သတင်း

လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ရွှေကျင်ဒေသခံ တစ်ထောင်ကျော် ထွက်ပြေး

ပဲခူးတိုင်းအရှေ့ခြမ်း ရွှေကျင်မြို့နယ် ကျေးရွာများ လက်နက်ကြီးနှင့် ပစ်ခတ်ခံနေရသဖြင့် နေရပ်စွန့် ထွက်ပြေးနေရသည့် ဒေသခံ ၁၀၀၀ ကျော် ရှိသည်ဟု သိရသည်။ 

စစ်တောင်းမြစ်အနောက်ဘက်ကမ်း ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းရွာတွင် တပ်စွဲထားသည့် အမှတ် ၂၀ တပ်ရင်းက ဖေဖော်ဝါရီ ၁၁ မှစ၍ ထိုသို့ ပစ်ခတ်နေခြင်းဖြစ်သည်ဟု ရွှေကျင်မြို့နယ်ဒေသခံများထံမှ သိရသည်။

ပစ်မှတ်ထားခံနေရသော ရွာများမှာ ရွှေကျင်မြို့မြောက်ဘက် မြို့ပေါ်မှ ၆ မိုင်ခန့်အကွာတွင် ရှိသော ညောင်ပင်ကြီး၊ သိုက်တူးကုန်း၊ ညောင်ပင်ကြီးရွာသစ်တို့ ဖြစ်သည်ဟု ရွှေကျင်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“လက်နက်ကြီးတွေနဲ့ တစ်ဖက်သတ် ပစ်ထည့်နေတာ။ ည ၉ နာရီနောက်ပိုင်းဆို လေး၊ ငါးလုံးလောက် ရမ်းပြီး ပစ်ထည့်နေတာ။ အဲဒီတော့ ရွာထဲမှာ တော်ရုံတန်ရုံ ဘယ်သူမှ မနေရဲတော့ဘူး” ဟု ၎င်းက ပြောသည်။

ပစ်ခတ်သည့်နေရာနှင့် ပစ်မှတ်ထားခံရသော ရွာများမှာ ၃ မိုင်ခန့်သာ ကွာဝေးသည်။

ထိုရွာများမှ ဒေသခံတို့ ပိုမိုလုံခြုံမည်ဟု ယူဆရသည့် ကျေးရွာများသို့ ထွက်ပြေးရသလို ဆွေမျိုးသားချင်းများရှိရာ ပိန်းဇလုပ်၊ ပြွန်တန်ဆာ စသည့် ဒေသများသို့လည်း တိမ်းရှောင်နေထိုင်နေရသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

ရွှေကျင်မြို့မြောက်ဘက် စစ်တောင်းမြစ်နှင့် ကျောက်ကြီးချောင်းအကြားရှိ ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နယ်မြေစိုးမိုးထားသည်ဟု ယူဆ၍ စစ်တပ်က ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကလည်း ဆိုသည်။

“အဲဒါကြောင့် စစ်တပ်က အဲဒီရွာတွေမှာ ကလေးတွေ (PDF တွေ) မနေနိုင်အောင် လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာ” ဟု ထိုအမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက် နံနက်အစောက ညောင်ပင်ကြီးရွာအတွင်း လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီ ၁၂ တွင် သတင်းထုတ်ပြန်သည်။

ညောင်ပင်ကြီးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကျည်အပိုင်းအစတစ်ခု။ (ဓာတ်ပုံ -KNU)

ထိုပေါက်ကွဲမှုအတွင်း အသက် ၄၀ အရွယ် ညားဇူလိုင်ဆိုသူ လည်ပင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ၎င်း၏သမီးဖြစ်သူ ၂၀ နှစ်အရွယ် မဖြူစိုးအေး နံကြားတွင် ဒဏ်ရာရရှိကာ ၃၆ နှစ်အရွယ် မသန်းသန်း ခြေသလုံးနှင့် ဒူးခေါင်းတွင် ဒဏ်ရာရှိခဲ့သည်။

ရွှေကျင်မြို့နယ်သည် KNU ၏ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်း တည်ရှိကာ အရှေ့ဘက်တွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ တောင်ဘက်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့နှင့် နယ်မြေချင်း ထိစပ်နေသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း တပ်ရင်းအမှတ် ၃၅၁ နှင့် ၆၀ တပ်များ ဝင်ရောက်လာသောကြောင့် တပ်မဟာ ၃ နယ်မြေအတွင်းရှိ မြင်သာယာကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ညောင်ပင်ဆိပ်ကျေးရွာ၊ ဗမာမျက်ရဲကျေးရွာ၊ လပတ်ကျေးရွာနှင့် မရမ်းစိမ်လေးကျေးရွာများမှ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ဖေဖော်ဝါရီ ၈ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်အထိ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၃ သိန်းခွဲကျော်ရှိကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပြန်ခုခံလိုသူ လူငယ်အများအပြား KNU တွင် ခိုလှုံကာ စစ်သင်တန်းတက်ခဲ့ရာ စစ်တပ်က KNU နယ်မြေများကို ကုန်းကြောင်း၊ လေကြောင်းမှ ထိုးစစ်ဆင်ခဲ့သည်။

ခုခံသူအများစုရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း လူနေကျေးရွာများ တိုက်ခိုက်ခံနေရပြီး ဖေဖော်ဝါရီ ၁၂ တွင် မူးမြစ်ကမ်းအနောက်ခြမ်း မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ၇ နှစ်အရွယ် ကလေးတစ်ဦး ဘယ်ဘက်မျက်လုံး ထိခိုက်သွားပြီး အခြားနှစ်ဦး အပြင်းအထန်ဒဏ်ရာရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button