သတင်း

အပြင်မထွက်ရအမိန့်ကြောင့် မန္တလေးမြို့ခံများ ဖမ်းဆီး၊ ငွေညှစ်ခံရ

မန္တလေးမြို့တွင် ကိုဗစ်နိုင်တင်း (Covid-19) အကြောင်းပြ၍ အပြင်မထွက်ရအမိန့် စစ်ကောင်စီက ထုတ်ပြန်ထားရာ မလိုက်နာသူများကို ငွေတောင်းခံခြင်း၊ သဘာဝဘေးပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းများ ပြုလုပ်နေသည်။ 

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဩဂုတ် ၁၅ တွင် မန္တလေးမြို့ကို နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ် (Stay At Home) ကြေညာပြီး နေ့စဉ် မနက်တစ်ချိန်၊ ညနေပိုင်းတစ်ချိန်သာ ထွက်ခွင့်ပြုထားပြီး တင်းကျပ်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းသို့ကြေညာပြီး နောက်တစ်နေ့မှစ၍ စစ်ကောင်စီလက်အောက်ခံများက လမ်းများပိတ်ဆို့၍ ဒေသခံများကို ဖမ်းဆီး၊ ငွေတောင်းခဲ့သည်။  

စိန်ပန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ၄၁ လမ်းနှင့် ၈၈ လမ်းတွင် စစ်ဆေးခံခဲ့ရစဉ် စစ်ကောင်စီတပ်သားတစ်ဦးက အမှတ် ၂၈ အထက်တန်းကျောင်းအတွင်း ခေါ်ဆောင်သွားပြီး ငွေညှစ်ခဲ့သည်ဟု ပြောသည်။

“တချို့နေရာတွေကျတော့ ပိုက်ဆံတောင်းတယ်။ တချို့ကျ အချုပ်ကားပါချထားပြီး ဖမ်းတယ်။ မထွက်ရအချိန်ကတော့ ဘာကတ်ပါပါ၊ မရဘူး။ ကျွန်တော်ကတော့ ပိုက်ဆံတစ်သောင်း တောင်းခံခဲ့ရတယ်။ လူမြင်မှာစိုးလို့ ၂၈ (အထက) ကျောင်းထဲကို ခေါ်ပြီးတောင်းတာ။ နယ်ကျော်ကတ်လည်းပါလျက်နဲ့ ”ဟု ထိုအမျိုးသားက ပြောသည်။

ထိုအမျိုးသားသည် နေအိမ်ပြင်ပသို့ ကိစ္စတစ်ခုဖြင့် အပြင်သွားရာမှ မနက် ၉ နာရီခွဲခန့်တွင် ပိတ်ဆို့အဖမ်းခံရခြင်း ဖြစ်သည်။ 

မန္တလေးမြို့ရှိ မိန်းလမ်းမကြီးများနှင့် လမ်းသွယ်များပါမကျန် ဝါးလုံးများ၊ ပလတ်စတစ်ကြိုးများ တားကာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးများ၊ ရဲ၊ မီးသတ်နှင့် စစ်သားများက ဖမ်းဆီးခြင်းများ နေ့စဉ် ပြုလုပ်နေကြသည်။

​​မသင်္ကာသည့် ​​​လူတချို့ကိုမူ ကိုဗစ်နှင့် မသက်ဆိုင်သော ဆိုင်ကယ်တူးဘောက်ဖွင့်၍ စစ်ဆေးခြင်း၊ ဖုန်းများအား စစ်ဆေးခြင်းတို့လည်း ပြုလုပ်သည်ဟု အထက်ပါအမျိုးသားက ၎င်းတွေ့မြင်ရသည်ကို ပြောသည်။

စတင်စစ်ဆေးသည့် ပထမနေ့ (ဩဂုတ်၁၆) မှာပင် အပြင်မထွက်ရအမိန့် ဖောက်ဖျက်သည်ဟုဆိုကာ ရဲစခန်းတစ်ခုမှာပင် ချုပ်​နှောင်ခံထားရသူ ၃၀ ကျော်ရှိကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးက ပြောသည်။

“ကျွန်မယောက်ျား သုံးဘီးဆိုင်ကယ်မောင်းတာ၊ လူတစ်ယောက်က လူမမာအိမ်ကို ဟင်းပို့ခိုင်းလို့ သွားပို့တာ၊ အချိန်နည်းနည်းလိုသွားလို့၊ အဆင့်မြင့်ရဲစခန်းနားကျတော့ ဖမ်းခံလိုက်ရရော၊ သူအဖမ်းခံရကြောင်းကိုတောင် နောက်တစ်ရက်မှ သိတာ”ဟု အဆိုပါအမျိုးသမီးက ပြောပြသည်။

ဆက်လက်၍ “ရဲစခန်းကို လိုက်သွားတော့ တွေ့ခွင့်မရခဲ့ဘူး။ အိုးဘို(ထောင်)ကို ခေါ်သွားပြီ။ အမှုတင်ပစ်လိုက်ပြီတဲ့၊ သူနဲ့အတူ အယောက် ၃၀ ကျော်တယ်။ ရဲက ဘာမှမေးလို့မရဘူး။ ဟောက်တောင် ဟောက်လွှတ်လိုက်သေးတယ်”

ပြီးခဲ့သည့် ဩဂုတ် ၁၆ မွန်းတည့် ၁၂ နာရီခန့်တွင် မန္တလေးနန်းရှေ့၌ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားတစ်ဦးလည်း သဘာဝဘေးပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခံထားရကြောင်း ၎င်း၏ နှမဖြစ်သူက ပြောသည်။ 

“နန်းရှေ့ဆိုပြီး ထွက်သွားတာ အဆက်အသွယ်မရတော့တာ။ ညနေ ၅ နာရီလောက်မှ ရဲစခန်းကနေပြီး ဖုန်းဆက်လာတာ၊ ဖမ်းခံရတဲ့အကြောင်း ”ဟု ထိုအမျိုးသမီးက ဆိုသည်။

၎င်း၏ အစ်ကိုဖြစ်သူကို လက်ရှိတွင် အိုးဘိုထောင်၌ ချုပ်နှောင်ထားကြောင်းသာ သိရသည်ဟု ဆက်ပြောသည်။ 

အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများအားကောင်းသည့် မန္တလေးမြို့တွင် စစ်ကောင်စီတပ်က နေ့နှင့်ညများပါ ပစ်ခတ်ဖြိုခွင်းလျက်ရှိနေရာ လက်ရှိတွင် ကိုဗစ်နိုင်တင်းအကြောင်းပြကာ လူထုကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆကြသည်။

မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက စစ်ကောင်စီ၏ ယင်းကဲ့သို့ အပြုအမူများသည် လူထုကို အကြောက်တရားဖြစ်ပေါ်စေရန် အနိုင်ကျင့်ခြင်းသာဖြစ်ကြောင်း ပြောသည်။

“ခုက သူတို့က အထူးတရားရုံးဆိုပြီး စစ်ဆေးတယ်၊ ချက်ချင်းဝန်ခံရင် ထောင်တန်းချတာမျိုး လုပ်တယ်။ အမှန်တကယ်ကို ရောဂါတွေဖြစ်၊ လူတွေ တအားသေနေတဲ့အချိန်မှာ မဖြစ်လို့ အမိန့်ထုတ်ရ တင်းကျပ်ရ၊ လုပ်ရတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ခုက ရောဂါပြန်ကျနေတဲ့အချိန်မှာ ကိုဗစ်ကို အကြောင်းပြပြီး လူထုကို ဖိနှိပ်တာပါပဲ”ဟု ထိုရှေ့နေက  ဆိုသည်။

ဤအခြေအနေကြောင့် မြို့ခံအများအပြားက စစ်ကောင်စီ၏အမိန့်ကို ဖီဆန်ပြီး သွားလာကြရာတွင် ယင်းသို့ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံတချို့နှင့် ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုသူရအောင်က ပြောသည်။ 

“ပြည်သူလူထုကြောက်​အောင် လက်နက်နဲ့တစ်ဖုံ မတရားတဲ့အမိန့်တစ်ဖုံပေါ့။ မတရားတဲ့အမိန့်တွေကို ဖီဆန်ရမှာ ကျွန်တော်တို့တာဝန်ပဲ။ မကြောက်ပါနဲ့။ ဉာဏ်နဲ့တော်လှန်ကြပါ။ အခု သူတို့ (စစ်ကောင်စီ) ထုတ်တဲ့အမိန့်တွေက ကျွန်တော်တို့ သပိတ်စစ်ကြောင်းတွေကို ထိခိုက်မှုရှိတယ်။ သူတို့က ကိုဗစ်အကြောင်းပြပြီး ဓားပြတိုက်နေတဲ့ အဖွဲ့အစည်းတွေပါ” ဟု  ကိုသူရအောင်က ပြောသည်။ 

“အဓိကကတော့ လူမထွက်တော့ ကျွန်တော်တို့ (ဆန္ဒပြ) ထွက်နေရတော့ ထင်းနေတာပေါ့။ ဆန္ဒပြကလေးတွေကို နောက်ယောင်ခံပြီး လိုက်တယ်။ အိမ်ထဲထိ ဝင်ဆွဲတာပေါ့။ ဘာကြောင့်ထုတ်သလဲဆို သပိတ်တွေအားကောင်းလာတာကို သူတို့ မလိုချင်ဘူး။ သူတို့အတွက် သပိတ်တွေက ထိုးနှက်ချက်ဆိုတာကြောင့်ရယ်ပါ”  

အဆိုပါ အပြင်မထွက်ရအမိန့်သည် ဆန္ဒပြနေသူများကို နောက်ယောင်ခံလိုက်ရန်လည်း ရည်ရွယ်သည်ဟူသော ကိုသူရအောင်၏ ပြောဆိုချက်၊ စစ်ဆေးရေးဂိတ်တာဝန်ကျ စစ်ကောင်စီတပ်သားတချို့က ငွေတောင်းမှုတို့နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရန် ကြိုးစားသော်လည်း မန္တလေးစစ်ကောင်စီနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

Show More

Related Articles

Back to top button