

ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်း ရဲက အခင်းဖြစ်ပွားခဲ့သည့်နေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် သေနတ်သမားများအား ယာဉ်မောင်းမှတဆင့် ခြေရာခံခဲ့သည်။

အခင်းဖြစ်ပြီး ၃ နာရီခွဲခန့် အကြာတွင် သေနတ်သမားများ ဖမ်းဆီးသွားသည့် အောင်မင်းဦးကို ရဲက တွံတေးမြို့နယ်၊ ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲတစ်ခုအတွင်း ဒဏ်ရာများနှင့် ရှာတွေ့ခဲ့သည်ဟု သိရသည်၊ နောက်တစ်နေ့တွင် အောင်မင်းဦး ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သည်။

ဈေးကြီးလှသည့် ခြံစည်းရိုးခတ်ခများ

လှိုင်သာယာမြို့နယ်မှ ခြံစည်းရိုးခတ်ခများသည် သိန်းရာချီတန်ကြေးပေါက်သည်။

ဒေသခံများက “ခြံစည်းရိုးခတ်ခ” ဆိုသည်ထက် “ခြံစည်းရိုးခတ်ရန်အတွက် လုံခြုံရေးကြေး” ဟု ခေါ်ဆိုလျှင် ပိုမိုသင့်တော်မည်ဟု ပြောကြသည်။

ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နေရာကို ခြံခတ်ပါက ဆန့်ကျင်ဘက်အုပ်စုတစ်စုက ဝင်ရောက်မနှောင့်ယှက်ရန်အတွက် လူတချို့က လုံခြုံရေးဝန်ဆောင်မှုပေးကြသည်မှာ မထူးဆန်းသည့်ကိစ္စဖြစ်နေကြောင်း လှိုင်သာယာဒေသခံများက ဆိုသည်။

ယင်းနေရာကို လွန်ခဲ့သည့် ရက်အနည်းငယ်က သေနတ်သမားများ ဦးဆောင်သည့် ဒါဇင်နှင့်ချီသောသူတို့က ခြံလာခတ်ကြကြောင်း ဒေသခံများက ပြောသည်။

ခြံစည်းရိုးခတ်ကြစဉ်က “ကရင်အမျိုးသားအစည်းအရုံး – KNU” အလံနှင့် “ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးအဖွဲ့ – မြဝတီခရိုင်” ဟူသော ဆိုင်းဘုတ်များ ထောင်ခဲ့ကြသော်လည်း ရက်အနည်းငယ်အတွင်း ပြန်ဖြုတ်ချခဲ့သည်။

လယ်သမားများက ‌တောင်းဆိုသောကြောင့် သူတို့ လာရောက်အကူအညီပေးခဲ့ခြင်းဖြစ်ကြောင်းလည်း အဆိုပါ ဆိုင်းဘုတ်တွင် ရေးသားထားသည်။

၎င်းတို့သည် ဆေးရုံတွင် သေဆုံးသွားသည့် အောင်မင်းဦး၏ အဆက်အသွယ်ဖြင့် ရန်ကုန်ကို ရောက်လာခဲ့ပြီး ခြံခတ်ရန်အတွက် လုံခြုံရေးတာဝန်ယူသူများဖြစ်သည်ဟု ကိုသန်းဇော်က ဆိုသည်။

အဆိုပါမြေနေရာကို ခြံခတ်ရန်အတွက် ရန်ကုန်အခြေစိုက် ဝါဝါဝင်းကုမ္ပဏီကလည်း မကြာခဏ ကြိုးစားခဲ့သည်ဟု ဒေသခံများနှင့် ကိုသန်းဇော်၏အဆိုအရ သိရသည်။

“ဝါဝါဝင်းက ပိုက်ဆံပေးမယ်ဆိုပြီးတော့ ခြံခတ်ခိုင်းတာ။ ခြံဘယ်တုန်းက ခတ်လဲဆိုတာတော့ မသိလိုက်ဘူး။ ဒါက သူတို့ဖြစ်ပြီးတော့မှ ကျွန်တော်သိရတာ။ ကျွန်တော်ကိုလည်း CID ကလည်း ခေါ်စစ်ထားတယ်။ ကျွန်တော်လည်း ဖြေပေးထားတယ်” ဟု ကိုသန်းဇော်က ပြောသည်။

သို့သော် သေနတ်သမားများ၊ သေဆုံးသူများနှင့် ဝါဝါဝင်းကုမ္ပဏီတို့အကြား ဆက်နွှယ်မှုရှိမရှိကို Myanmar Now က သီးခြားအတည်ပြုချက် မရသေးပါ။

အငြင်းပွားဖွယ်ရာ မြေနေရာအနီးရှိ ဆောက်လုပ်ရေးဆိုင်းဘုတ်တစ်ခုတွင် အိမ်ရာစီမံကိန်းတစ်ခုအတွက် ဧက ၃ဝဝ ကျော်ကို Royal Lotus ကုမ္ပဏီက ရန်ကုန်စည်ပင်ခွင့်ပြုချက်ဖြင့် ခြံခတ်နေသည်ဟု ဖော်ပြထားသည်။ ဝါဝါဝင်းနှင့် Royal Lotus တို့သည် ရန်ကုန် လသာမြို့နယ်ရှိ အဆောက်အအုံတစ်ခုတည်းတွင် ရုံးဖွင့်ထားသည်။

Myanmar Now က အဆိုပါရုံးများကို သွားရောက်မေးမြန်းရာ မှတ်ချက်ပေးရန် ငြင်းဆန်ကြသည်။

လှိုင်သာယာမြို့နယ် သောင်ကြီးရဲစခန်းမှူး ရဲအုပ်မြင့်ဇော်ဦးက ရဲတပ်ဖွဲ့က ဝါဝါဝင်းနှင့် Royal Lotus ကုမ္ပဏီဘက်ကို ခေါ်ယူမေးမြန်းကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ်ပြောကြားရန် ငြင်းဆန်ခဲ့သည်။

ရှုပ်ထွေးလှသည့် အဆိုပါအမှုကို ရန်ကုန် အင်းစိန်မှ CID မှုခင်းရဲတပ်ဖွဲ့က ကိုင်တွယ်နေကြောင်း သိရသည်။

လာမည့်ရက်အနည်းငယ်အတွင်း စစ်ဆေးမှုများပြီးဆုံးပါက အဖြေပေါ်မည်ဟု လှိုင်သာယာမြို့နယ် သောင်ကြီးရဲစခန်းမှူး ရဲအုပ်မြင့်ဇော်ဦးက Myanmar Now ကို ပြီးခဲ့သည့် သောကြာနေ့က ပြောကြားခဲ့သည်။

လှိုင်သာယာမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဦးမြတ်မင်းသူက ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ယင်းနေရာသည် လယ်ယာမြေအငြင်းပွားမှု မကြာခဏ ပေါ်ပေါက်လေ့ရှိသည့် နေရာဖြစ်ကြောင်း ပြောသည်။ ပစ်ခတ်မှုတွင် နောက်ကွယ်မှ ပြဿနာများရှိနေနိုင်ကြောင်း ၄င်းက ခန့်မှန်းထားပြီး ဖြစ်စဉ်အစအဆုံး သိရှိရန် ရဲ၏ ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေသည်ဟု ပြောသည်။

“ဖြစ်စဉ်ရဲ့နောက်ကွယ်မှာတော့ ရှုပ်ထွေးတဲ့ ကိစ္စတွေ ရှိနေနိုင်သေးတယ်။ ဒါတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ရင်တော့ သိရမှာပေါ့” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ။

Show More

Related Articles

Back to top button