ဆောင်းပါးရွေးကောက်ပွဲ

စစ်ရာဇဝတ်ကောင်၏ ရွေးကောက်ပွဲခြေလှမ်း

လူမျိုးသုဉ်းသတ်ဖြတ်မှုများ၊ အမျိုးသမီးများကို အစုလိုက်အပြုံလိုက် အဓမ္မကျင့်မှုများ၊ ရွာလုံးကျွတ်မီးရှို့မှုများတွင် အဓိကတာဝန်ရှိသူ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ရန် ထပ်မံ ခြေလှမ်းပြင်လာသည်။ 

စစ်ရာဇဝတ်မှုများစွာဖြင့် တရားစွဲဆိုခံထားရသည့် စစ်ခေါင်းဆောင်က ၇၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနားတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်၊ အနိုင်ရပါတီကို အာဏာလွှဲပေးမည့်အကြောင်း ထုတ်ဖော် ပြောဆိုလာသည်။

စစ်ဝတ်စုံဖြင့်သာ မြင်တွေ့ရလေ့ရှိသည့် အာဏာသိမ်း စစ်ဗိုလ်ချုပ်သည် တိုက်ပုံ၊ ခေါင်းပေါင်းနှင့် တောင်ရှည်ပုဆိုးကို ဝတ်ဆင်ထားပြီး နိုင်ငံတော်သမ္မတ၏ အဆောင်အယောင်ဖြစ်သော၊ ရှေးမြန်မာဘုရင်များလက်ထက် ထီးသုံးနန်းသုံး အသုံးအဆောင် ရွှေစလွယ်ကိုပါ သိုင်းလွယ်ထားသည်။

“ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ ပါတီကို ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာများ လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်လို့ ဖော်ပြထားတဲ့အတိုင်း ဆောင်ရွက်လျက် ရှိနေပါတယ်” ဟု သူက ကြိုတင်ရေးထားသော မိန့်ခွန်းစာရွက်ကို ကြည့်ရင်း ပြောသည်။

တစ်နေ့တခြား အင်အားကြီးထွားလာသည့် နိုင်ငံ အရပ်လေးမျက်နှာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စိန်ခေါ်မှုများသာမက နိုင်ငံတကာတရားရုံးများတွင် စစ်ရာဇဝတ်မှုများစွာဖြင့် တရားစွဲဆိုမှုတို့ကို ရင်ဆိုင်နေရသည့် စစ်ခေါင်းဆောင်မှာ မိန့်ခွန်းဖတ်နေစဉ် မျက်နှာ ဖြူရော် ညှိုးနွမ်းနေသည်။

၂၀၁၈ ဇူလိုင်လက နေပြည်တော်တွင် ပြုလုပ်ခဲ့သော ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ (ဓာတ်ပုံ – EPA)

စစ်ရာဇဝတ်မှုများ နောက်ကွယ်ကလူ

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေရာ ထောင်နှင့်ချီသည့် ပြည်သူများ မတရားသတ်ဖြတ်ခံနေပြီး ခုခံသူတို့ ခြေကုပ်ယူနိုင်ဖွယ်ရှိသည်ဟု ယူဆရသော ရွာများ မီးရှို့ ဖျက်ဆီးခံနေရသည်။

၂၀၂၂ နှစ်ကုန်အထိ ကျေးရွာပေါင်း ၁၀၇၅ ရွာမှ အိမ်ခြေ ၄၈၄၆၃ အိမ်ကို အာဏာသိမ်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု အချက်အလက်စုဆောင်းသည့် Data For Myanmar က မှတ်တမ်းတင်ထားသည်။

ရွာလုံးကျွတ်မီးရှို့မှုများ၊ အစုအလိုက်အပြုံလိုက် သတ်ဖြတ် မုဒိမ်းကျင့်မှုများ၏ အဓိကတာဝန်ရှိသူ မင်းအောင်လှိုင်နှင့် သူ့မိသားစုကို အရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အစွမ်းကုန် ကြိုးစားနေသည်။

ထို့ပြင် မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် အဓိကတာဝန်ရှိသူတစ်ဦးအဖြစ် နယ်သာလန်နိုင်ငံ The Hague မြို့ရှိ နိုင်ငံတကာတရားရုံး (ICJ) တွင် တရားရင်ဆိုင်နေရသူလည်း ဖြစ်သည်။

ထိုအမှုဖြင့်ပင် အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စုတရားရုံးတွင် တရားစွဲဆိုခြင်းခံထားရသလို တူရကီ၊ ဩစတြေးလျနိုင်ငံတို့တွင်လည်း စစ်ရာဇဝတ်မှုများဖြင့် စွဲချက်တင်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။

ထိုစစ်ရာဇဝတ်မှုများ၏ အဓိကလက်သည် အာဏာသိမ်း စစ်ဗိုလ်ချုပ်က နေပြည်တော်ရှိ လွတ်လပ်ရေးနေ့အခမ်းအနားတွင် ရွေးကောက်ပွဲကျင်းပရန် မိန့်ခွန်းပြောကြားနေခြင်း ဖြစ်သည်။

စစ်ရာဇဝတ်ကောင်၏ သမ္မတအိပ်မက်

ရန်ကုန်မြို့လယ် မြို့တော်ခန်းမဘေး လက်ရွေးစင်ကော်ဖီဆိုင် အပေါ်ထပ် တိုက်ခန်းငယ်လေးတွင် ကြီးပြင်းခဲ့သူ အာဏာသိမ်း စစ်ခေါင်းဆောင်သည် မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး မတိုင်ခင်အထိ မထင်မရှား စစ်ဗိုလ်ချုပ်တစ်ဦးသာဖြစ်သည်။

ဗိုလ်ချုပ်စျေးအနီးရှိ လသာ (၁) တွင် အထက်တန်းအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဥပဒေ အဓိကဘာသာရပ် သင်ယူစဉ် တက္ကသိုလ်အရန်တပ်ရင်းတွင် ပါဝင်ရာမှ စစ်ဗိုလ်တစ်ဦးဖြစ်ရန် အကြောင်းဖန်လာသည်။

ထို့နောက် စစ်တက္ကသိုလ်အပတ်စဉ် ၁၇ နှင့် ၁၈ တို့အတွက် ဝင်ခွင့်ဖြေဆိုသော်လည်း အောင်မြင်ခဲ့ခြင်း မရှိဘဲ ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ်အပတ်စဉ် ၁၉ တွင် တက်ရောက်ခွင့်ရပြီး နောက်ဆုံးတွင် အာဏာရှင်ဟောင်း သန်းရွှေ၏ အယုံကြည်ရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်။

စစ်တပ်က စီစဉ်သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ထင်ရှားသည့် စစ်ဗိုလ်ချုပ်ကြီးများ ဝင်ပြိုင်ခဲ့ကြရပြီး ၎င်းတို့ရလိုသည့် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို မင်းအောင်လှိုင် ရရှိသွားသည်။

ဦးစီးချုပ်ရာထူးယူထားသည့် ၁၀ နှစ်အတွင်း မိသားစုပိုင် စီးပွားရေးလုပ်ငန်းများစွာ တည်ထောင်နိုင်ခဲ့သော မင်းအောင်လှိုင်သည် နိုင်ငံ၏ အမြင့်ဆုံးအာဏာကို ရယူလိုလာသည်။

ထို့ကြောင့်ပင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မတရားဖမ်းဆီးခဲ့ပြီး ၎င်းက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည်။

အာဏာသိမ်းမှု ၂ နှစ်ပြည့်တော့မည့် အချိန်တွင် ယခင်စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ နည်းလမ်းအတိုင်း မင်းအောင်လှိုင်ကလည်း စစ်တပ်ပါတီ မဖြစ်မနေအနိုင်ရစေမည့် ရွေးကောက်ပွဲတစ်ခု ကျင်းပရန် ပြင်ဆင်လာသည်။

၂၀၁၀ အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားနေသော ဦးသိန်းစိုး (ဓာတ်ပုံ – EPA)

ရွေးကောက်ပွဲဖြင့် အာဏာလုရန် ကြိုးပမ်းခြင်း

စစ်တက္ကသိုလ်အပတ်စဉ် ၁၆ ဆင်း စစ်ဗိုလ်ချုပ်ဟောင်း သိန်းစိုးသည် ကြိုတင်မဲများဖြင့် နာမည်ကြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် သူ့ကို မူလရာထူးတွင် ပြန်လည် ခန့်အပ်ထားသည်။

သိန်းစိုးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီကို မဲဆန္ဒအပြတ်အသတ်ဖြင့် အနိုင်ရရှိစေရန် စနစ်တကျ အကောင်အထည်ဖော် ကြိုးပမ်းခဲ့သူလည်း ဖြစ်သည်။

စစ်တပ်ကကျင်းပမည့် ရွေးကောက်ပွဲမှာ ၂၀၁၀ တွင် ၎င်းတို့ စီစဉ်သည့် ရွေးကောက်ပွဲအတိုင်း ၎င်းတို့ပါတီ အနိုင်ရအောင် ဆောင်ရွက်မည်ဖြစ်ပြီး ဒီမိုကရေစီ၊ ဖက်ဒရယ်စံနှုန်းများနှင့် ကင်းဝေးနေဦးမည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

ဇန်နဝါရီ ၂၆ နေ့တွင် ပြဋ္ဌာန်းသည်ဟု စစ်ကောင်စီက ကြေညာသည့် နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေများတွင်လည်း ပါတီများ ပြန်လည်မှတ်ပုံတင်ရမည်၊ နိုင်ငံပိုင်ဘဏ်တွင် အပ်ငွေ သိန်းတစ်ထောင်ရှိရမည်၊ ပါတီထောင်သည့်နေ့မှ သုံးလအတွင်း ပါတီဝင် အင်အားတစ်သိန်း ရှိရမည်ဟူသော အချက်များ ဖော်ပြထားရာ ၎င်းတို့၏ ရွေးကောက်ပွဲတွင် ပြိုင်ဘက် နည်းနိုင်သမျှ နည်းပါးစေမည့် ဥပဒေဖြစ်လာသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲဖြင့် သူ့ကိုယ်သူ သမ္မတခန့်အပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ပြည်သူလူထု၏ အသိအမှတ်ပြုမှု၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိမည် မဟုတ်ကြောင်း NUG ၏ ဖက်ဒရယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လျန်မှုန်းဆာခေါင်းက ပြောသည်။

“မင်းအောင်လှိုင်က ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခွင့်အာဏာလည်း မရှိဘူး။ ရွေးကောက်ပွဲ ကျင်းပနိုင်ခွင့်ကို မရှိဘူး။ ထို့အတွက်ကြောင့် သူက ကျင်းပဖို့ ပြင်ဆင်နေတာက ရွေးကောက်ပွဲ မဟုတ်ဘူး၊ အာဏာလုယူပွဲ တစ်ခုပဲ။ စစ်တပ်က အာဏာသိမ်းတာကို အနုနည်းနဲ့ မဲပုံးထောင်ပြီး ထပ်ပြီးတော့ အာဏာလုယူဖို့ပဲ ဖြစ်တယ်” ဟု သူက ပြောသည်။

ဒီမိုကရေစီအသွင်ကူပြောင်းရေးကာလဟု ကြွေးကြော်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း သိန်းစိန် ဦးဆောင်သည့် ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လျန်မှုန်းဆာခေါင်းသည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌ အဖြစ် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC) တွင် ဒုဥက္ကဋ္ဌ ဖြစ်လာသည်။

၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေးတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ – လူမှုကွန်ရက်)

စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် လျန်မှုန်ဆာခေါင်းသည် NUG အစိုးရ၏ ဖက်ဒရယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်လာပြီး ငြိမ်းချမ်းရေးအစား စစ်တပ်ကို လက်နက်ကိုင် ခုခံရန်သာ အသားပေးပြောဆိုလာသည်။

“အဲဒီရွေးကောက်ပွဲကို ကျွန်တော်တို့ အားလုံးဆန့်ကျင်တယ်။ အဲဒီရွေးကောက်ပွဲ မဖြစ်အောင် တားဆီးမယ်။ အဲဒီရွေးကောက်ပွဲ ဖြစ်ပေါ်နိုင်ဖို့ အလားအလာရှိတဲ့ လမ်းကြောင်းအားလုံးကို ပိတ်ဆို့မယ်၊ ဖျက်ဆီးမယ်ဆိုရင် ဒီရွေးကောက်ပွဲက မဖြစ်နိုင်ပါဘူး” ဟု လျန်မှုန်းဆာခေါင်းက ဆက်ပြောသည်။

စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲအစီအစဉ်ကို လျန်မှုန်းဆာခေါင်းတို့ကဲ့သို NUG အစိုးရ ဝန်ကြီးများကသာ ကန့်ကွက်သည်မဟုတ်၊ ဖက်ဒရယ်ဒီမိုကရေစီအရေးကို လိုလားသည့် နိုင်ငံရေးပါတီအများစုက ကန့်ကွက်ကြသည်။

စစ်ခေါင်းဆောင်က ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအပေါ် သမ္ဘာရင့်ပါတီကြီးများ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့မှ ပြောရေးဆိုခွင့်ရှိသူများကလည်း ကန့်ကွက်ထားသည်။

မင်းအောင်လှိုင်၏ အစီအစဉ်ကို နိုင်ငံတကာနှင့် ပြည်သူလူထုက လက်ခံမည်မဟုတ်ဟု ဒီချုပ်ပါတီ၏ ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က ပြောသည်။

“အကြမ်းဖက်စစ်ကောင်စီမှာ လုပ်ပိုင်ခွင့်မရှိတဲ့ လုပ်ခွင့်လည်းမရှိတဲ့ ရွေးကောက်ပွဲတစ်ခုပေါ့။ အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးပြီးတော့မှ နိုင်ငံတကာနဲ့ ကမ္ဘာ့ကုလသမဂ္ဂမှာ လူရာဝင်ဖို့ ကြိုးစားဆောင်ရွက်နေတဲ့ အခြေအနေတစ်ခုပါပဲ” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဖြစ်နိုင်ခြေနည်းသည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က သုံးသပ်သည်။

“ဒီရွေးကောက်ပွဲဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် အပြောင်းအလဲဖြစ်စေနိုင်တဲ့ တိုးတက်မှုတစ်စုံတစ်ရာ ဖြစ်စေနိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အချိန်မတိုင်သေဘူးလို့ပဲ မြင်ပါတယ်” ဟု သူက ပြောသည်။

၂၀၂၁ မေလက နေပြည်တော်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့သည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး။ (ဓာတ်ပုံ – ပေးပို့)

PR စနစ်၊ ပြည်နယ်ဖွဲ့စည်းပုံတို့ဖြင့် သပ်လျှိုခြင်း

ပြည်တွင်း၊ ပြည်ပ ဖိအားများ၊ အထွေထွေအကျပ်အတည်းများကို ရင်ဆိုင်နေရသည့် အာဏာသိမ်း စစ်ခေါင်းဆောင်သည် NLD ကို လိုလားခြင်းမရှိသော နိုင်ငံရေးပါတီများနှင့် အဆင်ပြေစေရန်လည်း စည်းရုံးရေးဆင်းထားပြီးဖြစ်သည်။

တိုင်းရင်းသားအခွင့်အရေးများကို အာမခံချက်ပေးနိုင်မည့် အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပြည်နယ်အခြေခံဥပဒေ ရေးဆွဲရေးကိစ္စများကိုလည်း မက်လုံးပေးပြောဆိုထားသည်။

“တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ၊ နစ်နာမှုတွေကို ဥပဒေပြုရေးကဏ္ဍမှာ အမြင့်ဆုံးဖြစ်တဲ့ လွှတ်တော်မှာ တရားဝင် ပြောဆိုခွင့်၊ ဆွေးနွေးခွင့် ကျယ်ပြန့်စွာကိုယ်စားပြုခွင့် ရရှိရေးအတွက် အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ကျင်းပနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံဆွေးနွေးလျက်ရှိပါတယ် ” ဟု သူက လွတ်လပ်ရေးနေ့အခမ်းအနားတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

မဲစာရင်းမှားယွင်းမှုကို အကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်တပ်သည် အချိုးကျကိုယ်စားပြုစနစ် (PR) ကို အကောင်အထည်ဖော်နိုင်ရန် ပြည်ခိုင်ဖြိုးကြီးစိုးသည့် လွှတ်တော်တွင် ၂၀၁၄ ကလည်း ကြိုးပမ်းခဲ့ဖူးသည်။

သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ​ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီဟု အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ရာမှ PR စနစ် အကောင်အထည်ဖော်ရန် မအောင်မြင်ခဲ့ခြင်းဖြစ်သည်။

အစိုးရတစ်ရပ်ဖွဲ့နိုင်သည်အထိ NLD ထပ်မံအနိုင်ရသည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက် PR စနစ်ကို အကောင်အထည်ဖော်ရန် ထပ်မံ ကြိုးပမ်းလာခြင်း ဖြစ်သည်။

အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံပွဲ။ (ဓာတ်ပုံ – UEC)

၂၀၂၂ ဩဂုတ်တွင် စစ်ခေါင်းဆောင် စိတ်ကြိုက်ဖွဲ့စည်းထားသည့် UEC က မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်မှာ Closed List PR ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုလာသည်။  

Close List PR မှာ ပါတီတွင်း ရွေးချယ်ထားသည့် အမတ်လောင်းစာရင်းကို UEC သို့ ပေးပို့ရမည်ဖြစ်ပြီး မဲဆန္ဒရှင်သည် အမတ်လောင်း မည်သူမည်ဝါဆိုသည်ကို မသိရှိရဘဲ ပါတီကိုသာ ဆန္ဒမဲပေးရမည်ဖြစ်သည်။

ထို့နောက် ပါတီက ရရှိသည့် ဆန္ဒမဲအရေအတွက်အချိုးအစားအပေါ် မူတည်ကာ လွှတ်တော်တွင် အမတ်နေရများ ရရှိသွားမည်ဖြစ်သည်။

သို့သော်လည်း ထိုမက်လုံးမှာ တောင်ပေါ်နှင့် မြေပြန့်ဒေသရှိ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသူများကို သပ်လျှိုသွေးခွဲနေခြင်းသာ ဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက သုံးသပ်ကြသည်။

မင်းအောင်လှိုင်၏ ပြောဆိုချက်များသည် ယခင်စစ်အာဏာရှင်ဟောင်းများဖြစ်သည့် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့လက်ထက်က သပ်လျှိုသွေးခွဲသည့် နိုင်ငံရေးနည်းလမ်းဟောင်းများသာ ဖြစ်သည်ဟု ဖက်ဒရယ်တိုင်းရင်းသားရေးရာဝန်ကြီး လျန်မှုန်းဆာခေါင်းက သုံးသပ်သည်။

“စစ်တပ်ဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ချဉ်းကပ်တိုင်း၊ ချဉ်းကပ်တိုင်း နိုင်ငံရေးအရ ဘာအာမခံချက် ပေးဖူးလဲ။ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုအတွက် ဘာအာခံချက် ပေးဖူးလဲ။ အဖွဲ့အစည်းတချို့အတွက်၊ ကောင်းစားရေးအတွက် စီးပွားရေးမက်လုံး ပေးတယ်။ အာဏာမက်လုံးပေးတယ်၊ ရာထူးတွေ ပေးတယ်။ လူပုဂ္ဂိုလ်အပေါ်ကို အခြေခံပြီးတော့ပဲ သူတို့ချဉ်းကပ်တာပဲ။ အဖွဲ့အစည်းတွေကို အခြေခံပြီးတော့ ချဉ်းကပ်တာပဲ” ဟု သူက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးသူ တိုင်းရင်းသားခေါင်းဆောင်များမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ ရှင်သန်ရေး၊ စစ်အာဏာရှင်စနစ်ရှင်သန်ရေးကို ပူးပေါင်းဆောင်ရွက်ပေးနေခြင်းသာဖြစ်ပြီး တိုင်းရင်းသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို ဖျက်ဆီးနေကြသူများဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ကိုယ်ဘာလုပ်သလဲဆိုတာ ကိုယ်မသိဘဲနဲ့၊ သို့မဟုတ် သိရဲ့သားနဲ့ ကိုယ်ကျိုးအတွက် သွားလုပ်တဲ့သူတွေ ရှိတယ်ဆိုရင် နိုင်ငံရေးမှာ ကိုယ့်သမိုင်းကိုယ်ရေးကြရမှာပဲ။ ဒီအချိန်မှာ ဘယ်လိုပဲ ဖုံးကွယ်၊ ဖုံးကွယ် အမှန်တရားက အမြဲတမ်း ဖုံးကွယ်လို့ မရဘူး” ဟု သူက ပြောသည်။

ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၂၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြစဉ်။ ဓာတ်ပုံ – စစ်ကောင်စီ

ထို့ပြင် စစ်ခေါင်းဆောင်က ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမည်ဟု ၇၅ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား သဝဏ်လွှာတွင် ထည့်သွင်းထားသည်။

သို့သော်လည်း လက်တွေ့တွင်မူ စစ်ခေါင်းဆောင်အဆက်ဆက်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် မက်လုံးပေးစည်းရုံးမှုနှင့် လက်နက်ပြခြိမ်းခြောက်မှု ၂ မျိုးကိုသာ ကျင့်သုံးနေသည်။

ဇန်နဝါရီ ၂၄ က ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် စစ်တပ်ခေါင်းဆောင်များ နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင် ရှမ်းပြည်နယ်အတွင်းရှိ အခြားအင်အားကြီး ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP/SSA ၏ ဌာနချုပ်ရှိရာ ဝမ်ဟိုင်းမြို့အပေါ်တွင် စစ်လေယာဉ် ပျံသန်းကာ ခြိမ်းခြောက်ခဲ့သည်။

ထိုလုပ်ဆောင်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးဆွေးနွေးသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် မဆွေးနွေးသည့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြား စစ်ကောင်စီ၏ ပကတိသဘောထားကို ထင်ထင်ရှားရှား မြင်တွေ့ရသည်။

 စစ်ခေါင်းဆောင်၏ ပြောဆိုချက်များမှာ နိုင်ငံရေးမက်လုံးများသာဖြစ်ပြီး အာဏာသိမ်း စစ်တပ်၏ လက်အောက်တွင် တိုင်းရင်းသားအခွင့်အရေးအတွက် အာမခံချက် မရှိနိုင်ကြောင်း SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။

“ဒါက နိုင်ငံရေးလှိမ့်လုံးတွေ နိုင်ငံရေးဖြီးလုံးတွေပဲ ဖြစ်တယ်။ စစ်တပ်အနေနဲ့ အမှန်တကယ် ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားလို့တဲ့ သဘောထားမျိုး မတွေ့ရပါဘူး” ဟု သူက ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၆ မတ် ၃၀က ပြုလုပ်သည့် သမ္မတရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားအပြီး နိုင်ငံတော်အတိုင်ပင်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင်ကို ယှဉ်တွဲတွေ့ရစဉ်။ ဓာတ်ပုံ- AFP via Getty Image

အသုံးမဝင်တော့သည့် စု၊ ရွေး ၊လွှတ်

စစ်ရေး၊ နိုင်ငံရေး ဖိအားများဖြင့် ရင်ဆိုင်နေရချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန် ထုတ်ဖော်ပြောဆိုလာသည့် အာဏာသိမ်း စစ်ခေါင်းဆောင်သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံအကြီးအကဲများကို ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ရွေးချယ်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

၁၉၉၀ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲရလဒ် အသိအမှတ်မပြုသည့် စစ်ဗိုလ်ချုပ်ဟောင်း သန်းရွှေဦးဆောင်သည့် စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုရေး၊ လွှတ်တော်ခေါ်ယူပေးရေး အချက် ၃ ချက်ကို အဓိကတောင်းဆိုခဲ့ကြရာ စု၊ရွေး၊လွှတ် ဟု နာမည်ကျော်ခဲ့သည်။

သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲအပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲရလဒ် ငြင်းပယ်ခံခဲ့ရသည့် ဒီချုပ်ပါတီအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များအတွက် စု၊ရွေး၊လွှတ် မူမှာ နွေဦးတော်လှန်ရေးတွင် အသုံးဝင်နိုင်တော့မည် မဟုတ်ပေ။

အာဏာသိမ်းစစ်ခေါင်းဆောင်က ဒေါ်အောင်စုကြည်ကို ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးသည့် နိုင်ငံရေးအခင်းအကျင်းတစ်ခုကို ဖန်တီးလာနိုင်သော်လည်း ပါတီခေါင်းဆောင်ကိုယ်တိုင်က သူ့ပါတီတစ်ခုလုံးကို ဩဇာသက်ရောက် လွှမ်းခြုံနိုင်မည်မှာ မသေချာဟု SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က သုံးသပ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း NLD တစ်ခုလုံးကို အရင်လို လွှမ်းခြုံနိုင်ပါ့မလား။ ထိန်းချုပ်နိုင်ပါ့မလား။ တစ်ဖက်မှာ နိုင်ငံပြင်ပကို ထွက်ပြီးတော့မှ ခုခံတွန်းလှန်နေတဲ့ အဖွဲ့တွေက အများကြီးဖြစ်နေပြီ” ဟု သူက ပြောသည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့်လည်း စစ်တပ်စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကိုပင် ဖျက်လိုဖျက်ဆီးလိုက်သည့် စစ်တပ်ကို ယုံကြည်ရန် မျှော်လင့်ချက် အလွန်နည်းပါးနေသည်ဟု ဆိုသည်။

“တည်ငြိမ်မှုကို ဖျက်ဆီးလိုက်ပြီးမှ နောက်တစ်ခါ တည်ငြိမ်အောင် ပြန်လုပ်ပါမယ်ဆိုတာ မျိုးကတော့ ယုံကြည်လက်ခံဖို့က တော်တော်လေးကို ရာခိုင်နှုန်းနည်းသွားပြီလို့ ပြောလို့ရတယ်” ဟု သူက ဆက်ပြောသည်။

ထို့ပြင် ၂၀၂၀ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခင်းအကျင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း အများအပြားရှိနေရာ ၁၉၉၀ ကာလနှင့် များစွာ ကွာခြားသွားပြီဖြစ်သည်ဟု သူက ဆက်ပြောသည်။

“NLD နဲ့ စစ်ကောင်စီ ၂ ခုထဲကို ထည့်တွက်ပြီးတော့မှ ချင့်ချိန်ရမယ့် နိုင်ငံရေးအခင်းအကျင်းလို့ ကျွန်တော်တို့ မမြင်တော့ပါဘူး။ အဓိကအားဖြင့်တော့ မြန်မာတစ်ပြည်လုံးက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ပန်းတိုင်လို့ ယူဆတဲ့ အခြေအနေမျိုးကို ရောက်သွားပါပြီ” ဟု သူက ဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သင်တန်းဆင်းတပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်ပေးအပ်နေစဉ်။ (ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာ)

ဖက်ဒရယ်လမ်းပြမြေပုံနှင့် နောက်ဆုံးတိုက်ပွဲ

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ ဒီမိုကရေစီအင်အားစုများ ရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၏ လမ်းပြမြေပုံအတိုင်းသာ လျှောက်လှမ်းရမည်ဖြစ်သည်ဟု ဖက်ဒရယ်တိုင်းရင်းသားရေးရာ ဝန်ကြီး လျံမှုန်းဆာခေါင်းက ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို CRPH က ဖျက်သိမ်းပြီးပြီ။ လူထုတစ်ရပ်လုံးကနေ လုံးဝ လက်မခံနိုင်တော့ဘူး။ မင်းအောင်လှိုင်က ဒေါ်စုကို လွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသွားမယ့်လမ်းကြောင်း တစ်ခုမှ ကျွန်တော်တို့ လက်ခံလို့မရဘူး” ဟု သူက ပြတ်ပြတ်သားသားပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါကလည်း ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်အတိုင်းသာ ဆောင်ရွက်သွားမည်ဟု ယုံကြည်ထားပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် သဘောတူညီထားသည့် အခြေခံမူများကို လက်မခံပါက နိုင်ငံရေးအရ ဝေးကွာသွားလိမ့်မည်ဟု သူက ဆက်ပြောသည်။

“ဒေါ်စု လွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ နွေဦးတော်လှန်ရေးအင်အားစုကတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အတိုင်း သွားမယ်။ အဲဒီအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က အပြည့်အဝ ကျွန်တော်တို့နဲ့အတူ ရပ်တည်မယ်၊ လက်တွဲမယ်၊ တိုက်ပွဲဝင်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။

သို့သော်လည်း ၂၀၂၀ အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် (NLD) ပါတီအတွင်း အတုအယောင်ရွေးကောက်ပွဲများအပေါ် အခြေခံကာ အကွဲအပြဲသာဓကများ ယခင်က ရှိခဲ့ဖူးသည်။

စစ်အာဏာရှင်ဟောင်း သန်းရွှေဦးဆောင်ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီ၏ ဝါရင့်ပုဂ္ဂိုလ်များဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲနိုင် အမတ်များလည်းဖြစ်သည့် ဦးသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့က ပါတီသင်္ကေတ ခမောက်တံဆိပ်ကို ရယူကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို တည်ထောင်ပြီး ခွဲထွက်ခဲ့ဖူးသည်။

ပါတီဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က ပါတီမူဝါဒများအပေါ် သစ္စာဖောက်ဖျက်ပြီး စစ်အာဏာရှင်အလိုကျ ရွေးကောက်ပွဲအပေါ် ဝင်ရောက်ကြသူတွေရှိခဲ့ပြီး ယခုအချိန်တွင်လည်း စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဖြတ်သန်းလိုသူများရှိနေသည်ဟု ကြားသိရကြောင်း ပြောသည်။

“ပါတီရဲ့ မူဝါဒတွေကို သစ္စာဖောက်ဖျက်ပြီးတော့ သွားတဲ့သူတွေ အခုအခြေအနေမှာ ဘာဖြစ်နေပြီလဲ။ စစ်ကောင်စီလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒတွေကို ကျောခိုင်း သစ္စာဖောက်ပြီးတော့ သွားမယ့်သူတွေကလည်း အရင်လူတွေရဲ့ သွားရာလမ်းကြောင်းအတိုင်းပဲ သွားရမှာပဲ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ထို့ပြင် စစ်ခေါင်းဆောင်က နိုင်ငံ့ခေါင်းဆောင်များကို အသုံးချကာ အပေးအယူလုပ်လာနိုင်သော်လည်း အနာဂတ်နိုင်ငံရေးတွင် စစ်တပ် ပါဝင်ပတ်သက်မှုမရှိစေရန် ပြည်သူလူထု၏ စိတ်ပိုင်းဖြတ်မှုအတိုင်းသာ သူတို့ပါတီက ရှိနေမည်ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်မယ်ဆိုတာကိုတော့ ပိုင်းဖြတ်ထားပြီးတော့ လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေက ဘယ်လိုနည်းနဲ့မှ အရှိန်အဟုန် ကျဆင်းသွားစရာ အကြောင်းမရှိပါဘူး” ဟု သူက ပြောသည်။

အတုအယောင်ရွေးကောက်ပွဲကျင်းပြီး သမ္မတလုပ်လိုသည့် စစ်ခေါင်းဆောင်သည် နိုင်ငံခေါင်းဆောင်များကို နေအိမ်အကျယ်ချုပ်ထားရှိကာ အပေးအယူလုပ်လာနိုင်သော်လည်း စစ်တပ်နှင့် လိုက်လျောညီထွေ မူဝါဒမျိုးကို ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်တော့မည်မဟုတ်ဟု ယုံကြည်ကြောင်း ဝါရင့်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ လိုက်လျောညီထွေလုပ်တဲ့ဝါဒ၊ စစ်တပ်ကို အရှုံးပေးမယ့်ဝါဒမျိုးဆိုရင် ပြည်သူတစ်ရပ်လုံးကနေပြီးတော့ သူ့ကို သမိုင်းမှာ ထားပစ်ခဲ့တော့မှာလေ။ အဲဒါကြောင့်မလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီတစ်ခါတော့ သူဘာမှပြောမှာ မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။

NUG အနေဖြင့် NLD အာဏာရရေး လုပ်ဆောင်နေသည့် တိုက်ပွဲမဟုတ်ကြောင်း ပြည်သူကို ကြေညာရန် လိုအပ်နေပြီး NLD အာဏာပြန်ရရေးကိုသာ ဦးတည်ပြီး လုပ်နေပါက စစ်ကျွန်ဘဝက လွတ်မြောက်ရန် မရှိတော့ကြောင်း သူက ဆိုသည်။ 

“ဒီတစ်ခါက သမိုင်းမှာ နောက်ဆုံးတိုက်ပွဲပဲ။ စစ်အာဏာရှင်အတွက် ဒီမိုကရေစီသမားတွေရဲ့ နောက်ဆုံးတိုက်ပွဲပဲ။ တိုက်ပွဲကတော့ နောက်ဆုံးတိုက်ပွဲပဲ။ ဒီတစ်ခါရှုံးရင်တော့ တစ်သက်လုံး စစ်အာဏာရှင်အောက်မှာ ကျွန်ခံကြပေတော့၊ ပြီးပြီ၊ သွားပြီ၊ သွားပြီ စိတ်ကူးမယဉ်နဲ့တော့” ဟု ရှေ့နေကြီး ဦးကြီးမြင့်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button