သတင်း

မန္တလေးတွင် ကိုဗစ်အကြောင်းပြ၍ စစ်ကောင်စီတပ်က ရိုက်နှက်၊ ငွေညှစ် 

ကိုဗစ်နိုင်တင်းနှင့် လုံခြုံရေးအကြောင်းပြသည့် စစ်ကောင်စီတပ်သားများက ယနေ့ (ဩဂုတ် ၃) မနက်ပိုင်းတွင် မန္တလေးမြို့လမ်းပေါ်မှ ကား၊ ဆိုင်ကယ်များကို ရပ်တန့်ခိုင်းပြီး ငွေညှစ်၊ ရိုက်နှက်စစ်ဆေးနေကြသည်ဟု ကြုံတွေ့ခဲ့ရသည့် ကာယကံရှင်များထံမှ သိရသည်။ 

ယနေ့ မနက် ၇ နာရီကျော်ခန့်မှစ၍ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာတိုက်တန်းအနီး လမ်းသွယ်များ၊ ၃၅ လမ်း၊၂၆ လမ်း၊ ၁၉ လမ်း၊ ၇၃ လမ်း အစရှိသည့်​ အဓိကလမ်းမကြီးများ၊ မြို့နယ်အသီးသီးရှိ လမ်းသွယ်များတွင် စစ်သား၊ ရဲ၊ မီးသတ်နှင့် အုပ်ချုပ်ရေးတို့ ပူးပေါင်းကာ ရှာဖွေစစ်ဆေးနေခြင်းဖြစ်သည်။ 

တချို့နေရာများတွင် ဝါးလုံးများတား၍ လမ်းပိတ်ဆို့စစ်ဆေးနေကြသည်ဟု တွေ့မြင်ခဲ့ရသူများက ဆိုသည်။

နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း ရှိမရှိ၊ သက်ဆိုင်ရာရပ်ကွက်ရုံးများက ထုတ်ပေးထားသည့် နယ်ကျော်သွားလာခွင့်ကတ်ပါမပါ စစ်ဆေးသကဲ့သို့ ကိုဗစ်နှင့် မသက်ဆိုင်သည့် ဖုန်းဖွင့်၍ စစ်ဆေးခြင်း၊ ဆိုင်ကယ်တူးဘောက်စစ်ဆေးခြင်း၊ ပိုက်ဆံအိတ်များကို ဖွင့်ကြည့်ခြင်းများပါ ပြုလုပ်နေကြသည်ဟု သိရသည်။ 

“မင်းတို့ ဘာကတ်ပါပါ၂၀၀၀ ပေး ဆိုပြီး တောင်းတယ်။ ကတ်မပါရင် မပါလို့ဆို ၅၀၀၀။ အိတ်တွေ ဖွင့်စစ်သေးတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့်၊ ၁၉ လမ်းနှင့် ၈၆ လမ်းတွင် စစ်ဆေးခံခဲ့ရသည့် မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

“ရိုက်တာက စစ်သားနဲ့ ရဲတွေက ရိုက်တာ။ မူးနေကြတဲ့ပုံလည်းပေါ်တယ်။ လူသွားလမ်းတွေပေါ် အထိတ်တလန့်ဗျာ။ ပြည်သူတွေဘဝ တကယ်ကို မလုံခြုံတော့ပါဘူး” 

၎င်းအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူ နောက်တစ်ဦးကလည်း “ငွေတောင်ဘုန်းကြီးကျောင်းနားမှာဆို ကျောက်သမားတချို့ကို Mask မပါလို့ဆိုပြီး ဝါးလုံးတွေနဲ့ ခေါင်းတွေ ရိုက်တယ်။ (ဆိုင်ကယ်) ရပ်မပေးရင် သေနတ်တွေနဲ့ ချိန်တယ်။ ကြောက်တော့ အစစ်ခံရတာပဲ။ တောင်းသမျှပေးရတာပဲ”ဟု ဆိုသည်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်နိုင်တင်းဖြစ်ပွားမှု မြင့်တက်နေသော မန္တလေးမြို့ကို နေအိမ်တွင်နေထိုင်ရေး (Stay at Home) ကြေညာထားပြီး ဆိုင်များမှ အစားအသောက်ကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားသည်။

“Stay Home ကြေညာတယ်၊ နယ်ကျော်ကတ်တွေ ထုတ်ပေးတယ်၊ စစ်ဆေးတယ်ဆိုတာကလည်း သူတို့အုပ်ချုပ်ရေးကို အသက်သွင်းတာပဲ၊ ဒါပေမယ့် ဘယ်သူမှလည်း သွားမလုပ်ကြပါဘူး။ စစ်ခံတယ်၊ ဖမ်းခံတယ်၊ ငွေပေးကြတယ်။ ပြည်သူတွေက ကြောက်လို့၊ မတတ်သာလို့သာ ကြည့်နေ၊ ခံနေကြရတာ”ဟု မြို့ခံကဗျာဆရာတစ်ဦးက ဆိုသည်။

မန္တလေးမြို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းသည့်မြို့ဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးနေသည့်ကြားမှ ဆန္ဒပြနေသူများရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လှုပ်ရှားမှုများလည်း ရှိသည့်အတွက် စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသည်။ 

နေအိမ်ပြင်ပထွက်သူအများစုမှာ စားဝတ်နေရေးနှင့် ကျန်းမာရေးလိုအပ်ချက်အရ ထွက်ကြသူများဖြစ်ပြီး ကိုဗစ်လူနာအတွက် အောက်စီဂျင်ဖြည့်တင်းရန်၊ ဈေးရောင်းဈေးဝယ်များ၊ ဆေးထွက်ဝယ်သူများဖြစ်ကြသည်ဟု မန္တလေးမြို့ခံများက ပြောသည်။ 

“ကျွန်တော့်ကို တူးဘောက်စစ်တယ်၊ ဖုန်းဖွင့်စစ်တယ်။ ဘာလုပ်တာလဲ မေးတယ်။ ကျောက်လုပ်တာလို့ပြောတော့ ဒါဆို ဘောစိပေါ့တဲ့။ မဟုတ်ပါဘူးဗျာ၊ ကျောက်ဝိုင်းပိတ်ထားတာ အလုပ်အကိုင်မရှိ၊ အဆင်မပြေပါဘူးလို့ ပြောရတယ်။ ပိုက်ဆံတောင်းချင်တဲ့ပုံပဲ။ တော်သေးတယ်၊ ဖုန်းထဲ ဘာမှမထားဘူး။ ဘာအပြစ်မှ သူတို့ရှာမတွေ့တော့ လွှတ်ပေးလိုက်တယ်။ မိရင်တော့ တောင်းမှာပဲ”ဟု ၄၁ လမ်းနှင့် ၈၆ လမ်းတွင် စစ်ဆေးခံခဲ့ရသူ ကိုလင်းလင်းဆိုသူက ပြောသည်။

လတ်တလောတွင် မန္တလေးမြို့၌ လူသွားလူလာ နည်းပါးမှု မရှိသေးဘဲ ဒေသခံတချို့ကလည်း စစ်ကောင်စီ၏ Stay at Home အမိန့် ကို မနာခံလိုသောကြောင့် အပြင်ထွက် သွားလာနေကြကြောင်း သိရသည်။ 

ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်းတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ပြီးခဲ့သည့် ဇူလိုင် ၃၁ မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်ရှိ စစ်ကောင်စီဆန့်ကျင်သူများ ပုန်းအောင်းရာ နေရာ ၂ နေရာကို စစ်တပ်နှင့် ရဲက ဝင်ရောက်ဖမ်းဆီးရာ လူငယ် ၁၂ ဦး အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသူများအနက် ပစ်ခတ်ဖမ်းဆီးခံရသူ လူငယ်တစ်ဦး ယင်းနေ့မှာပင် သေဆုံးခဲ့သည်။ 

ဇူလိုင်လအတွင်း မန္တလေးမြို့တွင် မြတောင်စစ်ကြောင်းကို သုံးကြိမ်နှင့် အခြားဆန္ဒပြစစ်ကြောင်းများကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးနေပြီး မြတောင်ကျောင်းတိုက်ကိုလည်း ဇူလိုင် ၂၉ တွင် ဝင်စီးနင်းကာ လက်နက်များမိသည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

စစ်ကောင်စီဆန့်ကျင်သူများဘက်ကလည်း အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဇူလိုင် ၂၇ ၌ နေအိမ်တွင် ပစ်သတ်ခဲ့သည်။ 

လက်ရှိ​​တွင် မန္တလေးမြို့၌ ကိုဗစ်နိုင်တင်းတတိယလှိုင်းအတွင်း သေဆုံးမှုနှုန်းမြင့်တက်နေကြောင်း ပရဟိတအဖွဲ့ ၃ ဖွဲ့ထံမှ သိရပြီး သုသာန်များ၌ နေ့စဉ် လူ ၁၀၀ နီးပါး သင်္ဂြိုဟ်နေရကြောင်း ဇူလိုင်လကုန်ခန့်က Myanmar Now ကို ပြောထားသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဩဂုတ် ၁ အထိ မန္တလေးခရိုင် ၇ မြို့နယ်တွင် ကိုဗစ်လူနာ ၄၆ ဦး၊ သေဆုံးသူ ၁၆ ဦးဟု ဖော်ပြထားသည်။ 

Show More

Related Articles

Back to top button