သတင်း

AA နှင့် စစ်တပ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သုံ့ပန်း လဲလှယ်

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်‌ကောင်စီတပ်တို့  သုံ့ပန်းလဲလှယ်သည့် အစီအစဉ်ကို ဇန်နဝါရီ ၃ နံနက် ၇ နာရီခန့်က တွေ့ခဲ့ရကြောင်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတချို့က ပြောသည်။

ကွမ်းတောင်နှင့် ပဒေသာရွာအကြား လဲလှယ်သည့် သုံ့ပန်းအရေအတွက် အတိအကျ မသိရသေးသော်လည်း ထိုအထဲတွင် AA ဘက်မှ အရာရှိအဆင့်တစ်ဦး ပါဝင်သည်ဟု ဆိုသည်။ 

စစ်တွေ- ရန်ကုန် အာရှကားလမ်းမကြီးပေါ်တွင် AA ဘက်မှ ကား ၃ စီး၊ စစ်တပ်ဘက်မှ ကား ၅ စီးကို တွေ့ရကြောင်း၊ လုံခြုံရေးအဖြစ် တစ်ဖက် လူအင်အား ၃၀ ခန့်စီ လိုက်ပါလာကြောင်း အနီးရှိ ကွမ်းတောင်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“အလှဲအလှယ်လုပ်တာမှာ စစ်ကောင်စီက ဖမ်းထားတဲ့ AA က ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတစ်ယောက် ပါတယ်။ AA ဘက်က ဖမ်းထားတဲ့ (စစ်တပ်) အရာရှိတွေ ပါမပါတော့ အတိအကျမသိဘူး။ ဘယ်နှစ်ယောက် အလှဲအလှယ်လုပ်တယ်ဆိုတာကိုလည်း အတိအကျမသိရပါ” ဟု ထို ဒေသခံက ဆိုသည်။

ပဒေသာကျေးရွာနှင့် ကွမ်းတောင်ကျေးရွာတို့မှာ ယခင်ကတည်းက တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည့်နေရာများဖြစ်သည်။

သုံ့ပန်းလဲလှယ်မှုကို လမ်းပေါ်တွင်ပင် ပြုလုပ်ကြသည်ဟု ပဒေသာကျေးရွာသားတစ်ဦးက ပြောသည်။

“ပဒေသာရွာနဲ့လည်း ၄ ဖာလုံ အကွာအဝေး၊ ကွမ်းတောင်နဲ့ဆိုလည်း ၄ ဖာလုံ အကွာအဝေး၊ ကားလမ်းအလယ်မှာ နှစ်ဖက်တပ် ယူနီဖောင်း၊ လက်နက်အပြည့်ကိုင်ပြီးတော့ အလဲအလှယ်လုပ်ကြတာ” ဟု သူက ပြောသည်။

တိုက်ပွဲများ ရပ်ထားသော်လည်း နယ်မြေလုံခြုံရေးအခြေအနေမှာ စိတ်ချ၍မရသေးဟု ကွမ်းတောင်ရွာသား နောက်တစ်ဦးက ဆိုသည်။

“အခုက တည်ငြိမ်နေတယ်ဆိုပေမဲ့ ဘယ်အချိန် ဘယ်လိုဖြစ်လာမယ်ဆိုတာ ခန့်မှန်းလို့မရဘူးလေ။ ဒါကြောင့် ပြေးနေကြတဲ့လူတွေကလည်း ပြန်လာကြသေးဘူး။ ကျွန်တော်တို့ကွမ်းတောင်ရွာအနီးမှာ တပ်စွဲထားတဲ့ စစ်တပ်ကလည်း ပြန်ရုပ်သိမ်းသွားတာ မရှိသေးဘူး။ အခုထိ ရှိနေတုန်းပါ” ဟု သူက ပြောသည်။

သုံ့ပန်း အပြန်အလှန်လွှတ်ပေးမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို AA ပြန်ကြားရေးတာဝန်ရှိသူနှင့် စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်း၍  မရသေးပေ။

ယမန်နှစ် ဇွန်လမှ စတင်၍ နှစ်ဖက်တပ်ဖွဲ့ဝင်များကို အပြန်အလှန်ဖမ်းဆီးမှုများရှိခဲ့သည်။

စစ်ကောင်စီလက်နက်ကိုင်အများအပြားမှာ စစ်မြေပြင်တွင် သုံ့ပန်းဖြစ်သွားခဲ့ကြောင်း သတင်းများတွင် တွေ့ရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းတွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ရွာနှင့် ဒီပါရုံရွာအကြား သုံ့ပန်း လဲလှယ်ခဲ့ကြသေးသည်။ 

ထိုစဉ်က ပြန်လွတ်လာသူများထဲတွင် စစ်သားနှင့် ရဲဝန်ထမ်း ၁၅ ဦး ပါဝင်သည်၊ AA တပ်ဖွဲ့ဝင်အရေအတွက် မသိခဲ့ရပေ။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် စစ်တပ်နှင့် AA တို့အကြား ၂၀၁၈ နှစ်ကုန်မှ ၂၀၂၀ နိုဝင်ဘာလဆန်းထိ တိုက်ပွဲများ ပြင်းထန်ခဲ့သလို ၂၀၂၂ ဩဂုတ်မှစတင်၍ နိုဝင်ဘာလဆန်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ 

ဇန်နဝါရီ ၂ တွင် AA က ရ‌သေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ထွက်စာတင်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ ပြန်လည် တာဝန်ထမ်း‌ဆောင်ရန် တိုက်တွန်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button