သတင်း

စစ်တပ် ဖမ်းလာသည့် ကျွန်းလှဒေသခံ အကျဉ်းသားတစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းသွားရာတစ်လျှောက် ဓားစာခံအဖြစ် ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို လက်ပြန်ကြိုးတုပ်လျက် တွေ့ရပြီး ဦးခေါင်းကျည်ထိထားသည်ဟု ဒေသခံများက ပြောသည်။

မြို့အရှေ့ဘက် ၅ မိုင်အကွာ ထန်းပင်ကုန်းရွာကို ဇန်နဝါရီ ၆ တွင် စီးနင်းမီးရှို့ပြီးနောက် နောက်တစ်နေ့ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားချိန် ရွာသားများက ရွာအတွင်း ဝင်ရောက်ကြည့်ရှုရာတွင် ထိုသို့ တွေ့ရခြင်း ဖြစ်သည်။

“အိမ်ဝင်းထဲမှာပဲ ပစ်သတ်ထားတာ။ နွားချည်ကြိုးနဲ့ လည်ပင်းကို ချည်ထားတာ။ စကစတွေ ပါတဲ့ကြိုးနဲ့ လက်ကို နောက်ပြန်တုပ်ထားပြီး၊ တေ့ပစ်သတ်သွားတာဗျ၊ ခေါင်းကတော့ ဘာမှ ရစရာမရှိတော့ဘူး” ဟု ရုပ်အလောင်းတွေ့ခဲ့သည့် အသက် ၄၀ ခန့်အရွယ် ထန်းပင်ကုန်းရွာသားတစ်ဦးက ပြောသည်။

သေဆုံးသူသည် ထန်းပင်ကုန်းရွာမှ ၃ မိုင်အကွာရှိ ကြာတကန်ရွာမှ အသက် ၃၀ အရွယ် ကိုညီညီဆိုသူ ဖြစ်ပြီး ဇန်နဝါရီ ၆ က ထိုရွာကို စီးနင်းခဲ့သော စစ်ကောင်စီတပ်က ဖမ်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းကဲ့သို့ ဖမ်းဆီးခံရသည့် ကြာတကန်ရွာမှ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးလည်း ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေပြီး သေသည်ရှင်သည် မသိရပေ။

စစ်ကောင်စီတပ်က ရွာစဉ်လှည့်နေချိန် လမ်းတွင် ကြားဖြတ်တိုက်ခိုက်မှုကို ဟန့်တားနိုင်ရန် ဒေသခံတို့ကို ဓားစာခံအဖြစ် စစ်ကြောင်းနှင့်အတူ ခေါ်ထားလေ့ရှိသည်။

ကျွန်းလှမြို့မှ စစ်တပ်၏အကျဉ်းသားရုပ်အလောင်း၊ ပျောက်ဆုံးနေသော အခြားဓားစာခံတစ်ဦးတို့နှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူများကို ဆက်သွယ်၍ မရသေးပေ။

ကန့်ဘလူမြို့မှ စစ်သားနှင့် ပျူစောထီး ၁၀၀ ခန့်သည် ဇန်နဝါရီ ၆ မှ စတင်၍ ကျွန်းလှမြို့နယ်အရှေ့ခြမ်းကို ခြေလျင်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ထန်းပင်ကုန်းရွာကို ဇန်နဝါရီ ၆ မှ စတင်ပြီး နှစ်ရက်ဆက် မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၄၀၀ ခန့်အနက် နေအိမ် ၈၀ ကျော် မီးလောင်သွားကြောင်း၊ ရွာနှင့် မလှမ်းမကမ်းရှိ ဒေသခံများခိုလှုံမည်ဟု ယူဆရသည့် တောင်ယာတဲ အများအပြားကိုလည်း မီးရှို့သွားကြောင်း သိရသည်။

“တောတိုက်တွေမှာ သူတို့ရောက်တဲ့နေရာတွေမှာ ဝက်တွေကြက်တွေ ရိုက်သတ်ချက်စားပြီး လမ်းတစ်လျှောက်ကဟာတွေ အကုန် မီးရှို့တာ။ စစ်ဘေးရှောင်နေရတဲ့တဲ့ တဲတွေ။ စစ်ကြောင်းထိုးမယ်ဆိုတော့ ကျွန်တော်တို့ ရွာကလူတွေက ပစ္စည်းတွေကို တောမှာ ရွှေ့ထားကြတာ၊ အဲဒါတွေကို ရှို့ထားခဲ့တာ” ဟု ထန်းပင်ကုန်းရွာသား နောက်တစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်အစပ်ရှိ တောတောင်များထဲတွင် ညအိပ် တပ်စွဲကာ ယနေ့အထိ စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ဒေသခံ၂၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကန့်ဘလူခရိုင် PDF တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ထန်းပင်ကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ်ကလည်း အရပ်သားနှစ်ဦး သတ်ဖြတ်ခံရသည်။

ဒေသခံတို့ကို PDF သံသယဖြင့် ဖမ်းဆီးသတ်ဖြတ်သည့် စစ်တပ်က ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကိုလည်း ပစ်သတ်နေသည်ဟု ဒေသခံတို့က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်နီးပါအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ အနည်းဆုံး၂၆၈၈ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာ ၃၀ အထိ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းထောက်ထားမှုဆိုင်ရာညှိုနှိုင်းရေးရုံး (UNOCHR) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ဒီဇင်ဘာလကုန်ထိ နေအိမ်ပေါင်း ၃၅၀၀၀ ခန့် မီးရှို့ခံရသည့်အနက် စစ်ကိုင်းတိုင်းတွင် အများဆုံး ရှို့ခံရခြင်း ဖြစ်သည်။

စစ်ကောင်စီဗိုလ်ချုပ်ကြီးများက မီးရှို့မှုများမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု ယခင်က ပြောဆိုဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button