သတင်း

စစ်ဗိုလ်ချုပ်များနေသည့် ဥတ္တရသီရိမြို့နယ်တွင် ၃ လောင်းပြိုင် လူသတ်မှုဖြစ်

လုံခြုံရေးတင်းကျပ်ထားသော နေပြည်တော်တွင် ၃ လောင်းပြိုင်လူသတ်မှု ဖြစ်ခဲ့သည်၊ သံသယတရားခံတို့ကို ၂ ရက်အကြာတွင် ဖမ်းမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စစ်ဗိုလ်ချုပ်များ၊ စစ်ကောင်စီအရာရှိများနေထိုင်ပြီး လုံခြုံရေးတင်းကျပ်ထားသည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၃ လောင်းပြိုင်လူသတ်မှု ဩဂုတ်လ ၁၀ ရက်တွင် ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်း၊ အကွက်အမှတ် ၅၉၅၈ တွင် နေထိုင်ကြသည့် ၄၉ နှစ်အရွယ် ဦးသန်းနိုင်ထွန်း၊ ဇနီးဖြစ်သူ ၄၈ နှစ်အရွယ် ဒေါ်စောသန္တာဦး၊ သားဖြစ်သူ ၂၉ နှစ်အရွယ် ကိုနောင်ရွှေအုပ်စိုးတို့ ဖြစ်သည်။

Ractis အမျိုးအစား မော်တော်ယာဉ်နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို သတ်ဖြတ်သူတို့က ယူဆောင်သွားသည်၊ မော်တော်ယာဉ်ကို ပျဉ်းမနားမြို့နယ်တွင် ပြန်လည် သိမ်းဆည်းမိသည်ဟု စစ်ကောင်စီ ထိန်းချုပ်ထားသည့် သတင်းစာများက ယနေ့ (ဩဂုတ် ၁၄) တွင် ဖော်ပြသည်။

လူသတ်မှုကျူးလွန်သူများဟု ရဲတပ်ဖွဲ့က စွပ်စွဲထားသူများထဲမှ ဝင်းမင်းသူ (ခ) ဖိုးလပြည့်ကို ဩဂုတ် ၁၂ ရက်နေ့က ရန်ကုန်မှ ချောက်သို့ သွားမည့် ခရီးသည်ယာဉ်တစ်စီးပေါ်တွင် ဖမ်းမိသည်၊ ရဲထက်ကျော်ဆိုသူကို ရန်ကုန်၊ လှည်းကူးမြို့နယ်တွင် ဖမ်းမိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုလူငယ် ၂ ဦးသည် သေဆုံးသူ ကိုနောင်ရွှေအုပ်စိုး၏ သူငယ်ချင်းများဖြစ်ကြသည်ဟုလည်း ဆိုသည်။

ရဲတပ်ဖွဲ့က ဖမ်းမိထားသည်ဆိုသော သံသယတရားခံများ။

အခင်းဖြစ်သည့် ညက ကိုနောင်ရွှေအုပ်စိုးနေအိမ်တွင် အရက်သောက်ကြပြီးနောက် အသင့်ယူလာသည့် သစ်သားတုတ်၊ ဓားများဖြင့် အိမ်ရှင်မိသားစုကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

သံသယတရားခံများသည် ဆိုင်ကယ်အသစ်ဝယ်ရန် ငွေကြေးလိုအပ်ချက်ကြောင့် သူငယ်ချင်းမိသားစုကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

ကျူးလွန်သူများကို ဥတ္တရသိရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းတွင် (ပ) ၃၉/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၃၄ လူသတ်မှုဖြင့် အမှုဖွင့်ထားသည်။

အခင်းဖြစ်ခဲ့သည့် ဥတ္တရသိရိမြို့နယ်သည် ဌာနဆိုင်ရာအရာရှိ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစား စစ်ဗိုလ်ချုပ်များနှင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းများ နေထိုင်သည့် မြို့နယ်ဖြစ်သည်။ ယင်းမြို့နယ်တွင် ရာဇသင်္ဂဟအိမ်ရာ (၁) နှင့် (၂) ရှိပြီး ထိုအိမ်ရာများကိုလည်း ဝင်ထွက်သွားလာခွင့် တင်းကျပ်ထားသည်။

ယုခနှစ် မေလအတွင်းကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီသမားကို ဓားဖြင့် ခုတ်သတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်နှင့် ရွှေဆိုင်များကို ဝင်ရောက်လုယူမှုတချို့လည်း ပေါ်ပေါက်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို ဆန့်ကျင်သူတို့ အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံနေကြသဖြင့် စစ်ကောင်စီလက်နက်ကိုင်များ အန္တရာယ်ကျရောက်လာရာ နေပြည်တော်ရှိ ရဲစခန်းများသည်လည်း သဲအိတ်များ၊ သံဆူးကြိုးများဖြင့် ကာရံထားသည်ကို တွေ့ရသည်။

နေပြည်တော်ဒေသခံ အမျိုးသားတစ်ဦးက တရားဥပဒေစိုးမိုးမှုမှာ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း အားနည်းလာသည်ဟု မှတ်ချက်ပြုသည်။

“ရဲတွေတောင် သူ့ဘာသူ မကာကွယ်နိုင်တာ၊ ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်ဖို့ဆိုတာ ဝေးသွားပြီ။ လူမသိဘဲ လုယက်ခံရတာတွေ၊ ရဲနဲ့ မပတ်သက်ချင်လို့ မတိုင်တဲ့ ခိုးဆိုးလုယက်မှုတွေလည်း အများကြီးပဲရှိတယ်” ဟု သူက ပြောသည်။

Show More

Related Articles

Back to top button