သတင်း

မန္တလေးမှ မင်းတဲအီကင်းအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်း ယမန်နေ့ (ဇူလိုင် ၂၇) ညနေပိုင်း၌ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

အသက် ၄၀ ခန့်ဝန်းကျင်အရွယ်  ဦးနိုင်လင်းသည် ၁၂ လမ်းနှင့် ၈၆ လမ်းရှိ နေအိမ်တွင် ရှိနေစဉ် ၎င်း၏ ခြေနှစ်ဖက်၊ ဝမ်းဗိုက်နှင့် ခါးတို့တွင် သေနတ်ထိမှန်ခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

“ရပ်ကွက်ထဲက ထောက်ခံစာတို့၊ မြို့နယ်ဖြတ်ကျော်ကတ်တို့ လုပ်တဲ့လူတွေက အဲ့ဒီမှာ သွားလုပ်ရတာ၊ ပုံမှန်ဆို အဲ့ဒီလူက သူ့အိမ်ကို အဝင်အထွက် အရမ်းတင်းကျပ်တာတဲ့၊ အခုလည်း အပြင်ထွက်ကတ်လုပ်ချင်လို့ဆိုပြီး အဲ့ဒီကို လာတယ်လို့ ပြောတယ်၊ သေနတ်သံတွေကြားရတယ်၊ လေးငါးချက်လောက်တော့ရှိမယ်” ဟု ၎င်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက အခင်းဖြစ်ချိန် ဦးနိုင်လင်းအိမ်အနီးရှိသူတို့ကို ကိုးကားပြီး ပြောသည်။

“အဲ့ဒီအုပ်ကြီးတော့ ဆေးရုံတင်လိုက်ရသေးတယ်လို့ သိရတယ်၊ ဆေးရုံရောက်မှ သေတာတဲ့။ အဲ့ဒီလူကို ရပ်ကွက်ထဲက ဘယ်သူမှ ကြည့်မရဘူး၊ သူက ရပ်ကွက်ထဲကို စစ်ကားတွေခေါ်ပြီး လျှောက်ပတ်ကြည့်တာတွေ လုပ်တဲ့လူ။ ဆန္ဒပြသူတွေ ဖမ်းရင်လည်း သူပဲ ဦးဆောင်တာတွေလုပ်တဲ့လူ၊ အစက အုပ်ချုပ်ရေးမှူး မရှိဘူးတောင်ထင်နေတာ၊ ဒီလူက အုပ်ချုပ်ရေးမှူးတဲ့”

ယနေ့ (ဇူလိုင် ၂၈) မွန်းတည့် ၁၂ နာရီတွင် ​​မန္တလေးမြို့ အေးရိပ်ငြိမ်သုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း မင်းတဲအီကင်း ရပ်ကွက်နာမှုကူညီရေးအသင်းထံမှ သိရသည်။

ပစ်ခတ်လုပ်ကြံသူ အရေအတွက်နှင့် ပုံသဏ္ဌာန်မည်သို့ရှိသည်ကို မသိရသေးပေ။

ဦးနိုင်လင်းသည် မတ်လတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ပြီး မင်းတဲအီကင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် သုံးကြိမ်ခန့် မီးရှို့ခံရ၍ မီးလောင်ပျက်စီးခဲ့သည်။

ထို့ကြောင့် ထောက်ခံစာနှင့်၊ အပြင်ထွက်ခွင့်ကတ်များကို သူ၏နေအိမ်တွင် လုပ်ပေးနေခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများက ပြောသည်။

ရပ်ကွက်အတွင်း နေထိုင်သူများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သေဆုံးသူ၏ မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။

ယမန်နေ့တစ်ရက်တည်းမှာပင် ချမ်းမြသာစည်မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့ တွင်လည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ၎င်းရုံးများအနီး နေသူထိုင်သူတို့က ပြောသည်။

စစ်ကောင်စီက ယန္တရားလည်ပတ်နိုင်ရေးအတွက် ၎င်းတို့နှင့် ပနံသင့်သူများကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်နေသည်။

စစ်ကောင်စီခန့်အပ်ထားသူများ နိုင်ငံတစ်ဝန်းတွင် လုပ်ကြံသတ်ဖြတ်ခံနေရချိန်တွင် တချို့မှာ အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်နေကြသည်။

Show More

Related Articles

Back to top button