သတင်း

မန္တလေးတွင် ပစ်ခတ်ဖမ်းဆီးခံရသည့် လူငယ်များအနက် တစ်ဦးသေဆုံး

မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ကွင်းကောက်ရပ်ကွက်၌ ယနေ့(ဇူလိုင် ၃၁) နံနက်ပိုင်းက စစ်ကောင်စီ ပစ်ခတ်ဖမ်းဆီးစဉ် ဒဏ်ရာရသွားသည့် လူငယ်နှစ်ဦးအနက် တစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် သပိတ်ခေါင်းဆောင်နှစ်ဦးက အတည်ပြုသည်။

သပိတ်စစ်ကြောင်းအဖွဲ့ဝင်များကို ပစ်မှတ်ထားဖမ်းဆီးသည့် ထိုဖြစ်စဉ်အတွင်း ၁၁ ဦးဖမ်းခံရသည်ဟု နံနက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သော်လည်း ညနေပိုင်းအချိန်တွင် သေဆုံးသူ အသက် ၂၂ အရွယ် ကိုရဲရင့် (ခ)ခေါ် ကိုမျိုးချစ်သူ အပါအဝင် ၉ ဦးသာ ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“ကလေးနှစ်ယောက်က ထပြေးတာ။ တစ်ယောက် ခြေထောက်ကို မှန်တယ်။ ကျသွားတဲ့ကလေးက ခါးကနေ ဖောက်ထွက်ပြီးတော့ ဆီးခုံကို မှန်တယ်။ အဲဒီအချိန်မှာ ရဲရင့်က မှောက်နေပြီ”ဟု သပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းထဲသို့ ခေါ်ဆောင်သွားပြီးနောက် ကိုရဲရင့် သေဆုံးသွားပြီဖြစ်ကြောင်း စစ်ကောင်စီတပ်က မိသားစုထံ ညနေ ၄နာရီခန့်တွင် အကြောင်းကြားခဲ့သည်ဟု သပိတ်ခေါင်းဆောင် နောက်တစ်ဦးထံမှ သိရသည်။

“သူ့မိန်းမကနေတစ်ဆင့် ကျွန်တော်တို့ကို ပြန်ပြောတာ”ဟု ၎င်းက ပြောသည်။

သို့သော် လက်ရှိအချိန်အထိ ကိုရဲရင့်၏ ရုပ်အလောင်းကို မိသားစုက စစ်ကောင်စီထံမှ ပြန်လည်တောင်းယူ၍ မရသေးကြောင်း အထက်ပါ သပိတ်ခေါင်းဆောင်နှစ်ဦးက ည ၈နာရီခန့်တွင် ပြောသည်။ ကိုရဲရင့်၏ မိသားစုနှင့်မူ Myanmar Now က တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ထို့အတူ ကိုရဲရင့်ကဲ့သို့ပင် ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့သူ အသက် ၂၂ အရွယ် ကိုခိုင်ထွန်းဆိုသူ၏ အခြေအနေကိုလည်း စုံစမ်း၍ မရသေးပေ။

နံနက်ပိုင်းက အထက်ပါဖြစ်စဉ်အပြင် မဟာအောင်မြေမြို့နယ်အတွင်း လှည့်လည်ဆန္ဒပြပြီးနောက် လူစုခွဲ၍ ဆိုင်ကယ်ဖြင့် ပြန်လာသည့် မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်းမှ လူငယ် ၃ ဦးကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားဖြင့် တိုက်၍ ဖမ်းသဖြင့် အသက် ၁၇ နှစ်အရွယ် မောင်ဇင်မျိုးခန့်ဆိုသူ ဖမ်းခံခဲ့ရသေးသည်။

အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် ဆန္ဒပြကန့်ကွက်နေကြသည့် မန္တလေးမြို့တွင် စစ်ကောင်စီက တောက်လျှောက်ပင် အကြမ်းပတမ်းကိုင်တွယ်နှိမ်နင်းနေသည်။

ယနေ့ဖမ်းဆီးခံရသူများပါဝင်သည့် မြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က မဟာမုနိဘုရားကြီးအနီး ဇူလိုင် ၂၇ ရက်က ပစ်ခတ်ဖြိုခွင်းခဲ့ဖူးပြီး အသက် ၂၅ နှစ်အရွယ် မသူသူဇင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားသည်။ သူ့ရုပ်အလောင်းကိုလည်း  မိသားစုက ပြန်မရခဲ့ပေ။

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ နောက်ပိုင်း စစ်တပ်က ပစ်ခတ်ဖမ်းခေါ်သွားပြီးနောက် သေဆုံးသွားသူတို့၏ ရုပ်အလောင်းပြန်မရသည့်ဖြစ်စဉ်များစွာ မန္တလေးမြို့၌ ရှိနှင့်ပြီးဖြစ်သည်။

Show More

Related Articles

Back to top button