မန္တလေး အိုးဘိုထောင်တွင် နိုင်ကျဉ်းအမျိုးသမီးများ ဆိုးရွားစွာ ဖိနှိပ်ခံနေရ

နိုင်ငံရေးအကျဉ်းသူ ၇၀ ကျော်ထဲတွင် စစ်ကောင်စီ၏ နှိပ်စက်မှုကြောင့် ဒဏ်ရာရသူများ ရှိနေသည်၊ ထက်ဝက်ခန့်ကို ထောင်ပြောင်းလိုက်သည်ဟု ကြားသိရကြောင်း မိသားစုဝင်အချို့က ပြောသည်။ 

မန္တလေးအိုးဘိုအကျဉ်းထောင်ကို ၂၀၂၀ ဧပြီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူများထဲမှ အမျိုးသမီး ၇၀ ကျော်ကို စစ်ကောင်စီက ရိုက်နှက်၊ နှိပ်စက်၊ အစာဖြတ် စသည့် နည်းမျိုးစုံသုံး၍ ဆိုးရွားစွာ ဖိနှိပ်နေသည်ဟု စုံစမ်းသိရှိရသည်။

နိုင်ကျဉ်းအမျိုးသမီးများကို ထောင်အာဏာပိုင်တို့က ဖေဖော်ဝါရီလဆန်းမှစ၍ နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ပြီး ပြင်ပမှ အစားအစာပို့ခွင့် (ထောင်ဝင်စာ) ပိတ်ထားသလို အခန်းကျဉ်းထဲတွင် တစ်ဦးချင်း ပိတ်လှောင်ထားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မိသားစုဝင်အချို့ထံမှ သိရသည်။

ထို့ပြင် အိုးဘိုထောင်မှ နိုင်ကျဉ်းအမျိုးသမီးထက်ဝက်ခန့်ကို မန္တလေးမြို့ တောင်ဘက် မိုင် ၂၀၀ နီးပါးအကွာ မကွေးတိုင်းရှိ မကွေးအကျဉ်းထောင်၊ မိုင် ၃၀၀ ကျော်ဝေးသည့် ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တို့သို့ ခွဲ၍ ပို့လိုက်သည်ဟုသာ သတင်းကြားရပြီး အသေးစိတ်ကို စုံစမ်း၍ မရဟု ၎င်းတို့က ပြောသည်။

မကြာသေးမီ ရက်ပိုင်းက အိုးဘိုအကျဉ်းထောင်အတွင်းမှ လျှို့ဝှက်ပေးပို့သော “အဖိနှိပ်ခံ အကျဉ်းသားများ” ဟု ခေါင်းစဉ်တပ်ထားသည့် စာတစ်စောင်တွင်လည်း စစ်ကောင်စီ၏ ဆိုးရွားသော ရက်စက်မှုများကို ဖော်ပြထားသည်။

ပြင်ပမှ စစ်ကောင်စီ တော်လှန်ရေးအင်အားစုများထံသို့ ပေးပို့သော၊ မင်အပြာရောင်ဖြင့် ရေးသားထားသော ထိုစာရွက်ဖြတ်ပိုင်းတွင် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် အမျိုးသမီးအဆောင် အမှတ် ၁ နှင့် ၂ တို့၌ အကျဉ်းသူအချင်းချင်း အငြင်းပွားမှုတစ်ခုဖြစ်သည်ကို အစပြု၍ ထောင်ဝန်ထမ်းတို့က နိုင်ကျဉ်းအမျိုးသမီးများကို နှစ်ရက်ဆက်တိုက် နှိပ်စက်သည်ဟု ဖော်ပြထားသည်။

လျှပ်စစ်ကျဉ်စက်၊ နံပါတ်တုတ်၊ ဝါးရင်းတုတ်၊ သံတုတ်၊ လောက်လေးခွများဖြင့် ထောင်ဝန်ထမ်းတို့က အကျဉ်းသူတို့ကို တိုက်ခိုက်ကြောင်း၊ ထိုဖြစ်စဉ်တွင် အကျဉ်းသူ ၃ ဦး အပြင်းအထန် ဒဏ်ရာရကာ ၇၀ ကျော် တိုက်ပိတ်ခံရသည်ဟု ရေးထားသည်။

တိုက်ပိတ်ခြင်းဆိုသည်မှာ လေဝင်လေထွက်၊ အလင်းရောင်တို့ မရှိသလောက် နည်းပါးသော အခန်းကျဉ်းတွင် ပိတ်လှောင်ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် နိုင်ငံရေးပုဒ်မဖြင့် ထောင် ၁၅ နှစ် ချခံထားရသည့် အမျိုးသမီးတစ်ဦး နားရွက်တွင် ပြတ်ရှဒဏ်ရာရခဲ့သော်လည်း ဆေးကုသခွင့် မရဟု ကြားသိရ၍ စိတ်ပူနေရကြောင်း ထိုနိုင်ငံရေးအကျဉ်းသူ၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။

“ကျွန်တော်တို့လည်း စိတ်ပူနေတာ၊ ဘာသတင်းအစအနမှကို ထွက်မလာတော့လို့။ တိုက်ပိတ်တယ်ဆိုပြီး နောက်ဆုံးကြားလိုက်ရတာပဲ။ ထောင်ပြောင်းတဲ့အထဲ ပါမပါတော့ မသိရသေးဘူး။ ထောင်ဝင်စာလည်း ပိတ်ခံထားရတယ်” ဟု ၎င်းက ပြောသည်။

အမည်မဖော်လိုသည့် အမျိုးသမီးနောက်တစ်ဦးကလည်း ထိုဖြစ်စဉ်အတွင်း သူ၏ သမီး နှာခေါင်းရိုးကျိုးသွားသည်ဟု ကြားရသော်လည်း အသေးစိတ်ကို ထောင်အာဏာပိုင်များထံ မေး၍မရသေးသလို အစားအစာနှင့် ပစ္စည်းပို့ခွင့်လည်း အပိတ်ခံလိုက်ရသည်ဟု ပြောသည်။

“ဘာသတင်းမှလည်း မကြားရတော့ဘူး။ ဘာဖြစ်လို့ ဖြစ်နေမှန်းလည်း မသိရဘူး။ ထောင်ဝင်စာ တစ်လပိတ်ခံရတယ်၊ နောက် ထောင်ပြောင်းလိုက်တယ်ပဲ ကြားရတော့တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များသို့ ရောက်နေသူများကို မိသားစုနှင့် တွေ့ခွင့်မပေးဘဲ ပိတ်ပင်ထားသည်။

နိုင်ငံအနှံ့ရှိ ထောင်များတွင် အကျဉ်းသားအများအပြားကို စစ်ကောင်စီက ညှဉ်းပန်းနေသည်ဟူသော သတင်းများ မကြာခဏထွက်ပေါ်နေသော်လည်း သတင်းအများစုမှာ အတည်ပြုရန် ခက်ခဲနေဆဲ ဖြစ်သည်။

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူတို့ကို စစ်ကောင်စီက နှိပ်စက်ညှင်းပန်းနေသည်ဆိုသည့်သတင်း မှန်ကန်သည်ဟု အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ယနေ့ (မတ် ၇) တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်၍ သတင်းထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် နိုင်ငံအနှံ့အကျဉ်းထောင်များတွင် မန္တလေးအိုးဘိုထောင်သည် အရက်စက်ဆုံး၊ အဖိနှိပ်ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံး အကျဉ်းထောင်ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မန္တလေးအခြေစိုက် အမျိုးသမီးရှေ့နေတစ်ဦးက အဆိုပါရှင်းလင်းပွဲတွင် ဝေဖန်သည်။

အမှုကိစ္စဖြင့် အကျဉ်းထောင်တွင်းတရားရုံး၌ ရှိနေချိန် သေနတ်ဖြင့် ချိန်ခံရသည့် ဖြစ်စဉ်များပင် ကြုံဖူးသည်ဟု အထက်ပါ အမျိုးသမီးရှေ့နေက ဆိုသော်လည်း အသေးစိတ်မသိရပေ။

“မင်းတို့ရှေ့နေတွေလည်း မသေချင် ဝပ်နေဆိုပြီး အဲလိုအခြေအနေတွေထိ ရှိတယ်” ဟု ထိုအမျိုးသမီးက ဆက်သည်။

“တရားခွင်မှာ စစ်ဆေးမေးမြန်းချက်တွေကအစ ထိန်းချုပ်တယ်။ ဘာတွေ မမေးရဘူး၊ ဘာတွေ မပြောရဘူး။ နောက် မှတ်စုထဲ ရေးမှတ်ထားတာတွေအစ သူတို့ဖတ်တယ်။ သူတို့မကြိုက်တာပါရင် ဆုတ်ဖြဲတယ်။ အမှုသည်နဲ့ ၅ မိနစ် ၁၀ မိနစ် စကားပြောရင် သံသယနဲ့ အကြည့်ခံရတယ်။ လှမ်းအော်တယ်”

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ကဏ္ဍအားလုံးကို ထိန်းချုပ်လိုက်ပြီဟု ကြေညာပြီးနောက်တွင် မန္တလေးမြို့တွင် ဖမ်းခံရသူ အများအပြားရှိပြီး ထိုအထဲတွင် ရှေ့နေ ၂၀ ထက်မနည်း ပါဝင်သည်။ စစ်ကောင်စီက ဖမ်းဆီးစဉ်၊ ဖမ်းဆီးပြီးနောက် အသက်ဆုံးရှုံးရသူများရှိသလို အကျဉ်းထောင်အတွင်း ဆေးကုသခွင့်မရ၍ သေဆုံးမှုများ မကြာခဏပေါ်ပေါက်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ရန်ကုန်တွင် နာမည်ကြီးစစ်တပ်ထောက်ခံသူနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ပစ်သတ်ခံရ

လေးရက်အတွင်း အမျိုးသားရေးအမည်ခံ လှုပ်ရှားသူ ဦးတင့်လွင်နှင့် အဆိုတော် လီလီနိုင်ကျော်တို့ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသည်။

ကချင်၊ ပန်ဝါတွင် မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်သူသုံးဦး အဖမ်းခံရ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကမူ ဗဟိုသို့ သတင်းပို့ထားခြင်းမရှိ၊ ထိုအကြောင်းကို မကြားမိဟု ငြင်းသည်။

ဝက်လက်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခု ချုံခိုတိုက်ခိုက်ခံရ

အင်အား ၅၀ ခန့်စီဖြင့် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှု ရှိသည်ဟု ဆိုသည်။

ထိုင်းရွေးကောက်ပွဲအနိုင်ရပါတီ ၈ ခုက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေး ကော်မတီဖွဲ့

Move Forward နှင့် မဟာမိတ်ပါတီများ၏ ခြေလှမ်းကို စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ ထိုင်းဝန်ကြီးချုပ်က အပြစ်တင်ကာ ဆန့်ကျင်ကြောင်း ပြောသည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ စစ်ကောင်စီနှင့် တွေ့မည်

ဇွန် ၁ ရက်တွင် စတင်မည့် ဆွေးနွေးပွဲဖြစ်မြောက်ရေး တရုတ်အစိုးရကိုယ်စားလှယ်အဖြစ် ယူနန်ပြည်နယ်မှ နိုင်ငံခြားရေးရာ အထူးသံတမန်လည်း မိုင်းလားမြို့ ရောက်ရှိနေသည်ဟု သိရသည်။