သတင်း

မန္တလေးတွင် ကိုဗစ်အကြောင်းပြ၍ စစ်ကောင်စီ အသွားအလာတင်းကျပ်

အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများအားကောင်းရာ မန္တလေးမြို့တွင် ယနေ့ (ဩဂုတ် ၁၆)  ၌ စစ်ကောင်စီက အသွားအလာတင်းကျပ်လိုက်ပြီး အဓိကလမ်းမကြီးများကို စစ်ဆေးနေကြောင်း မြို့ခံများထံမှ သိရသည်။ 

မနက် ၈ နာရီမတိုင်မီ လမ်းမကြီးများဖြစ်သည့် ၆၂ လမ်း၊ ၈၄ လမ်း ၊ ၇၈ လမ်း၊ လမ်း ၈၀နှင့် ၁၉ လမ်း၊ ၃၅ လမ်း၊ ၄၂ လမ်းတို့တွင် တင်းကျပ်စွာ စစ်ဆေးနေပြီး မြို့ပတ်လမ်းနှင့် လမ်းသွယ်တချို့တွင်လည်း ပိတ်ဆို့စစ်ဆေးနေသည်။

မန္တလေးမြို့ကို စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက Stay at Home ( နေအိမ်တွင်သာနေထိုင်ရေး) အစီအစဉ်တွင် ထည့်သွင်းခဲ့ပြီးနောက် နေ့စဉ် မနက် ၄ နာရီမှ မနက် ၉ နာရီ၊ ညနေ ၃ နာရီမှ ၆ နာရီအထိသာ အပြင်ထွက်ခွင့်ပြုထားသည်။  အရေးကြီးကျန်းမာရေးကိစ္စများမှအပ အပြင်ထွက်လျှင် ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဩဂုတ် ၁၅) တွင် ထုတ်ပြန်၍  ရပ်ကွက်များအတွင်း လှည့်လည်သတိပေးထားသည်။

ယင်းသို့ထုတ်ပြန်အပြီး ယနေ့တွင် အများပြည်သူသွားလာသည့် လမ်းများကို ပလတ်စတစ်ကြိုးများ၊ ဝါးလုံးများဖြင့် တားဆီးပိတ်ဆို့ စစ်ဆေးနေကြခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးရုံးများက ထုတ်ပေးသည့် နယ်ကျော်သွားလာကတ် မပြနိုင်လျှင် ငွေတောင်းခံသည်ဟု မြို့ခံများက ဆိုသည်။ 

“ကိုဗစ်ကြောင့်ဆိုရင်လည်း Mask (နှာခေါင်းစည်း) တို့ ဘာတို့ စစ်လေ၊ ခုက မသင်္ကာရင် (ဆိုင်ကယ်) တူးဘောက်တွေ၊ ဖုန်းတွေပါ စစ်တယ်။ တစ်ခုမဟုတ်တစ်ခု အပြစ်ရှာတာပေါ့။ ပြီးတော့ နယ်ကျော်ကတ်မပါရင် ပိုက်ဆံတောင်းတယ်။ ဒီနေ့တော့ ကတ်တွေပါရင် ပြန်လွှတ်ပေးတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

မနက် ၈ နာရီမတိုင်မီကပင် မန္တလေးမြို့၊ ၄၁ လမ်းနှင့် ၈၈ လမ်းရှိ ပြည်ခိုင်ဖြိုးရုံးရှေ့တွင် လမ်းပိတ်ဆို့ စစ်ဆေးနေပြီး ရဲ၊ စစ်သား၊ ယာဉ်ထိန်းရဲ၊ မီးသတ်နှင့် အုပ်ချုပ်ရေးမှူးများအပြင် ပြည်ခိုင်ဖြိုးပါတီဝင်များပါ ပူးပေါင်းစစ်ဆေးနေကြောင်း ၎င်းနေရာအနီးနေထိုင်သူများထံမှ သိရသည်။

“အဓိကက လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့ ကလေးတွေကို နှိပ်ကွပ်ချင်လို့နဲ့ ၊ သူတို့အုပ်ချုပ်ရေးကို အသက်ဝင်အောင် လုပ်တာပါပဲ၊ ဒါပေမဲ့ ပြည်သူတွေကလည်း ထွက်တာပါပဲ။ ဒီလမ်းစစ်၊ ဟိုလမ်းက ရှောင်ပြီး သွားကြတာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အထက်ပါမန္တလေးမြို့ခံက ဆက်ပြောသည်။

မန္တလေးမြို့ လမ်းမအများအပြား၌ ယနေ့ အသွားအလာခြောက်ကပ်နေသည်ကို တွေ့ရပြီး လူနေရပ်ကွက်များအတွင်း ပုံမှန်အတိုင်းသွားလာနေကြသည်ကို တွေ့ရသည်။ 

“အဓိကက ပစ်မိန့်ပေါ့။ (Stay at home မလိုက်နာသူကို) ပစ်မိန့်ပေးထားတာလိုလို ကြားနေရတယ်။ သေမှာကြောက်တော့ မထွက်ကြတော့ဘူး။ အကြောက်တရားနဲ့လုပ်နေလို့ လိုက်နာကြတာပါ။ ဘယ်သူမှ ကျေနပ်လို့ လိုက်နာနေတာတော့ မဟုတ်ဘူး”ဟု   မဟာအောင်မြေမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းပြီး ဆန္ဒပြစစ်ကြောင်းများ အများအပြားရှိသောကြောင့် ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်မှစ၍ စစ်ကောင်စီတပ်က တစ်ကျော့ပြန် ပစ်ခတ်နှိမ်နင်းဖြိုခွဲလာသည်။ 

မန္တလေးမြို့ရှိ ကျောင်းတိုက်တချို့ကို စစ်ကောင်စီက စီးနင်းရှာဖွေခဲ့သည်။ 

ထို့နောက် သံဃာများကို အသွားအလာကန့်သတ်မှုစစ်ဆေးရာ ဂိတ်များတွင်ပါ စောင့်ကြပ်စစ်ဆေးခိုင်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မန္တလေးသံဃာအများစုက ကန့်ကွက်ခဲ့ကြသည်။ 

ဆန္ဒပြစစ်ကြောင်းများ အများအပြားပါဝင်သည့် တပ်ပေါင်းစုစစ်ကြောင်းမှ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုသူရအောင်က ထိုလုပ်ရပ်များသည် စစ်ကောင်စီ၏ အာဏာတည်မြဲရေးလုပ်ရပ်များသာ ဖြစ်သည်ဟု ဆိုသည်။

“ဒီရက်ပိုင်းအတွင်း သပိတ်တွေအောင်မြင်လာတာကို တင်းသွားပုံရတယ်။ သူတို့ (စစ်ကောင်စီ) အာဏာမြဲဖို့အတွက် အဓိပ္ပာယ်မရှိတဲ့အလုပ်တွေပေါ့၊ အခုလုပ်နေတာတွေက။ ဥပမာ ဘုန်းကြီးတွေ ဂိတ်စောင့်ခိုင်းတာတို့ ဘာတို့ပေါ့။ အဓိက ပြည်သူက သူတို့အမိန့်တွေ လုံးဝမလိုက်နာဖို့ဘဲ”ဟု ၎င်းက ပြောသည်။

ယနေ့ ထိုကဲ့သို့ တင်းကျပ်နေသည့်ကြားမှ ယနေ့မနက်ပိုင်း၌ အောင်မြေသာစံပညာရေးစစ်ကြောင်း၊ စိန်ပန်းဆန္ဒပြစစ်ကြောင်းတို့ ပြောက်ကျားဆန္ဒပြခဲ့ကြသည်။ 

စစ်ကောင်စီကြောင့် ပြည်သူတို့ ဒုက္ခရောက်ရသည်ဟု ဝက်သားတုတ်ထိုးနှင့် ကြာဇံကြော် လှည့်လည်ရောင်းချသူ ဈေးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

“တစ်နေကုန်မထွက်ရတော့ ကျွန်မတို့က ဘာသွားလုပ်စားရမှာလဲ။ ပြည်သူတွေကို အနုနည်းနဲ့ သတ်လိုက်၊ အကြမ်းနည်းနဲ့ သတ်လိုက်၊ အမျိုးမျိုးဒုက္ခပေးနေတဲ့ စစ်တပ်ပါ။ ကျွန်မတို့အောက်ခြေဘဝတွေလည်း တော်တော်နာနေပါပြီ။ အမြန်ကျဆုံးပါစေရှင်”ဟု ထိုစျေးသည်က ပြောသည်။ 

Show More

Related Articles

Back to top button