ဆောင်းပါး

စစ်အာဏာရှင်စနစ်နှင့်အတူ ငွေညှစ်ဘေးကြီး နိုင်ငံအနှံ့ တိုက်ခတ်နေ

အာဏာသိမ်းမှုနှင့်အတူ ပစ်ခတ်သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ရွာလုံးကျွတ်မီးတင်ရှို့၍ ထွက်ပြေးရသည့် ဘေးဒုက္ခများကို ရင်ဆိုင်နေရသည့် မြန်မာလူထုသည် အေးဓားပြတိုက်ခံရသော ငွေညှစ်ဘေးကြီးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရင်ဆိုင်နေရသည်။

ထိုဘေးကြီးသည် မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များတွင်လည်းကောင်း၊ လေဆိပ်လူဝင်မှုကြီးကြပ်ရေးနေရာတွင်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးတွင်လည်းကောင်း၊ ရဲစခန်းများတွင်လည်းကောင်း ရိုက်ခတ်နေသလို မထင်လျှင်မထင်သလို အချိန်မရွေးပေါ်ပေါက်နေသည့် ကပ်ဘေးကြီးဖြစ်လေသည်။

လွန်ခဲ့သည့် ဇန်နဝါရီလဆန်းပိုင်း နံနက်ခင်းတစ်ခု၌ အအေးဓာတ်လွှမ်းဆဲဖြစ်သော်လည်း မန္တလေးမြို့မှ ကိုချမ်းမြေ့*က ဆိုင်ကယ်ဖြင့် ပစ္စည်းလိုက်ပို့ရန် လမ်းပေါ်ရောက်နေပြီဖြစ်သည်။ မြို့အရှေ့ပိုင်းကို နာရီဝက်ခန့် ခရီးနှင်ရမည်ဖြစ်ရာ ဆိုင်ကယ်ကို ခပ်မြန်မြန်မောင်းနှင်လာသည်။

အသက် ၂၈ နှစ်အရွယ် ကိုချမ်းမြေ့မှာ ကုန်ပစ္စည်းလိုက်ပို့သည့်လုပ်ငန်း (Delivery) လုပ်ကိုင်သူ ဖြစ်သည်။​ သိပ္ပံလမ်းနှင့် ၅၆ လမ်းထောင့်အရောက် လက်နက်ကိုင်ရဲနှစ်ဦးက ဆိုင်ကယ်ကို ရပ်တန့်ခိုင်းသည်။​ မလှမ်းမကမ်း၌ စစ်သားများက ဆိုင်ကယ်နှင့် ကားများကို အလားတူ စစ်ဆေးနေသည်ကို တွေ့ရသည်။

ပစ်ခတ်တိုက်ခိုက်ရမည်စိုးသောကြောင့် ကားတာယာများဖြင့် ကာရံထားသော ရန်ကုန်မြို့က ယာဉ်ထိန်းရဲကင်းကို ၂၀၂၂ ဇူလိုင်က တွေ့ရပုံ။ (Myanmar Now) 

ရဲများက ဆိုင်ကယ် Toolbox (ပစ္စည်းကိရိယာထည့်ရာနေရာ) ဖွင့်ပြခိုင်းပြီးနောက် ဘယ်သွားမလဲ မေးကာ လိုင်စင်ပါ ပြခိုင်းသည်။ ​ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်နေသောကြောင့် ယာဉ်ထိန်းရဲမေနှစ်ဦးရှိရာကို လက်ညှိုးထိုးပြကာ သွားရှင်းစေသည်။ စားပွဲခုံဖြင့် အကျအနထိုင်နေသော ရဲမေနှစ်ဦးအနားတွင် လူတွေ အုံလိုက်ကျင်းလိုက်ပင်။​

“အဖမ်းခံရသူတွေ အုံနေတာပဲ။ တချို့က ဦးထုပ်မပါလို့ တချို့က လိုင်စင်မပါလို့၊ တချို့က သက်တမ်းကုန်လို့။ တချို့က ကားစီးရင်း ခါးပတ်ပတ်မထားလို့ စုံနေတာပေါ့။ တစ်မှုကို သုံးသောင်းတောင်းတယ်။ ဦးထုပ်မပါရင် သုံးသောင်း၊ လိုင်စင်မပါရင် သုံးသောင်း။ အဲဒီလို” ဟု ထိုနေ့က မြင်ရသည့်အနေအထားကို ကိုချမ်းမြေ့က ပြန်ပြောပြသည်။

“ရှေ့ကလူတွေအားလုံးက မော်တော်ပီကယ်မတွေကို တောင်းပန်ပြီး ငွေညှိသွားကြတာ တွေ့ရတယ်။ ကျွန်တော့်အလှည့်ရောက်တော့ လက်ထဲမှာ မနေ့က လုပ်အားခရထားတဲ့ တစ်သောင်းခွဲကို တောင်းပန်ပြီး ပေးခဲ့တယ်။ စိတ်ထဲတော့ အောင့်သက်သက်ပေါ့ဗျာ”

မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးသည်လည်း ထိုသိပ္ပံလမ်းအနီးမှာပင် ဆိုင်ကယ်ဖြင့် သွားလာရင်း လက်နက်ကိုင်ရဲများနှင့် ထိပ်တိုက်တွေ့တာ အဖမ်းခံခဲ့ရသည်။ ထိုအမျိုးသမီးငယ်မှာ ယခင်က သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးရာ အစစ်ဆေးခံရချိန်၌ ဆိုင်ကယ်လိုင်စင်ပြနိုင်သော်လည်း ယာဉ်မောင်းလိုင်စင် ထုတ်မပြရဲဖြစ်နေသည်။

လိုင်စင်မပြနိုင်သည့်အဆုံး ကိုချမ်းမြေ့နည်းတူ ယာဉ်ထိန်းရဲမေနှစ်ဦးရှိရာ ရောက်ခဲ့ရသည်။ သူ့ရှေ့တွင် ကားသမားတစ်ဦးက ရဲမေများကို ငွေကျပ်နှစ်သောင်းပေးသွားသည်ကို တွေ့လိုက်ရသည်။ ရဲမေတစ်ဦးက မာမာကျောကျောပင် ငွေသုံးသောင်းပေးရန် စတောင်းသည်။ အလိုလို ကြောက်စိတ်ဝင်နေသည်ဖြစ်ရာ သုံးသောင်းမပါသော်လည်း တောင်းတောင်းပန်ပန်ဖြင့် ငွေတစ်သောင်း ပေးခဲ့လိုက်သည်။

တစ်ချိန်တည်း အဖမ်းခံရသည့် လူငယ်တစ်ဦးမှာ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် မပါသည့်အပြင် ဆိုင်ကယ်ဦးထုပ်လည်း မပါသဖြင့် အမှုပေါင်းသုံးမှုအတွက် ကိုးသောင်းအထိ ပေးရမည့်ကိန်းဆိုက်နေသည်။ ထိုလူငယ်မှာ အမှန်တကယ်ပင် ပိုက်ဆံမပါသဖြင့် အခက်တွေ့နေသော်လည်း ယာဉ်ထိန်းရဲမေများက အလွတ်မပေးပါပေ။ ရှိသမျှ တစ်ထောင်တန်ငါးရွက်ကိုပင် အရယူပြီး ပြန်လွှတ်လိုက်သည်။

ယခင်တုန်းကမူ မန္တလေးမြို့တွင် ဆိုင်ကယ်အဖမ်းခံရပါက အမှုအလိုက် ယာဉ်ထိန်းရဲက ချလန်ဖြတ်ပိုင်းပေးကာ သက်ဆိုင်ရာရုံးကို သွားရောက်ဖြေရှင်းစေသည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက်၌မူ ရဲနှင့် စစ်သားများ ဦးဆောင်ကာ ဖြတ်သန်းသွားလာသူမှန်သမျှကို စိတ်ကြိုက်စစ်ဆေးပြီး အေးဓားပြတိုက်သည့်နှယ် ပိုက်ဆံတန်းတောင်းနေသည်။​

မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်နှစ်မှစ၍ အာဏာသိမ်းသည့် စစ်တပ်၏လုပ်ရပ်ကို လက်မခံနိုင်သောကြောင့် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတော်လှန်မှုများ ပေါ်ပေါက်နေသည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို လုံခြုံရေးအကြောင်းပြ တားဆီးစစ်ဆေးရင်း မဖြစ်မနေ ပိုက်ဆံတောင်းလေ့ရှိသည်။

ပြည်ပထွက်ဖို့ ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးရှေ့တွင် စောင့်ဆိုင်းနေသူများ။ ယခုအခါတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို စစ်ကောင်စီက ကန့်သတ်ထားသည်။ (ဓာတ်ပုံ – Myanmar Now)

စစ်အာဏာရှင်စနစ်နှင့်အတူ အကျင့်ပျက်ခြစားမှု ခေါင်းထောင်လာကာ အာဏာပိုင်များ၏ နေရာမရွေး အချိန်မရွေး ရသည့်နည်းဖြင့် ငွေကြေးတောင်းခံခြင်းများ ရှိလာသည်။​ ပြည်ပမှ ပြန်ရောက်လာသည့် နိုင်ငံသားများကိုပင် ရန်ကုန်လေဆိပ်ရှိ လဝကဝန်ထမ်းများက အကြောင်းမဲ့ ပိုက်ဆံတောင်းနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက Myanmar Now ကို ဆက်သွယ်ပြောဆိုလာခြင်းများ ရှိသည်။​​

ရန်ကုန်လေဆိပ်အရောက်တွင် လဝကဝန်ထမ်းများက အလည်အပတ်ပြန်လာသူ၊ ပြည်ပတွင် အလုပ်လုပ်နေရင်း ခွင့်ဖြင့် ပြန်လာသူ စသဖြင့် သီးခြားစီ တန်းစီစေကာ ပိုက်ဆံတောင်းခြင်းဖြစ်သည်။ ခွင့်ဖြင့် ပြန်လာသူများကို ကျပ်တစ်သောင်းကျော်နှင့် ညီမျှသည့် နိုင်ငံခြားငွေပေးရန် ပြောင်ပြောင်တင်းတင်းပင် တောင်းသည်။​ အထောက်အထားပြည့်စုံသဖြင့် ငွေမပေးသူများကို မောက်မောက်မာမာ ပြောဆိုဆက်ဆံသည်ဟု ယခုလဆန်းပိုင်းက ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦးက ဆိုသည်။

ပြည်ပထွက်ခွာသူများကိုလည်း ပိုက်ဆံတောင်းသည်ဟု သိရသည်။ ယခုလ ၁ ရက်က ရန်ကုန်လေဆိပ် လဝကကောင်တာ၌ ပြည်ပထွက်ခွာမည့် အမျိုးသားတစ်ဦးကို လဝကအရာရှိက ငွေတောင်းနေကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

“လဝကဝန်ထမ်းက ပိုက်ဆံတောင်းတာပါ။ ဘယ်လောက်တောင်းလဲတော့ မကြားလိုက်ဘူး။ အတောင်းခံရတဲ့အစ်ကိုက ကျွန်တော် ဟိုရှေ့နားမှာလည်း သုံးသောင်းတောင် ပေးရတာလို့ အသံကျယ်ကျယ်နဲ့ ပြောတော့ လူတွေဝိုင်းကြည့်တာနဲ့ ရှက်ပြီး သွားခိုင်းပါတယ်”

လူဦးရေ အများဆုံးနေထိုင်ရာ စီးပွားရေးမြို့တော် ရန်ကုန်တွင် ရဲ၊ ယာဉ်ထိန်းရဲနှင့် စစ်သားများ ငွေတောင်းကြမ်းသဖြင့် မြို့ခံများနှင့် အငှားယာဉ်မောင်းများ ညည်းညူနေကြသည်။

လောလောလတ်လတ် သွားရင်းလာရင်း စစ်သားနှင့် ယာဉ်ထိန်းရဲ၏ ပိုက်ဆံတောင်းခြင်းခံရသူမှာ သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် ကိုချစ်မင်း* ဖြစ်သည်။ သုဝဏ္ဏမြို့နယ်မှ အကြွေးတောင်းပြီး ပြန်လာစဉ် သာကေတတံတားအဆင်း ရွှေပုစွန်မုန့်တိုက်အနီးတွင် စစ်သားတစ်ဦးနှင့် ယာဉ်ထိန်းရဲတစ်ဦးက တားဆီးခဲ့ခြင်းပင်။ အကြွေးတောင်းရလာသည့် ငွေတစ်သိန်းကျော်ဖြင့် ဖောင်းနေသော အိတ်ကပ်ကို ရဲက မျက်ခြည်မပြတ် လိုက်ကြည့်နေသည်။

၂၀၂၂ ဇူလိုင်က စက်ဘီးစီးလာသူတစ်ဦးကို ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်သားများက စစ်ဆေးနေပုံ။ (ဓာတ်ပုံ – Myanmar Now)

“ကျွန်တော့အင်္ကျီအိတ်ကို ကြည့်ပြီးတော့ မင်း ဒီစက်ဘီးစီးပြီးသွားလို့ မရဘူးဆိုတာ မသိဘူးလားဆိုပြီး ပြောတယ်။ အားလုံးသွားနေတာပဲလို့ ကျွန်တော်က ပြောတော့ ဘေးကစစ်သားက ဟေ့ကောင် စောက်စကားမများနဲ့ ဒါဘာလဲ တွေ့လားဆိုပြီး သေနတ်ထောင်ပြတယ်” ဟု ကိုချစ်မင်းက သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။

ယာဉ်ထိန်းရဲက ကြားမှနေ၍ ကယ်တင်ရှင်ဂိုက်ဖမ်းကာ ငွေငါးသောင်းပေးပြီး မြန်မြန်ထွက်သွားရန် အချက်ပြကြောင်း၊ ဒေါသအလိပ်လိပ်ထွက်မိသော်လည်း သေနတ်ကြောက်သဖြင့် ငွေကျပ်ငါးသောင်းပေးကာ ထွက်လာစဉ် စစ်သားက သေနတ်တပြင်ပြင်လုပ်ပြနေကြောင်း ကိုချစ်မင်းက ပြောသည်။

ရဲနှင့် စစ်သားများ နေရာမရွေး အချိန်မရွေး ခြိမ်းခြောက်ငွေညှစ်တတ်သည်ကို သာကေတမြို့နယ်မှ နောက်ထပ်ဖြစ်ရပ်တစ်ခုက သက်သေပြနေသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဖြစ်သည်။ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ ဦးဆောင်ကာ စစ်ကားသုံးစီးဖြင့် ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်စစ်သည်။ အင်အား ၅၀ ခန့်ရှိ ၎င်းတို့အဖွဲ့တွင် အရပ်ဝတ်ရဲများနှင့် စစ်တပ်သတင်းပေး ရပ်ကွက်လူကြီးများလည်း ပါဝင်သည်။​

သာကေတသူ မမော်လေး* တို့အိမ်ကို စစ်သားသုံးဦး ဝင်ရောက်လာသည်။ ထိုနေ့က အိမ်တွင် သားအမိနှစ်ဦးသာ ရှိနေပြီး ၁၃ နှစ်အရွယ် သမီးဖြစ်သူမှာ အိပ်မောကျနေပြီဖြစ်သည်။

“ကျွန်မအမျိုးသားက အလုပ်ကိစ္စနဲ့ ခရီးသွားနေတာကို ဘာလို့ အိမ်မှာ မရှိတာလဲဆိုပြီး ရစ်တယ်။ ပြီးတော့ စာအုပ်စင်က စာအုပ်တွေကြည့်ပြီး နိုင်ငံရေးလုပ်ရင် အဖမ်းခံရမှာ ခင်ဗျားမသိဘူးလားဆိုပြီး ပြောတယ်” ဟု အသက် ၃၅ နှစ်အရွယ် မမော်လေးက ဧည့်စာရင်းစစ်ခံရသည့် အတွေ့အကြုံကို ပြောပြသည်။

စာအုပ်စဉ်မှ စာအုပ်အချို့နှင့် လက်ကိုင်ဖုန်းကို စစ်ဆေးပြီးနောက် သတင်းဌာနအချို့၏ Facebook စာမျက်နှာများကို Like လုပ်ထားသည့်အတွက် ဖမ်းဆီးရမည်ဖြစ်ကြောင်း စစ်သားများက ပြောဆိုသည်။ ထို့နောက် စစ်သားတစ်ဦးက အိမ်အပြင် ခဏထွက်ကြည့်ပြီး ပြန်ဝင်လာကာ ကျန်စစ်သားနှစ်ဦးကို ခေါင်းညိတ်အချက်ပြသည်ကို မမော်လေး မြင်လိုက်မိသည်။

ထို့နောက် လက်မောင်းတွင် အရစ်နှစ်ရစ်ပါ (တပ်ကြပ်) စစ်သားက ဗိုလ်ကြီးသိလျှင် အဖမ်းခံရမည်ဖြစ်ကြောင်း၊ အဖမ်းမခံချင်လျှင် ငွေသုံးသိန်းပေးရမည်ဖြစ်ကြောင်း ပြောဆိုလာသည်။

“သိလိုက်ပြီ။ ဒါ ငွေညှစ်တာပဲ။ ပြီးတော့ ကျန်တဲ့စစ်သားတွေကိုလည်း မသိစေချင်ဘူးဆိုတော့။ ကျွန်မက သုံးသိန်းတော့ မရှိဘူး။ တစ်သိန်းပဲ ယူပါဆိုပြီး ပြောတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စစ်သားတစ်ယောက်က မကျေနပ်တဲ့အသံနဲ့ ပေးပေးဆိုပြီး ပြောတယ်” ဟု မမော်လေးက ဆိုသည်။

နောက်တစ်နေ့ နံနက်ရောက်ချိန်မှ သိလိုက်ရသည်မှာ ထိုသို့ငွေညှစ်ခံရသည်မှာ မမော်လေးတစ်ဦးတည်း မဟုတ်ပါပေ။ ရပ်ကွက်အတွင်းရှိ တခြားနေအိမ်များလည်း တစ်ခုမဟုတ်တစ်ခု အကြောင်းပြကာ ငွေညှစ်ခံရသည်။

၂၀၂၂ ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့တစ်နေရာ၌ နေရာယူထားသည့် ယာဉ်ထိန်းရဲများကို တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်ကောင်စီ သက်ဆိုးရှည်လာသည်နှင့်အမျှ မည်သည့်နေရာတွင် ရဲ၊ ယာဉ်ထိန်းရဲနှင့် စစ်သားများ ရှိတတ်သည်ကို ပြည်သူများ သိလာကြသည်။ ထိုသို့ အစစ်အဆေးကြမ်းသည့်နေရာများကို ကြိုတင်ရှောင်ရှားနိုင်ရေး အချင်းချင်း ပြန်လည် ဖောက်သည်ချကြသည်။ သို့သော် ရှောင်တခင်စစ်ဆေးမှုနှင့် တိုးသည့်အခါတွင် မလွှဲမရှောင်သာ ရင်ဆိုင်ကြရတော့သည်။​

ရှောင်တခင်စစ်ဆေးမှု တစ်ခုခုကြုံရပါက အချင်းချင်း ပြန်သတိပေးရသည်ဟု ရန်ကုန်မြို့မှ အသက် ၅၃ နှစ်အရွယ် အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။​

“ကိုယ်ဖြတ်ခဲ့တဲ့နေရာကို ရှေ့ကလာတဲ့ကားကို လှမ်းပြောတာပဲ။ ဥပမာဗျာ ကျွန်တော်က ဗန္ဓုလတံတားအဆင်းမှာ ပေးခဲ့ရတယ်ဆိုရင် ရှေ့ကလာတဲ့ကားကို အဲဒီနေရာ မသွားဖို့ ပြောတယ်။ ကိုယ်သိတဲ့ တက္ကစီသမားတွေစုထားတဲ့ မက်ဆင်ဂျာဂရုထဲ ဝင်ပြောလိုက်တယ်။ ဒါမျိုးပေါ့”

“ကိုယ့်ဘဝတူချင်း စာနာတာလည်း ပါတယ်၊ ဒီကောင်တွေကို မသဒ္ဓါတာလည်း ပါတယ်။ နောက်ဆုံးဗျာ သူတို့ပေးရမဲ့ငွေဆို ဆွဲပဲ ဖြဲလိုက်ချင်တယ်။ ဒီကောင်တွေကိုတော့ မပေးချင်ဘူး” ဟုလည်း တက္ကစီသမားက မကျေမချမ်းဆိုသည်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်း အကြောင်းပြကာ ယာဉ်ထိန်းရဲ၊ ရဲနှင့် စစ်သားများသာမက ဌာနပေါင်းစုံမှ ဝန်ထမ်းများပါဝင်သည့် စုပေါင်းအဖွဲ့များမှာ တစ်နေရာတည်း၌ အတည်တကျ အထိုင်ချ ဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ ရွေ့လျားစနစ်ဖြင့် လှည့်လည်ဖမ်းဆီးတတ်သည်။

စစ်အာဏာရှင်များ ရုံးထိုင်သည့် နေပြည်တော်၏ လမ်းမကြီးတစ်ခုကို ယခုနှစ် ဇန်နဝါရီလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ နေပြည်တော်တစ်ဝိုက်တွင် အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ယာဉ်ထိန်းရဲများ အဖွဲ့လိုက် လှည့်လည်သွားလာကာ ဆိုင်ကယ်နှင့် ကုန်တင်ယာဉ်များပါမချန် ရသမျှ ပိုက်ဆံလိုက်တောင်းလေ့ရှိသည်။

ယခင်က ရုံးပိတ်ရက်ဖြစ်သော စနေနှင့် တနင်္ဂနွေနေ့များတွင် အစစ်အဆေးရှိတတ်သော်လည်း အာဏာသိမ်းပြီးနောက် ရုံးဖွင့်ရက်များတွင်ပါ နေရာစုံ၌ ယာဉ်ထိန်းရဲနှင့် စစ်သားများ ရှိနေတတ်သည်။ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးရင်း မဖြစ်မနေငွေတောင်းတတ်သည်ဟု ဒေသခံတို့က ဆိုသည်။

ရာဇသင်္ဂဟလမ်းပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရာ လမ်းမီးပွိုင့်အနီး ယာဉ်ထိန်းရုံးအပါအဝင် ကြံ့ခိုင်ရေးပါတီဌာနချုပ်ရှေ့၊ ကျောက်မျက်ပြခန်းမီးပွိုင့်အနီး၊ မြို့တော်ခန်းမအနီး၊ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်အနီးနှင့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ရှိရာ ပျဉ်းမနားမြို့တွင်း ရှမ်းကန်အနီးတို့တွင် ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးစစ်ဆေးပြီး ငွေကြေးတောင်းခံသည့် ယာဉ်ထိန်းရဲများကို တွေ့ရတတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“စုပေါင်းအဖွဲ့တွေဆိုရင်တော့ ချလန်ဖြတ်တယ်။ ဒါပေမဲ့ ပြောတတ်ရင် ပိုက်ဆံတစ်သောင်းလောက် ပေးပြီး ညှိလို့ရသေးတယ်။​ မော်တော်ပီကယ် တစ်ယောက်နှစ်ယောက် ဖမ်းရင်တော့ ချလန်မဖြတ်ဘူး။ ဖမ်းတဲ့နေရာမှာတင် အပြီးရှင်းခိုင်းတာ” ဟု ကိုယ်တိုင်ကြုံဖူးသည့် နေပြည်တော်နေ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။

ညနေ ၆ နာရီကျော်ပါက ယာဉ်မောင်းလိုင်စင်နှင့် ဆိုင်ကယ်ဦးထုပ်သာမက ဆိုင်ကယ်ပါ Toolbox ကိုပါ ဖွင့်ပြခိုင်းပြီး စစ်ဆေးလေ့ရှိသည်ဟု ဆိုသည်။ အဓိကအားဖြင့် ဆိုင်ကယ်ဦးထုပ် ဆောင်းမထားသူများကို ပစ်မှတ်ထား ဖမ်းဆီးလေ့ရှိသည်ဟုလည်း သိရသည်။

“ဦးထုပ်မပါလို့ကတော့ တားပြီး စစ်ပြီ။ ပြီးရင် တန်းညှိတာ၊ ငါးထောင် တစ်သောင်းပေးရင် အဆင်ပြေပြီ” ဟု ဒီဇင်ဘာလအတွင်း ဇဗ္ဗူသီရိမြို့နယ်တွင် ကိုယ်တိုင်အဖမ်းခံခဲ့ရသူတစ်ဦးက ဆိုသည်။

“ဖမ်းရင် လေးဖက်လေးတန် ပိတ်ဖမ်းတာ။ ဘယ်လိုမှ ပြေးလို့မရဘူး။ မိရင် ဆိုင်ကယ်သော့ကို တန်းဖြုတ်ပြီး အခြားတစ်ယောက်ကို ပစ်ပေး၊ ငွေညှစ်တော့တာပဲ” ဟု နေပြည်တော် ပျဉ်းမနားမြို့တွင် ဒီဇင်ဘာလအတွင်းက ဆိုင်ကယ်အဖမ်းခံခဲ့ရသူတစ်ဦးက ပြောသည်။

စစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်၌ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်မပါခြင်းများအတွက် တစ်မှု ကျပ်ငါးသောင်းနှုန်း တန်းတောင်းသော်လည်း မည်သည့်အခါမျှ ချလန်ဖြတ်မပေးကြောင်း သိရသည်။​

ပျဉ်းမနားမြို့တောင်ဘက် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အလျင်လိုရွာအနီးတွင် ယာဉ်ထိန်းရဲနှင့် ဌာနပေါင်းစုံမှ ဝန်ထမ်းများ အဖွဲ့လိုက် စတည်းချကာ ကုန်တင်ကားများကို အဓိကထား ပိုက်ဆံတောင်းလေ့ရှိပြီး ထိုအဖွဲ့တွင် စစ်သားနှင့် ရဲများအပြင် ၎င်းတို့နှင့် နီးစပ်သည့် မှုခင်းသတင်းထောက်ဆိုသူများပါ ပါလေ့ရှိပြီး တောင်းရသည့်ပိုက်ဆံဖြင့် နေ့စဉ် အရက်ဝိုင်းဖွဲ့လေ့ရှိသည်။

“ကုန်တင်ကားလာတဲ့ပေါ် မူတည်ပြီး တစ်နေ့ကို သိန်းနဲ့ချီပြီး ရတယ်။ ပြီးရင် ခွဲယူကြတာပေါ့” ဟု ထိုစုပေါင်းအဖွဲ့တွင် ပါဝင်သူတစ်ဦးက ဖောက်သည်ချသည်။

ဌာနပေါင်းစုံမှ အာဏာပိုင်များ စုဖွဲ့ထားသည့်အဖွဲ့တွင် ယာဉ်ထိန်းရဲ၊ ရဲနှင့် စစ်သားများအပြင် အရပ်ဝတ် ထွေအုပ်ဝန်ထမ်းများ ပါလေ့ရှိပြီး တောင်းယူရရှိသည့် ငွေကြေးကို အချိုးကျ ခွဲယူကြသည်။ အာဏာမသိမ်းမီက လမ်းဆုံလမ်းခွများ၌ တောင်းလေ့ရှိသော ကလေးသူငယ်များပင် သိပ်မတွေ့ရတော့ကြောင်း မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

“အရင်က ခုလိုနေရာတွေမှာ ခွက်တစ်လုံးနဲ့ ပိုက်ဆံတောင်းသူတွေပေါ့။ ကလေးငယ်တွေ ပါတယ်။ အခုတော့ သူတို့ သိပ်နေရာမရကြတော့ပါဘူး။ သူတို့အစား သေနတ်ကြီးနဲ့ တောင်းသူတွေ ပေါလာတယ်။ အရင်လို သနားပြီးပေးရတာမျိုး မဟုတ်ဘူး။ ရွံ့ကြောက်ကြီးနဲ့ ပေးရတာဗျာ”

(မှတ်ချက် – * လုံခြုံရေးအရ အမည်လွှဲများဖြင့် ဖော်ပြထားပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button