သတင်း

မန္တလေး၊ မြတောင်တိုက်တွင် လက်နက်မိသည်ဟု စစ်ကောင်စီ စွပ်စွဲ

မန္တလေး၊ မဟာအောင်မြေမြို့နယ် မြတောင်ကျောင်းတိုက်ရှိ ရွှေဝါဝင်းကျောင်းတိုက်ကို ယမန်နေ့ (ဇူလိုင် ၂၉) ညနေပိုင်း၌ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိသည်ဟုဆိုကာ ဆရာတော်နှစ်ပါး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ကို  ဖမ်းဆီးသွားသည်။

ညနေ ၃ နာရီခန့်မှစ၍ အင်အားအများအပြားဖြင့် ဝိုင်းဝန်းပိတ်ဆို့၍  ရွှေဝါဝင်းကျောင်းတိုက်အတွင်း ဝင်ရောက်ရှာဖွေကြကြောင်း အနီးဝန်းကျင်ရှိ ဆရာတော်များထံမှ သိရသည်။

“အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ အင်အားအတော်များများနဲ့ ဝိုင်းတယ်။ ပြီးတော့ အထဲကို ဝင်စီးတယ်၊ ဘာမှ ပြောဆိုခြင်းမရှိဘူး။ တစ်ကျောင်းဝင်၊ တစ်ကျောင်းထွက် ရှာဖွေတာတွေ လုပ်တယ်၊ အဲ့ဒီလိုရှာရင်းနဲ့ ရွှေဝါဝင်းကျောင်းတိုက်က ဆရာတော်နှစ်ပါးနဲ့ ကျောင်းသားနှစ်ယောက်၊ နောက်ပြီး ဆရာတော်တွေဆီ ကျောင်းကိစ္စတစ်ခုနဲ့ ရောက်နေတဲ့ ဒါယိကာမတစ်ဦးရဲ့ ငွေသား သိန်း ၂၅၀ နဲ့အတူ သံသယဆိုပြီး ငွေရော၊ လူရော ဖမ်းသွားတယ်၊ ၇ နာရီခွဲလောက်မှာ (စစ်တပ်)ပြန်သွားတယ်”ဟု  မန္တလေး သံဃသမဂ္ဂဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဖမ်းခံရသူတို့မှာ ရွှေဝါဝင်းကျောင်းတိုက်၏ နာယကဆရာတော်များဖြစ်သည့် ဇမ္ဗူအေးဆရာတော် ဦးဩဘာသ၊ စာချဆရာတော် ဦးကောသလ၊ ကျောင်းတွင် ကူညီလုပ်ကိုင်ပေးနေသူ ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်တပ်က ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းနေချိန်တွင် သက်တော် ၆၀ ၊ ဝါတော် ၄၀ ရှိပြီဖြစ်သည့် ရွှေဝါဝင်းကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဦးပညာသီရိဘိဝံသမှာ ကျောင်းတိုက်တွင် ဖြစ်ပွားနေသည့်ကိစ္စများကို ကြားသိပြီးနောက် အမောဖောက်၍ ယမန်နေ့ညနေပိုင်းကပင် ပျံလွန်တော်မူသွားခဲ့သည်ဟု မြတောင်ကျောင်းတိုက်နေ ဆရာတော်များက မိန့်သည်။

မြတောင်ကျောင်းတိုက်မှ သံဃာတော်များသည် ဖေဖော်ဝါရီ ၁  စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြချိန်မှစ၍ ယနေ့အချိန်အထိ မတရားအာဏာသိမ်းမှုကို နေ့စဉ်မပျက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ကျောင်းတိုက်တစ်တိုက်ဖြစ်သည်။

ယခုဖမ်းဆီးခံရသည့် ဆရာတော်နှစ်ပါးသည် ငြိမ်းချမ်းစွာဖြင့်ဆန္ဒပြမှုများအားကောင်းနေချိန် ပါဝင်ခဲ့သော်လည်း ပြောက်ကျားဆန္ဒပြမှုများတွင် ပါဝင်နိုင်ခြင်းမရှိတော့သည်မှာ သုံးလခန့်ရှိပြီဖြစ်ကြောင်း မြတောင်စစ်ကြောင်းဦးဆောင်သူများထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ရှိ ဝါဒဖြန့်သတင်းဌာန မြဝတီတွင် တိုက်အုပ်ဆရာတော်ထံ ခွင့်တောင်းပြီး ကျောင်းတိုက်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာမှ  ၃၇ နှစ်အရွယ်ရှိ ဖောက်ခွဲရေးတာဝန်ခံ နေလဝင်းကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ရှော့တိုက်လက်လုပ်မိုင်းများ၊ ဖောက်ခွဲရေးပစ္စည်းအများအပြားနှင့် တွေ့ရှိဖမ်းဆီးရမိကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖမ်းဆီးခံရသူတစ်ယောက်တည်းကိုသာ ဖော်ပြထားသည်ကို တွေ့ရသည်။

ကျောင်းတိုက်မှ ဖမ်းဆီးရမိသည့်ပစ္စည်းများဟု စစ်ကောင်စီတပ် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတစ်ပုံ

မြတောင်ကျောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများကြောင့် စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲသည့်အပြင် ကျောင်းတိုက်ဝန်းကျင် ဌာနဆိုင်ရာအဆောက်အအုံများတွင် အခိုင်အမာတပ်စွဲထားကာ ကျောင်းတိုက်ပတ်လည်တွင်လည်း အရပ်ဝတ်များဖြင့် စောင့်ကြည့်နေသည်။

ယင်းသို့ စစ်ကောင်စီက အမြဲစောင့်ကြည့်နေသည့် မြတောင်ကျောင်းတိုက်အတွင်းမှ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိသည်ဆိုသည်မှာ သံသယဖြစ်စရာကောင်းနေကြောင်း ဆရာတော်များက မိန့်သည်။

“ဒီပစ္စည်းတွေက သူတို့ (စစ်ကောင်စီ) ယူလာပြီး၊ သူတို့ဟာသူတို့ ဓာတ်ပုံရိုက်သွားတယ်လို့ ယူဆတယ်၊ ဘာလို့တုန်းဆိုတော့ မြတောင်ကို ဝင်စီးတိုင်းမှာ သူတို့ဘက်က ပစ္စည်းတွေ ပါလာတာများတယ်၊ သူတို့ပစ္စည်းတွေနဲ့ ဝင်ဝင်ပြီးတော့ ဓာတ်ပုံတွေ ရိုက်ရိုက်ပြီးတော့ အမြဲတမ်းတင်တယ်။ ဒီတစ်ခါလည်း သူတို့ယူလာတဲ့ ပစ္စည်းတွေနဲ့ ဖမ်းမိတဲ့ကျောင်းသားနဲ့ တွဲပြီး ရိုက်တယ်လို့ ယူဆတာပဲ။ ကျောင်းထဲက ပစ္စည်းတွေ မဖြစ်နိုင်ဘူး”ဟု အထက်ပါ သံဃသမဂ္ဂဦးဆောင်ဆရာတော်က မိန့်ကြားသည်။

စစ်ကောင်စီကို ဆန္ဒပြနေသည့် မြတောင်စစ်ကြောင်းကို ဖြိုခွဲသည့်အနေဖြင့် ဦးဆောင်သည့် မြတောင်ကျောင်းတိုက်အတွင်း ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ရှာဖွေခဲ့ပြီးဖြစ်သည်။

စစ်ကောင်စီသည် ဆန္ဒပြဆရာတော်များကို ဖမ်းဆီးထိန်းသိမ်းနိုင်ရေးအတွက် မန္တလေးရှိ မစိုးရိမ်ကျောင်းတိုက်များ၊ မြတောင်ကျောင်းတိုက် စသည့် နာမည်ကျော်ကျောင်းတိုက်ကြီးများကို မကြာခဏ ဝင်ရောက်စီးနင်းလေ့ရှိသည်။

စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၈ ကလည်း မြတောင်စစ်ကြောင်းကို မဟာမုနိဘုရားဝင်းအတွင်းမှ ထွက်ကာ ပစ်ခတ်ဖြိုခွင်းခဲ့၍ လေးဦးထက်မနည်းအဖမ်းခံရကာ စစ်ကြောင်းမှ အသက် ၂၅ နှစ်အရွယ် မသူသူဇင် ကျည်ထိ သေဆုံးသွားခဲ့ရသည်။

ယင်းသို့ပစ်ခတ်သတ်ဖြတ်ပြီး နောက်တစ်နေ့မှာပင် မြတောင်ကျောင်းတိုက်အတွင်း ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံဃာများကို ဖမ်းဆီးပြီးလျှင် နှိပ်စက်ညှဉ်းပန်းလေ့ရှိသည်။

Show More

Related Articles

Back to top button