သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးရှိ ရွာများကို စစ်တပ်က ပစ်မှတ်ထားရှင်းလင်းနေ

ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) မှစ၍ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဝမ်ပေါင်ကြေးစီမံကိန်းသွားရာ လမ်းတလျှောက်ရှိ ကျေးရွာများကို စစ်တပ်က ပစ်မှတ်ထား နယ်မြေရှင်းလင်းနေသည့်အတွက် လူ ပေါင်း ၈၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်သုံးထရပ်ကား သုံးစီးဖြင့် ထွက်လာသည့် စစ်ကြောင်းသည် ချင်းတွင်းမြစ်ကူးတံတားနှင့် ဝမ်ပေါင်ကြေးနီစီမံကိန်းအကြား ပုသိမ် – မုံရွာလမ်းဘေးဝဲယာရှိ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ရွာ ၈ ရွာကို ဝင်ရောက်စီးနင်းနေ သည်ဟု သိရသည်။

ယင်းမာပင်မြို့နယ်ရှိ ပေကုန်း၊ ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ မြရွှေစီနှင့် ဆားလင်းကြီးမြို့နယ်မှ ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာရွာတို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ် များဖြင့် ပစ်ခတ်သဖြင့် တိမ်းရှောင်နေရကြောင်း၊ ယနေ့ (ဖေဖော် ဝါရီ ၂၈) နံနက်အထိ အခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်ကြောင်း  ဒေသခံနှစ်ဦးက ဆိုသည်။

ယမန်နေ့က ပုသိမ် – မုံရွာလမ်းပေါ်ရှိ မြောက်ယမားချောင်းကူးတံတားအနီးမှ ရွာတစ်ရွာကို ပစ်ခတ်စီး နင်းစဉ် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

“ရုတ်တရက်ဝင်လာတဲ့အချိန်မှာ မသိလိုက်တာ။ ပြေးတော့ ပစ်လိုက်တာ။ တင်ပဆုံအထက် ဗိုက်နား ရှပ်မှန်သွားတယ်။ ဒဏ်ရာတော့များတယ်။ လူနာတော့ မစိုးရိမ်ရဘူး” ဟု ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံများကို ကူညီနေသူ ယင်းမာပင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ကျေးရွာများကို အငြိုးဖွဲ့ ဖျက်ဆီးမည်စိုး၍ အသေးစိတ်အခြေအနေကို ဒေသခံများက ထုတ်ဖော်ပြောဆိုလိုခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းမှာ ဝမ်ပေါင်ကုမ္ပဏီ၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ ဝန်ထမ်း များပို့ဆောင်ရာတွင် လုံခြုံရေးယူပေးခဲ့ခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းထား ရသည့် ကြေးနီစီမံကိန်းကို ပြန်လည်ပတ်ရန် တရုတ်ကုမ္ပဏီက ပြင်ဆင်နေကြောင်း အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် စီမံကိန်း ဝန်ထမ်းနှစ်ဦးထံမှ သိရသည်။

“ဝမ်ပေါင်ထဲကို Express ငါးစီးဝင်သွားတယ်။ အဲ့ဒီ Express ငါးစီးလာဖို့အတွက်ကို မုံရွာလေဆိပ်ကို သွားကြိုတယ်။ သွားကြိုဖို့အတွက်ကို မနက်အစောကြီးကတည်းက ရွှေတောင်ဦး (ချင်းတွင်း တံတား ထိပ်) ကနေ ဝမ်ပေါင်ထိကို လုံခြုံရေးအပြည့်နဲ့ လက်နက်ခဲယမ်းအပြည့်နဲ့နေရာ ယူတာပေါ့။ အဲ့ဒီကား ငါးစီးကလည်း တရုတ်တွေကို သွားကြိုတာလို့ အပြောများတယ်” ဟု ဝမ်ပေါင်ကုမ္ပဏီမှ CDM ဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။

“ကုမ္မဏီကလည်း နောက်လ မတ်လထဲမှာ လုပ်ငန်းပြန်စဖို့ပြင်ဆင်နေတယ်။ ဝန်ထမ်းတွေကို ဖုန်းဆက် ပြီးတော့ အလုပ်ဆင်းဖို့ ကမ်းလှမ်းစာတွေတော့ ပို့နေတယ်။ အလုပ်ပြန်ဝင်ဖို့ပေါ့ဗျာ။ ဒီနေ့ Express ငါးစီးနဲ့လည်း ရောက်လာတယ်ဆိုတော့ တိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူး”

ကြေးနီစီမံကိန်းပြန်လည်စတင်ရန် စီစဉ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာယန်စီ ကုမ္ပဏီကို Myanmar Now က ယမန်နေ့က ဖုန်းဖြင့်ဆက်သွယ်သော်လည်း မရရှိပေ။ ထို့အတူ စစ်ကြောင်းစီးနင်း မှုကြောင့် ဒေသခံတို့ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်၍ သီးခြားအတည် မပြုနိုင်သေးပေ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိရာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တည်နေရာပြ မြေပုံ။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် လက်ပတောင်းတောင်ကြေးနီစီမံကိန်းမှာ စစ်အာဏာရှင်အတွက် ငွေရလမ်းတစ်ခု ဖြစ်၍ လုပ်ငန်းလည်ပတ်ခြင်းမပြု၍ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ ၁၆ ခုက ၂၀၂၂ ခုနှစ် ဧပြီလ တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဝမ်ပေါင်ကုမ္ပဏီကမူ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ထိုစီမံကိန်း ရပ်ဆိုင်း ထားကြောင်း၊ ဝန်ထမ်းအားလုံးကို အခြေခံလစာပေးထားပြီး၊ မိုင်းတွင်းများတွင် ပတ်ဝန်းကျင် မထိခိုက်စေရန် အရေးကြီးသည့် ပြုပြင်ထိန်းသိမ်းမှု လုပ်ကိုင်သည့် အဖွဲ့တစ်ခုသာရှိကြောင်း ပြီးခဲ့သည့်နှစ် မေလတွင် သတင်းထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ ပေါ်ပေါက်လာရာ ယခင်က ပုန်ကန်လေ့မရှိသော နိုင်ငံအလယ်ပိုင်းမှ ဒေသများပါ ပါဝင်လာသည်။ ရရာလက်နက်ဖြင့် ခုခံတော် လှန်နေသည့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အပြင်းထန်ဆုံး ဖိနှိပ်ဖြိုခွင်းနေသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများတွင် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ပေါင်းများစွာရှိနေပြီး ကြေးနီစီမံကိန်းတည်ရှိရာ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့လည်း ဒေသ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (PDF) အချို့ အခြေစိုက်လှုပ်ရှားနေသည်။

စစ်တပ်၏ အကျိုးစီးပွား လက်ပံတောင်း ကြေးနီစီမံကိန်း ဧရိယာအတွင်း စီမံကိန်းကြောင့် လူမှု၊စီးပွား၊ဘဝများ ထိခိုက်ရသည့် ဒေသခံတို့နှင့် အာဏာပိုင်တို့အကြား ပဋိပက္ခများမှာ အာဏာမသိမ်းမီးကတည်းက ရှိနှင့်ပြီးဖြစ်သည်။

ကြေးနီးစီမံကိန်းကို တော်လှန်ရေးအဖွဲ့များ မခြိမ်းခြောက်နိုင်ရန် စစ်ကောင်စီက သာလွန်လက်နက် အင်အားသုံး၍ အပြင်းအထန်ကာကွယ်နေရာ စီမံကိန်းဧရိယာဝင်းကျင်ရှိ ကျေးရွာများ မကြာခဏ တိုက်ခိုက်ဖျက်ဆီးခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button