ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်းနှင့် ကြုံရချိန်တွင် မန္တလေးမြို့ လူသေဆုံးနှုန်းမှာ ပုံမှန်ထက်မြင့်တက်နေကြောင်း ဒေသအခြေစိုက် ပရဟိတအဖွဲ့သုံးခုမှ တာဝန်ရှိသူများက ပြောသည်။
တောင်အင်းမြောက်အင်းသုသာန်နှင့် အေးရိပ်ငြိမ်သုသာန်တို့တွင် ယခင်က နေ့စဉ်ပုံမှန် သင်္ဂြိုဟ်နေရသည့် ရုပ်အလောင်း ၄၀ ခန့်သာရှိရာမှ ဇွန်၊ ဇူလိုင်တွင် ၅၀ မှ ၁၀၀ ဝန်းကျင်အထိ ရှိလာကြောင်း နာရေးကိစ္စများကို အခမဲ့ကူညီပေးနေသည့် အသင်းများက ပြောကြသည်။
“နေ့စဉ်သေဆုံးသူအရေအတွက်ကတော့ ဆေးရုံတွေကများတယ်။ ရပ်ကွက်ထဲကလည်း နည်းတယ်လို့တော့ ပြောလို့မရဘူး။ ဆေးရုံတွေကနေ အယောက် ၂၀ လောက်ဆို၊ ရပ်ကွက်အတွင်းမှ ၁၀ ယောက်တော့ ကူညီရတာပေါ့၊ ရပ်ကွက်အတွင်းအနေအထားကတော့ ကိုဗစ်သံသယပဲပြောရမှာပဲ” ဟု မင်းခေါင်ပရဟိတအသင်းမှ တစ်ဦးက ပြောသည်။
အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်နေဆဲဖြစ်သည့် မန္တလေးမြို့တွင် စစ်ကောင်စီ၏ ကိုဗစ်ကုသရေးအစီအမံများ၊ ဆေးရုံဆေးခန်းများနှင့် ချိတ်ဆက်ရန် အခြေအနေမပေးဘဲ နေအိမ်၌ပင် နေထိုင်ကာ ဆရာဝန်ကို ဆက်သွယ်၍ ကုသမှုခံယူနေသည့် ကိုဗစ်သံသယလူနာ အများအပြားရှိနေကြောင်း ပရဟိတသမားများက ပြောကြသည်။
“ပိုးတွေ့လူနာကတော့ နည်းတယ်လို့ ပြောလို့ရပေမဲ့ ပိုးတွေ့တရားဝင်လာမစစ်ဘဲနဲ့ အိမ်မှာတင် တုပ်ကွေးဆိုပြီး ကုကြတာပေါ့၊ အဲ့လိုတွေနဲ့ သေကြတာပေါ့။ အဲ့ဒီသဘောတွေ့ရတယ်”ဟု ရင်ဘတ်တူညီနောင်ပရဟိတအသင်းမှ ပရဟိတသမားတစ်ဦးက ပြောသည်။
ထိုအခြေအနေတွင် အောက်ဆီဂျင်ရရှိရေးအတွက် နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် အစိုးရဆေးရုံများတွင် တက်ရောက်ကုသရန်ခက်နေသည့် မန္တလေးမြို့၌ ကိုဗစ်သံသယဖြင့် သေဆုံးမှုများလာခြင်းဖြစ်နိုင်ကြောင်း အထက်ပါ ပရဟိတအဖွဲ့များက သုံးသပ်သည်။
“ဆေးရုံတွေမှာက လူနာတွေ ပြည့်နေတာတွေများတယ်။ အောက်စီဂျင်ထိုးကျနေတဲ့ လူနာတွေလောက်ပဲ လက်ခံကုပေးနိုင်တဲ့အနေအထားမျိုးရှိတယ်။ အဲဒီတော့ တော်ရုံလူနာလောက်က ရပ်ကွက်ထဲမှာပဲ ကုကြတာ များတယ်။ တချို့ကျတော့လည်း အောက်စီဂျင်ကို မရှူလိုက်ရဘဲ ရုတ်တရက် သေသွားကြတာတွေလည်း ကြုံရတယ်”ဟု မင်းခေါင်ပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်တွင် သံသယလူနာကို မည်သည့်ဆေးရုံသို့ ပို့နိုင်ကြောင်း ကူညီရေးအသင်းများပင် တိတိပပမခန့်မှန်းနိုင်ကြသဖြင့် လူနာအပေါ် ဆိုးကျိုးသက်ရောက်မှုတိုးစေကြောင်း ပရဟိတအသင်း ထူထောင်ထားသည့် အမျိုးသားတစ်ဦးက ပြောသည်။
“အိမ်ပြန်ခိုင်းတာ၊ ကိုယ့်အိမ့်မှာကိုယ်နေခိုင်းတာ၊ ရောဂါပြင်းမှတာ လက်ခံတော့ ဆုံးတာများတာပေါ့”ဟု စစ်ကောင်စီ၏ ရန်ကြောင့် နေအိမ်တွင် မနေထိုင်ရဲသည့် ထိုအမျိုးသားက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင်လအတွင်း ထုတ်ပြန်ချက်များတွင် မန္တလေးမြို့၌ ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးနှုန်းကို ၂၀ ဦးထက်ပို၍ ပိုပြလေ့မရှိပေ။



