သတင်း

လွှတ်တော်တွင် ခြေဥမုန်တိုင်း ဆက်လက်တိုက်ခတ်

လွှတ်တော် အသီးသီးတွင် ရွေးကောက်ခံကိုယ်စားလှယ် မဟုတ်သူများ ရှိနေခြင်းကြောင့် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း အာဏာရပါတီမှ အမတ်တစ်ဦးက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

သို့သော်လည်း ထိုပုဒ်မသည် ဒီမိုကရေစီ ဖက်ဒရယ် စံနှုန်းများနှင့် မကိုက်ညီသဖြင့် ပြင်ဆင်ရမည့် ပုဒ်မဖြစ်သည်ဟု အမျိုးသားလွှတ်တော်မှ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)  ကိုယ်စားလှယ် ဦးဇော်မင်းလတ်က ဆွေးနွေးသည်။

ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ သက်သက်နဲ့ မဖွဲ့စည်းနိုင်သေးတဲ့ လွှတ်တော်များကနေ ဝန်ကြီးချုပ်ကို ဆန္ဒမဲပေး ရွေးချယ်မယ်ဆို ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်းသည့် ကိုယ်စားလှယ်ကြီးများရဲ့ ရည်ရွယ်ချက်နဲ့ ကျိုးကြောင်းဖော်ပြချက်ထဲကအတိုင်း အပြည့်အဝ မဖော်ဆောင်နိုင်ဘူးဆိုတာ သေချာပါတယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဇော်မင်းလတ်က ပြောသည်။

အခြေခံဥပဒေပါပြဋ္ဌာန်းချက်အရ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက်ပါဝင်နေသည့် လွှတ်တော်တွင် ထိုသို့သော ဆွေးနွေးချက်မှာ ကြုံတောင့်ကြုံခဲဖြစ်သည်။

သို့သော်လည်း မကြာသေးခင်က စတင်ပြီး ပိုမို လှုပ်လှုပ်ရှားရှားဖြစ်လာသည့် လွှတ်တော်တွင် သူ၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ တုံ့ပြန်ချက်များ ထွက်ပေါ်မလာသေးပေ။

အခြေခံဥပဒေပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေးငြင်းခုံလျက်ရှိရာ ယနေ့ အစည်းအဝေးတွင် အရပ်သားအမတ်များ၊ တပ်မတော်က စေလွှတ်သည့် စစ်အရာရှိများ အများအပြား ဝင်ရောက်ဆွေးနွေးခဲ့ကြသည်။

၂၆၁ ကိုသာ ပြင်ဆင်ရေး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန်း အပါအဝင်  လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက ပြီးခဲ့သည့် ဖေဖော်ဝါရီလက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က ထိုဥပဒေမူကြမ်းကို လက်ခံခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။

မတ်လ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တစ်စောင်ကို တင်သွင်းခဲ့သည်။

ထိုအစီရင်ခံစာကို ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက ပြည်ထောင်စုလွှတ်တော်တွင် ဖတ်ကြားခဲ့သည်။

၎င်းက အခြေခံဥပဒေကို ပုဒ်မ(၁)မှ ပုဒ်မ(၄၅၇)ထိ ပြင်ဆင်သွားရန်အတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ရှိနေပြီးဖြစ်သည့် အတွက် ပြင်ဆင်လိုသည့် အချက်များကို ထိုပူးပေါင်းကော်မတီတွင် ဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပါက ဆက်စပ်နေသည့် ပုဒ်မများကိုပါ ထည့်သွင်းစိစစ် ပြင်ဆင်ရန် လိုအပ်နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ထို့ပြင် ၂၁ ရာစု ပင်လုံညီလာခံမှ အတည်ပြု ထွက်ပေါ်လာသည့် ပြည်ထောင်စုသဘောတူစာချုပ်၏ အရေးအကြီးဆုံး ဖြစ်သည့် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဟူသည့် အချက်နှင့် ကိုက်ညီအောင် အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောသည်။

ထိုသို့ ကိုက်ညီမှု ရှိစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်၏အခြေခံမူများဆိုသည့် အခန်းမှ စတင်ဆွေးနွေးမှသာ ယခု ပြင်ဆင်ရန် တင်သွင်းလာသည့် ပုဒ်မ ၂၆၁  ကို ပြင်ဆင်ရေး ဥပဒေမူကြမ်းနှင့် ရှေ့နောက် ကိုက်ညီမှုရှိမည်ကို တွေ့ရှိရကြောင်း ပြောသည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပါက အခြား ဆက်စပ်ပုဒ်မများကို ပြင်ဆင်ရန် လိုအပ်နေသည့် အချက်ကို ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

၎င်းက အခြေခံဥပဒေပုဒ်မများမှာ တစ်ခုတည်း သီးခြားရပ်တည်နေခြင်း မဟုတ်ဘဲ အခြားပုဒ်မများနှင့် ချိတ်ဆက်နေသည်ဟု ပြောသည်။

ပုဒ်မ ၂၆၂က  ပုဒ်မခွဲ နှစ်ခုကို မပြင်ရင် ဝန်ကြီးတွေကို သမ္မတက ခန့်ရဦးမှာဆိုတော့ ရှေ့နောက် လွဲနေဦးမယ် ဖြစ်ပါတယ်။ ပုဒ်မ ၂၆၃က ပုဒ်မခွဲ (င)ကို မပြင်ရင် လွှတ်တော်က ခန့်ခွင့်ပဲရှိပြီး ဖြုတ်ခွင့် မရှိပြန်ပါဘူးဟု ၎င်းက ပြောသည်။

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်လွင်က ပုဒ်မ ၂၆၁ နှင့် တိုက်ရိုက်ပတ်သက်သည့် ပုဒ်မများ မရှိဘဲ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို တိုင်းနှင့်ပြည်နယ် လွှတ်တော်များက တိုက်ရိုက်ရွေးချယ် ခန့်အပ်ရေးသာရှိကြောင်း မတ်လ ၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဆွေးနွေးပွဲအပြီးတွင် Myanmar Now ကို ပြောသည်။

အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်ပြီး ဘာမှ သွားရောက်ပတ်သက်ခြင်း မရှိပါဘူး။ သီးခြားဆောင်ရွက်လို့ရတဲ့ ဥပဒေမူကြမ်းတစ်ခု ဖြစ်ပါတယ်

စင်ပြိုင်ကော်မတီ

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးခဲ့ပြီး နောက်တစ်ရက်အကြာတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၁၄မဲ ဖြင့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အတည်ပြုပြီး ၂ ရက်အကြာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန်းအပါအဝင် ၁၄၃ ဦးက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ဥပဒေမူကြမ်း  တင်သွင်းခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးသား ရှိနေခြင်းကြောင့် ပြည်ခိုင်ဖြိုး၏ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး တင်သွင်းမှုမှာ အပြိုင်သဘော၊ ယှဉ်ပြိုင်သဘော ဖြစ်နေသည်ဟု ပြောသည်။

၎င်းက ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ပုဒ်မ ၁၉ (ည) အရ ဆွေးနွေးပြီးပြတ်ပြီးသား ကိစ္စကို ထပ်မံတင်ပြခြင်း မပြုရဟု ပြဋ္ဌာန်း ပါရှိခြင်းကြောင့် လွှတ်တော် နာယက အနေဖြင့် မဲခွဲ ဆုံးဖြတ်ပေးရန် ပြောသည်။

အခြေခံဥပဒေတစ်ရပ်လုံးကို လေ့လာသုံးသပ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်မှာ ဆက်စပ်ပုဒ်မများမပါဘဲ ပုဒ်မတစ်ခုတည်းကို ပြင်ဆင် သုံးသပ်ရေးလုပ်ငန်းများ အပြိုင်သဘော၊ ယှဉ်ပြိုင်သဘော ဖြစ်နေမယ်ဆိုရင် လွှတ်တော်ကြီးရဲ့အချိန်ကို ဖြုန်းတီးရာ ရောက်ပါတယ်ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button