သတင်း

ဖမ်းထားသည့် အင်ဂျင်နီယာကို ပြန်လွှတ်ပေးမည်ဆိုကာ ငွေညှစ်နေ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် နေထိုင်သည့် အင်ဂျင်နီယာတစ်ဦးကို စစ်ကောင်စီက ဖမ်းသွားပြီး ၁၀ရက်ကြာသည်အထိ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရဘဲ ပြန်လွှတ်ပေးမည်ဆိုကာ ငွေတောင်းခံနေကြောင်း မိသားစုဝင်နှစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူမှာ အသက် ၄၁ နှစ်အရွယ် ဦးဉာဏ်ထွန်းဖြစ်ပြီး အလုပ်ကိစ္စဖြင့် အပြင်သွားစဉ် နိုဝင်ဘာ ၂၀ ရက်ကတည်းက အဆက်အသွယ်ပြတ်သွားကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကြည်ပြာအေးနှင့် အမည်မဖော်လိုသူ အခြားမိသားစုဝင်တစ်ဦးက ယမန်နေ့ (နိုဝင်ဘာ ၃၀) တွင် ပြောသည်။

ထိုသို့ အဆက်အသွယ်ပြတ်တောက်ပြီးနောက် နိုဝင်ဘာ ၂၁ တွင် ရဲ၊ စစ်သားနှင့်အတူ အရပ်ဝတ်ပုဂ္ဂိုလ်အချို့ နေအိမ်ကို လာရောက်ရှာဖွေခဲ့သော်လည်း ဦးဉာဏ်ထွန်းကို မည်သည့်အကြောင်းဖြင့် မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို အသိမပေးခဲ့ဟု ဒေါ်ကြည်ပြာအေးက ပြောသည်။

ထိုသို့ နေအိမ်ကို လာရောက်ရှာဖွေစဉ် ဆောက်လုပ်ရေးလုပ်ငန်းသုံး Tools Box ထဲမှ သံပြားပိုင်းနှစ်ခု ယူဆောင်သွားကာ အဝတ်အစားအချို့နှင့် သောက်နေကျ ဆေးဝါးရှိလျှင် ထည့်ပေးနိုင်ကြောင်းသာ အသိပေးကာ အခြားမည်သည့်ကိစ္စမျှ မေးမြန်းမရခဲ့ဟု ၎င်းက ဆိုသည်။

“သူတို့ ထိန်းသိမ်းထားတဲ့အကြောင်း ပြောပြီး ကျန်တာလည်း ဘာမှ မပြောသွားဘူး။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်နေရင် ပြန်လွှတ်ပေးမယ်ပြောပြီး ကျန်တာလည်း ဘာမှ မပြောသွားဘူး။ အခုချိန်ထိလည်း မဆက်သွယ်လာဘူး” ဟု မကြည်ပြာအေးက ပြောသည်။

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ဓာတ်ပုံတင်ထားသူတစ်ဦးနှင့် အခြားတစ်ဦးတို့က မိသားစုဝင်အချို့ကို Facebook Messenger မှတစ်ဆင့် ဆက်သွယ်လာပြီး ဦးဉာဏ်ထွန်း လွတ်မြောက်အောင် လုပ်ပေးနိုင်သည်ဟုဆိုကာ ကျပ်သိန်း ၂၀ မှ ၃၀ အထိ ပေးရန် တောင်းခံမှုများရှိကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုသို့ ကမ်းလှမ်းလာသူတို့က အမည်နှင့် ရာထူး၊ တာဝန်ကို ထုတ်မပြောဘဲ Messenger တွင် ၎င်းတို့ ပို့လာသည့် ဖုန်းနံပါတ်ကိုသာ ဆက်ခိုင်း၍ နှစ်ကြိမ်ဆက်သွယ်ခဲ့ဖူးကြောင်း၊ ဦးဉာဏ်ထွန်းမှာ မည်သည့်ပြစ်မှုမျှ ကျူးလွန်သူမဟုတ်၍ တောင်းခံသည့် ငွေကို မပေးလိုကြောင်း ၎င်းက ဆက်ပြောသည်။

“နေပြည်တော်က ဘာဖြစ်တယ် ညာဖြစ်တယ် အဲဒီလိုမျိုးတွေနဲ့။ ဂိမ်းဆော့တဲ့ အကောင့်နာမည်တွေ ထူးထူးဆန်းဆန်းနာမည်တွေနဲ့ ဆက်သွယ်လာတာ။ ဘယ်ဌာနကဆိုတာ ပြောပြလို့ မရဘူးတဲ့။ ပွင့်ပွင့်လင်းလင်းပြောရင်(ငွေပေးပြီး) မထုတ်ဘူးလို့ စဉ်းစားထားတယ်” ဟု မိသားစုဝင်က ဆိုသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အင်ဂျင်နီယာလက်မှတ်ရထားသူ ဦးဉာဏ်ထွန်းမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူသာဖြစ်ပြီး ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းမရှိသလို စစ်အာဏာသိမ်းခြင်းကို သူ၏ Facebook တွင် ရေးသားဝေဖန်ဖူးသူ မဟုတ်ဟု အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် (နိုင်ငံရေး) ကင်းရှင်းတယ်။ ဘာမှ မရှိဘူး။ တော်တော်လည်း ပြောရခက်တယ်။ အင်ဂျင်နီယာဆိုတော့ လှူတာတန်းတာနဲ့များ ခေါင်းစဉ်တပ်လိုက်လား စိုးတော့ စိုးရိမ်တယ်”ဟု ၎င်းက ပြောသည်။

ငါးနှစ်အရွယ် သားတစ်ဦး၊ သုံးနှစ်အရွယ် သမီးတစ်ဦး၏ ဖခင် ဦးဉာဏ်ထွန်း၏ ပကတိအခြေအနေကို သိလိုကြောင်း ဇနီးဖြစ်သူ မကြည်ပြာအေးကလည်း ပြောသည်။

“ဘယ်မှာ ခေါ်သွားလို့ သူ့ကို ဘာလုပ်ထားတယ်ဆိုတာ ဘယ်လိုပုဒ်မတွေနဲ့ စွဲထားလဲ အဲဒါကိုတော့ သိချင်တာပေါ့။ အခုချိန်ထိ ဘာမှ မသိရသေးတော့ ကျွန်မကလည်း ကလေးနှစ်ယောက်နဲ့ဆိုတော့ ဘာမှလည်း မလုပ်တတ်ဘူးဆိုတော့” ဟု ၎င်းက ပြောသည်။

ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖေဖော်ဝါရီ ၁ တွင် ဖြုတ်ချကာ အာဏာသိမ်းပြီး ၇ လအတွင်း စစ်တပ်က ၎င်းတို့ဖမ်းဆီးထားသည့် လူပေါင်း ၇၀၀၀ ကျော်အနက် ၈၂ ရာခိုင်နှုန်းကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း ထုတ်မပြောခဲ့ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ် ၃၀တွင် ထုတ်ပြန်ဖူးသည်။

AAPP ကို တရားမဝင်အသင်းအဖြစ် ကြေညာထားသည့် စစ်ကောင်စီထံသို့မူ ဦးဉာဏ်ထွန်းကိစ္စ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီး ၁၀ လကြာမြင့်ချိန်အထိ စစ်ကောင်စီက နိုင်ငံအနှံ့ ဖိနှိပ်မှုများ နေ့စဉ် ပြုလုပ်နေဆဲဖြစ်ပြီး AAPP ၏ နိုဝင်ဘာ ၂၉ စာရင်းအရ ဖမ်းခံရသူ ၁၀၀၀၀ ကျော်နှင့် အသက်ဆုံးရသူ ၁၂၉၇ ဦးထိ ရှိနေကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button