အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ကြိုးတန်းလမ်းလျှောက်နေရသည့် တပ်ချုပ်

၂၀၂၁ ခုနှစ် အာဏာသိမ်းခေါင်းဆောင်၏ လက်ထောက်များထဲမှ တစ်ဦးမှာ စစ်တပ်တွင် အမြင့်ဆုံးရာထူး ရနေသော်လည်း "အစမ်းခန့်"ကာလကို ဖြတ်သန်းနေရပုံ ပေါ်နေသည်။

နိုင်ငံအနှံ့ တပ်ရင်းတပ်ဖွဲ့ အစည်းအဝေးခန်းမများတွင် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဓာတ်ပုံများ ယနေ့တိုင် နေရာမရသေးပေ။ ရာထူးလွှဲပြောင်းပြီး နှစ်လကျော်လာသည့်တိုင် နံရံထက်တွင် ယခင်စစ်ခေါင်းဆောင်တို့၏ပုံများကိုသာ တွေ့နေရသည်။ 

စစ်တပ်တွင် တပ်ချုပ်အသစ်တစ်ဦး ပေါ်လာခဲ့သော်လည်း အာဏာဗဟိုချက် အပြောင်းအလဲ မဖြစ်သေးသည်ကို ထိုဓာတ်ပုံများက ပြသနေသည်။ 

စစ်ရေးလေ့လာသူများကလည်း  မတ်လကုန်ပိုင်းက  ပေါ်ပေါက်ခဲ့သည့် တပ်ချုပ်ရာထူးအပြောင်းအလဲသည်  အပေါ်ယံ ရွှေ့ကွက်တစ်ခုမျှသာ ဖြစ်နေကြောင်း၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်ဝတ်ပြောင်းဝတ်ကာ သမ္မတအဖြစ် နိုင်ငံရေးအာဏာကို ဆက်လက်ဆုပ်ကိုင်ထားသလို၊ စစ်တပ်အတွင်းရှိ ဩဇာအာဏာကိုလည်း မစွန့်လွှတ်သေးသဖြင့်  ဗိုလ်ချုပ်ကြီးရဲဝင်းဦးမှာ “တကယ့်တပ်ချုပ်လား၊ ဟန်ပြတပ်ချုပ်လား” ဆိုသည့် မေးခွန်း ပေါ်ပေါက်နေရကြောင်း သုံးသပ်နေကြသည်။ 

နှစ်လသား တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်တပ်ကို နေ့စဉ် စီမံခန့်ခွဲနေသည့် တပ်ချုပ်အသစ် ဖြစ်လာသော်လည်း စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ထိပ်တန်းရာထူးခန့်အပ်မှုများနှင့် တပ်ပိုင်းဆိုင်ရာ မူဝါဒများကို အာဏာသိမ်းခေါင်းဆောင်က ထိန်းချုပ်ထားဆဲဖြစ်သည်ဟု လေ့လာသူတို့က ထောက်ပြကြသည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း  မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို စိတ်တိုင်းကျ စီစဉ် ဆောင်ရွက်ခဲ့သော အာဏာသိမ်းခေါင်းဆောင်သည် ဟန်ပြရွေးကောက်ပွဲပြုလုပ်ကာ အရပ်ဝတ်လဲပြီး နောက်ပိုင်းတွင်လည်း ဆက်လက်ချုပ်ကိုင်ထားသည်ဟု  လုံခြုံရေးအရ အမည်မဖော်လိုသည့် အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောကြားသည်။

“မင်းအောင်လှိုင်က တပ်ချုပ်တင် မဟုတ်ဘူး၊ အကုန်လုံး သူကိုင်ထားတာ။ ဥပဒေပြုရေးမဏ္ဍိုင်ကိုလည်း သူပဲကိုင်ထားတာလေ။ မဏ္ဍိုင်ကြီး သုံးရပ်ကိုလည်း ချုပ်ကိုင်ထားသလို တပ်ကိုလည်း သူပဲချုပ်ကိုင်ထားတာ၊ အလုံးစုံပေါ့။ အကြွင်းမဲ့အာဏာ အကုန်လုံးက သူ့ဆီမှာပဲ ထားတာ” ဟု သူက ပြောကြားသည်။

မတူညီသည့် အာဏာလွှဲပြောင်းမှုနှစ်ခု(၂၀၁၁ နှင့် ၂၀၂၆)  

တပ်ချုပ်အသစ်၏ သြဇာအာဏာရှိမှုအခြေအနေကို နားလည်နိုင်ရေးအတွက် ဗိုလ်ချုပ်ကြီးများ၏  ၂၀၁၁ ခုနှစ် အာဏာလွှဲပြောင်းမှုနှင့် နှိုင်းယှဉ်ကြည့်ရန် လိုအပ်သည်။

ထိုစဉ်က တပ်ချုပ်ရာထူးကို ၁၈ နှစ်ကျော်ကြာ ဆုပ်ကိုင်ထားသည့်၊ အာဏာသိမ်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ၏ထိပ်တန်းဗိုလ်ချုပ်ကြီးများကို အရပ်ဝတ်လဲစေပြီး လွှတ်တော်၊ အစိုးရအဖွဲ့တို့၏ အရေးပါဆုံးသော နေရာများ ရယူရန် စီစဉ်လိုက်သည်။ တပ်ချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လက်ထဲ​ ထည့်လိုက်သည်။ 

စစ်ရေး၊ နိုင်ငံရေး နယ်ပယ်နှစ်ခုလုံးမှ အာဏာရှင်ကြီး နောက်ဆုတ်သွားသည်ကို မြင်ရသည့် ထိုအပြောင်းအလဲများသည် စစ်တပ်က မြန်မာ့နိုင်ငံရေးကို ခြယ်လှယ် ချုပ်ကိုင်နိုင်သည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အချိန်ယူ ရေးဆွဲ ပြဋ္ဌာန်းပြီးနောက် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်ချုပ်ဖြစ်လာသည်နှင့် စစ်တပ်အတွင်း ကိုယ်ပိုင်ဩဇာကို တဖြည်းဖြည်းတည်ဆောက်လာသည်။  အသက် ၅၈ နှစ်အရွယ် တပ်မှ အနားယူရတော့မည့် အချိန်တွင် တပ်ချုပ် တာဝန်ထမ်းဆောင်နိုင်သူ၏ အသက်ကန့်သတ်ချက်ကို ၆၀ မှ ၆၅ နှစ်သို့ ပြောင်းလဲလိုက်သည်။ အသက် ၆၅ နှစ် ပြည့်တော့မည့်အချိန်တွင် အသက်ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်သည့်နည်းဖြင့် သူ၏ တပ်ချုပ်သက်တမ်းကို ဆွဲဆန့်လိုက်ပြန်သည်။  

၂၀၁၁ ခုနှစ်အပြောင်းအလဲများ အစပြုစဉ်က သမ္မတရာထူး ရယူရသော ဦးသိန်းစိန်သည် စစ်တပ်အပေါ်ကို တိုက်ရိုက်ဩဇာ မရှိခဲ့ပေ။ ထို့ကြောင့် တပ်ချုပ်သည် သမ္မတ၏ သဘောထားနှင့် မကိုက်ညီသည့် စစ်ရေးမူဝါဒများကိုပင် အကောင်အထည် ဖော်နိုင်ခဲ့သည်။ 

ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟု ထင်ရှားသည့် ရခိုင်၊ တအာင်း/ပလောင်၊ ကိုးကန့်တပ်များ  အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ထိုးနိုင်မည့် အစီအစဉ်ကို တပ်ချုပ်က ဟန့်တားသည့် ဖြစ်ရပ်တွင် တွေ့နိုင်သည်ဟု အကြောင်းသိသူတစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်က အဲ့ဒီသုံးဖွဲ့ကို လုံးဝကြည့်မရဘူး။ ဒီ သုံးဖွဲ့ဟာ EAO အဆင့် (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဆင့်) မဟုတ်ဘူး။ အကြမ်းဖက်အဆင့်ဖြစ်တယ်ဆိုပြီး သူက တင်းတင်းမာမာ ရပ်တည်တဲ့အခါကျတော့ ဦးသိန်းစိန်က အဲ့ဒီ သုံးဖွဲ့ကို လက်မခံရဲတော့ဘူး”ဟု ထိုစဉ်ကာလ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပြောချင်တာက မင်းအောင်လှိုင်က တချို့ကိစ္စတွေမှာ သမ္မတကို ကလန်ကဆန်လုပ်တဲ့ သဘောမျိုးပေါ့။ ဆိုလိုတာက အဲ့ဒီလိုမျိုး တပ်ချုပ်က ပါဝါအပြည့်ရှိတဲ့အခါကျတော့ တစ်ဖက်က သမ္မတက လိုက်လျောပေးရတယ်” ဟု ဦးသိန်းစိန်အစိုးရအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။

ဦးသန်းရွှေ၏လုပ်ရပ်နှင့် မတူသည်မှာ ဦးမင်းအောင်လှိုင်သည် သူ၏ သစ္စာခံလူယုံများကို လွှတ်တော်နှင့် အစိုးရအဖွဲ့တွင် ဖြန့်ခွဲနေရာချထားပေးရုံသာမက  နိုင်ငံရေးအာဏာ၏ အမြင့်ဆုံးနေရာဖြစ်သည့် သမ္မတရာထူးကို ဆက်လက်ရယူထားခြင်း ဖြစ်သည်။  

ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည်   အာဏာဗဟိုချက်ကို ဆက်လက်ကိုင်တွယ်ထားဆဲ သူ၏ဆရာ လက်အောက်တွင် တပ်ချုပ် ဖြစ်လာသည်။

တပ်ချုပ်သစ် နောက်ကြောင်း

စစ်တက္ကသိုလ်ကျောင်းဆင်းများသာ နေရာရတတ်သည့် စစ်တပ်တွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းဆင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စစ်တပ်၏ အကြီးဆုံးရာထူး ရရှိသွားခြင်းက စစ်တပ်အတွင်း ထူးခြားချက် ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တွင် သူ့ဆရာ တိုင်းမှူးဖြစ်ချိန်၊ သူက ထိုဒေသတွင်း ယာယီတပ်ရင်းမှူးအဖြစ် တာဝန်ကျရာမှ ၎င်းတို့နှစ်ဦး နီးစပ်ခဲ့သည်။

ထို့နောက် ရာထူးတက်သွားပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် G1 ဟု အတိုကောက် ခေါ်ကြသည့် စစ်ဦးစီးမှူး (ပထမတန်း)အဖြစ် တာဝန်ကျချိန် ၂၀၁၂၊ ၂၀၁၃ ခုနှစ်များအတွင်း မိသားစုချင်းရင်းနှီးမှု ပိုရလာခဲ့သည်ဟု ထိုအခြေအနေကို သိရှိသည့် အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောသည်။

ထိုကာလက ရန်ကုန်အမှတ်(၂)စစ်ဆေးရုံတွင် သူ့ဆရာ၏ ယောက္ခမဖြစ်သူ တစ်နှစ်ခွဲခန့်ကြာ ကုသမှုခံယူခဲ့ရပြီး၊ ရဲဝင်းဦး၏ဇနီး ဒေါ်နီလာက နေ့စဉ် လူနာစောင့် လုပ်ပေးခဲ့သည်ဟု ဆိုသည်။ 

မြန်မာစစ်တပ်တွင် အထက်အရာရှိ၏ အိမ်အလုပ်များကို လက်အောက်ငယ်သား မိသားစုက အခမဲ့ သွားရောက်ကူညီလုပ်ကိုင်ပေးရခြင်းမှာ လုပ်ရိုးလုပ်စဉ် ဖြစ်နေရာ ထိုသို့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု၊ ဆရာတပည့်ရင်း ဆက်ဆံရေးကပင် တပ်ချုပ်အထိ ရာထူးအဆင့်ဆင့်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု စစ်ရုံးနှင့်နီးစပ်သူများက ယူဆကြသည်။

သူတို့နှစ်ဦးမှာ အပြန်အလှန် ဆရာမွေး၊ တပည့်မွေးခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းတို့၏ရင်းနှီးမှုကို သိရှိထားသူ တပ်အရာရှိဟောင်းတစ်ဦးက ပြောသည်။

“ရဲဝင်းဦးကကျတော့ မင်းအောင်လှိုင်ကို ငယ်ကြောက်လို ဖြစ်တယ်။ အဲ့ဒီလိုဖြစ်တဲ့အခါကျတော့ အခု တပ်ချုပ်နဲ့ သမ္မတ ဆက်ဆံရေးဟာ ရာထူးအရသာ တပ်ချုပ်နဲ့ သမ္မတလို့ ပြောပေမယ့် ငယ်ဆရာ၊ ငယ်ကြောက်လို ဖြစ်တယ်” ဟု သူက ပြောသည်။

တပ်ချုပ်သစ်၏ သြဇာ  

ဦးမင်းအောင်လှိုင် တပ်ချုပ်ဖြစ်ကာစက တပ်တွင်းစည်းရုံးရေး၊ ခံစားခွင့်တိုးမြှင့်မှု၊ နိုင်ငံခြားခရီးစဉ်များ၊ မူဝါဒအပြောင်းအလဲများကို ကိုယ်တိုင်ဦးဆောင်ကာ စစ်တပ်အတွင်း ကိုယ်ပိုင်ဩဇာ တည်ဆောက်နိုင်ခဲ့သည်။

ထို့အပြင် စစ်တိုင်းမှူးများ၊ တပ်မမှူးများကဲ့သို့သော မြေပြင်စစ်ဆင်ရေးမှူးများနှင့် ထောက်လှမ်းရေးယန္တရားကို   နှစ်ပေါင်းများစွာ အချိန်ယူပြီး ကြီးကြပ် တည်ဆောက်ထားပြီး ဖြစ်သည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် တပ်အရာရှိများဖြင့် စုဖွဲ့ထားသော မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးအဖွဲ့(MDSI) မှ စစ်ဘက်သုတေသနတာဝန်ခံ ဗိုလ်မှူးနောင်ရိုးက 

တပ်ချုပ်ဟောင်းမှာ အသက် ၆၀ အရွယ် တပ်ချုပ်သစ်ကို ဆက်လက် သြဇာကြီးမားနေဦးမည်ဟု သုံးသပ်သည်။

“လက်ရှိ တပ်ချုပ်သစ်အပေါ်မှာ ပုဂ္ဂိုလ်ရေး ဩဇာအာဏာကော၊ နိုင်ငံရေး၊ စစ်ရေးအရ ဩဇာအာဏာ ပါဝင်ပတ်သက်မှုက ပိုပြီးတော့ ကြီးကြီးမားမား ဆက်ရှိမယ့် အနေအထားလို့ ပြောလို့ရပါတယ်” ဟု ဗိုလ်မှူးနောင်ရိုးက ပြောသည်။

“လက်ရှိ တပ်ချုပ်သစ် ရဲဝင်းဦးဟာ သူ့ဆရာ မင်းအောင်လှိုင် အမိန့်ကို တိုက်ရိုက် ငြင်းဆန်၊ ကန့်ကွက်တာမျိုးတော့ မလုပ်နိုင်ဘူး”  

တပ်ချုပ်အသစ် ခန့်အပ်ခံရပြီး နှစ်လကျော်ကြာလာချိန်အထိ စစ်တပ်အတွင်း ထင်ရှားသည့် မူဝါဒ၊ ဖွဲ့စည်းပုံ အပြောင်းအလဲများကို မတွေ့ရသေးသော်လည်း စစ်ဆင်ရေးပိုင်းတွင် လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်စစ်ကြောင်းများကို ပေါင်းစပ်အသုံးပြုသည့် စိတ်ဓာတ်စစ်ဆင်ရေးအခြေပြု ထိုးစစ်ပုံစံ ပိုမိုတွေ့မြင်လာရသည်ဟု စစ်တပ်ထဲတွင် နှစ်(၂၀)ခန့် တာဝန်ထမ်းခဲ့သည့် CDM တပ်အရာရှိ ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

ထိုသို့သော စစ်ဆင်ရေးအပြောင်းအလဲများသည် တပ်ချုပ်ဟောင်းလက်ထက် အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်နေခြင်းသာ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ တော်လှန်ရေးအင်အားစု အားကောင်းသည့် ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ်သို့ အင်အားထောင်ချီ စေလွှတ်ကာ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ စစ်ဘက်ရေးရာဌာနတာဝန်ခံ ဦးဩဇာကလည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေကြောင်း ပြောသည်။

“အတင်းအဓမ္မစုဆောင်းထားတဲ့ လူငယ်တွေကို စစ်ကြောင်းတွေဖွဲ့၊ အသေခံခိုင်းပြီး နယ်မြေစိုးမိုးမှုပြန်ရဖို့ ကြိုးစားနေတာ” ဟု ဦးဩဇာက ဆိုသည်။

စစ်တပ်ထဲတွင် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံကို ချိတ်ဆွဲပြီး အလေးထားကြသည်။ စစ်တပ်၏ ရုပ်မြင်သံကြား၊ သတင်းစာမျက်နှာများတွင် ဖော်ပြထားချက်အရ  ယခင်တပ်ချုပ်များထဲမှ အောင်ဆန်း၊ နေဝင်း၊  သန်းရွှေ၊ မင်းအောင်လှိုင် စသည့် ဗိုလ်ချုပ်ကြီးများ၏ ဓာတ်ပုံများကိုသာ ဆက်လက် ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ 

ထိုဓာတ်ပုံလေးပုံကို တွဲလျက် ချိတ်ဆွဲခဲ့သည်မှာ အာဏာသိမ်းခေါင်းဆောင်၏ အစီအမံ ဖြစ်သည်ဟု  နေပြည်တော်စစ်ရုံးနှင့်နီးစပ်သည့် အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်က သူတပ်ချုပ် ဖြစ်ပြီးတဲ့အခါမှာ ဓာတ်ပုံလဲတယ်။ အရင်တုန်းက ဦးသန်းရွှေပုံပဲ ချိတ်နေရာကနေ သူ့ပုံကိုပါ ထည့်ချိတ်ခိုင်းတယ်။ သူ့တစ်ပုံထဲ ထပ်တိုးဆိုရင် မကောင်းမှာစိုးလို့ ဆိုပြီးတော့မှ ဦးနေဝင်းတို့ ပုံတွေပါ ထည့်ပြီးတော့ ချိတ်ပါဆိုပြီး ဖြစ်တယ်” ဟု သူက ပြောသည်။

“အခု ရဲဝင်းဦးက တပ်ချုပ်သာဖြစ်တယ်။ သူ့ပုံကို မချိတ်ခိုင်းရဲဘူး။ ဒါတွေကိုကြည့်ခြင်းအားဖြင့်လည်း ရဲဝင်းဦးက ဟန်ပြပါပဲ” 

စစ်ဆင်ရေးအထူးအဖွဲ့မှူးများ၊ စစ်တိုင်းမှူးများ၊ တပ်မမှူးများ စသဖြင့် အရေးပါသည့် ထိပ်သီးနေရာများတွင် ရှိနေသူတို့မှာလည်း အာဏာသိမ်းခေါင်းဆောင် ရွေးချယ်ခန့်ထားသူများသာ ဖြစ်သည်။

တပ်ချုပ်အသစ်သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စစ်တိုင်းမှူးများကို အပြောင်းအလဲ လုပ်ရဲမည်မဟုတ်သလို စစ်ရေးဆိုင်ရာ အရေးကြီးဆုံးဖြတ်ချက်များကိုလည်း သူ့ဆရာထံ တင်ပြပြီး အမိန့်နာခံရဖွယ်ရှိသည်ဟု စစ်ရေးလေ့လာသူများက တညီတညွတ်တည်း သုံးသပ်ကြသည်။

“ရဲဝင်းဦးအနေအထားနဲ့တော့ အခုအခင်းအကျင်းမှာတော့ အာခံရဲသေးတဲ့ အနေအထားမျိုး မရှိဘူး။ သူကိုယ်တိုင်ပဲ ကြိုးတန်းလမ်းလျှောက်နေရတဲ့ အနေအထားမျိုးပေါ့နော်။ မင်းအောင်လှိုင်က စစ်သေနာပတိချုပ် ပုံစံမျိုးနဲ့ တပ်ချုပ်ကို ပြန်ပြီးတော့ ကိုင်တွယ်ထိန်းကျောင်းနေတာ” ဟု CDM တပ်အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

တပ်ချုပ်အာဏာကို ပြန်ချုပ်ထားသည့် ယန္တရား

တပ်ချုပ်အသစ်၏ လုပ်ပိုင်ခွင့်များ ကန့်သတ်ခံထားရသည်ဟု လေ့လာသူတို့ ထောက်ပြကြသည့်အချက်မှာ  အမျိုးသားလုံခြုံရေးအဖွဲ့၏ ဖွဲ့စည်းပုံ ပြောင်းလဲမှု ဖြစ်သည်။ 

၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ဖွဲ့လိုက်သည့် ထိုအဖွဲ့တွင် တပ်ချုပ်မှာ ဥက္ကဋ္ဌဖြစ်သည်။ မကြာသေးခင် အဖွဲ့ဝင် ၁၀ ဦးမှ ၁၃ ဦးသို့ ပြင်ဆင်ဖွဲ့စည်းလိုက်ရာ တပ်ချုပ်မှာ ဒုတိယ ဥက္ကဋ္ဌ (၂) ဖြစ်သွားသည်။  

ယင်းလုပ်ဆောင်ချက်သည် လုံခြုံရေးဆိုင်ရာ ယန္တရားများကို အာဏာသိမ်းခေါင်းဆောင်က ဆက်လက်ထိန်းချုပ်ထားပြီး၊ တပ်ချုပ်အသစ်၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်၊ လျှော့ချလိုသည့်သဘော ဖြစ်နိုင်ကြောင်း တပ်တွင်းအခြေအနေကို စောင့်ကြည့်နေသူများက သုံးသပ်ကြသည်။

ဗိုလ်ကြီးဇင်ယော်က ဗိုလ်ချုပ်ကြီးရဲဝင်း၏ လက်ရှိအခြေအနေကို ‘အစမ်းခန့်ကာလ’နှင့်ပင် နှိုင်းယှဉ်ပြောဆိုသည်။

“ရဲဝင်းဦးရဲ့ အနေအထားက အစမ်းခန့်ကာလလို့တောင် ပြောလို့ရတယ်။ မကြိုက်လို့ရှိရင် သမ္မတကနေ တပ်ချုပ်ကို ဖြုတ်မယ့် အခင်းအကျင်းမျိုးတွေအထိ ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

လတ်တလောတွင် စစ်တပ်၏ ထိပ်သီးနေရာအားလုံးကို အာဏာသိမ်းခေါင်းဆောင်၏ဩဇာခံများကသာ နေရာယူထားသဖြင့် တပ်ချုပ်အသစ်က အာဏာတည်ဆောက်ရန် အချိန်ယူရဦးမည်ဟု လေ့လာသူတို့က ဆိုသည်။

“သူ့အနေနဲ့ သမ္မတရဲ့ အမိန့်၊ ညွှန်ကြားချက် အခြေအနေတွေအောက်မှာပဲ အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်ရင်းနဲ့ သူ့အခန်းကဏ္ဍနဲ့ ဩဇာအာဏာကို တပ်တွင်းမှာ တဖြည်းဖြည်းချင်း တည်ဆောက်သွားမယ့် အနေအထားမျိုးလို့ မြင်ရတယ်” ဟု ဗိုလ်မှူးနောင်ရိုးက ပြောသည်။

စစ်တပ်သမိုင်းတွင်လည်း စစ်ခေါင်းဆောင်ရာထူးကို ရရှိသွားသူများသည် အချိန်ကြာလာသည်နှင့်အမျှ ကိုယ်ပိုင်အာဏာ တည်ဆောက်လေ့ရှိကြောင်း လေ့လာသူများက ထောက်ပြသည်။

ရဲဝင်းဦးသည်လည်း အချိန်၊ အခွင့်အရေးနှင့် အာဏာတည်ဆောက်နိုင်သည့် အခြေအနေများ ပေါ်ပေါက်လာပါက မတူညီသည့် လမ်းကြောင်းတစ်ခုသို့ ရောက်သွားနိုင်သည်ဟု သုံးသပ်ချက်များလည်း ရှိနေသည်။

ဗိုလ်ကြီးဇင်ယော်က ကျွဲနွားများမှာ ဦးခေါင်းတွင် ချိုထွက်လာမှ အစွမ်းပြနိုင်သကဲ့သို့ ရာထူးသက်တမ်း  နည်းပါးနေသေးသော တပ်ချုပ်အသစ်မှာ အစွမ်းပြရန် အခွင့်မသာသေးကြောင်း သုံးသပ်သည်။

“လျှော့တော့ တွက်လို့မရသေးဘူး။ သူက နှစ်လသားပဲရှိသေးတယ်၊  ချိုမပေါက်သေးလို့၊ ချိုပေါက်ရင်တော့ တပ်ချုပ်ကတော့ တပ်ချုပ် ‘ဇ’ ပြလာမယ့် အနေအထားမျိုးတော့ ရှိတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောလိုက်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button