သတင်း

သင်္ဃန်းညီနောင် စစ်သုံ့ပန်း ၆၀၀ ကို နေရပ်ပြန်ခွင့်ပြုထားသည်ဟု KNU ပြော

လက်နက်ချခဲ့ကြသည့် သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ သုံ့ပန်းများ၊ မိသားစုဝင်များကို စစ်ကောင်စီထံ အတင်းအကျပ် ပြန်ပို့မည်မဟုတ်ဟု KNU ပြောခွင့်ရအရာရှိများက ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် လက်နက်ချခဲ့ကြသည့် သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ စစ်သည်များ၊ မိသားစုဝင်များကို စစ်ကောင်စီထံ အတင်းအကျပ် ပြန်ပို့မည်မဟုတ်ဟု KNU ပြောခွင့်ရအရာရှိများက ဆိုသည်။

၎င်းတို့ထံ ရောက်နေသူ ၆၀၀ ခန့် ရှိရာ နေရပ်ပြန်ရေး ဆိုသည်မှာ ထိုသူတို့၏သဘောအတိုင်းသာ ဖြစ်လိမ့်မည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

“မပြန်ချင်ဘူးဆိုရင်လည်း အတင်းအကျပ်တော့ ပြန်မပို့ပါဘူးလို့။ နောက်တော့ သူတို့ရဲ့ စိတ်သဘောဆန္ဒ ဘယ်လိုရှိသလဲဆိုတာ ကျွန်တော်တို့ သိထားပြီးတော့ ကျွန်တော်တို့ ဘယ်လို ကူညီဆောင်ရွက်ရမလဲဆိုတာကို ဆောင်ရွက်လေ့ရှိပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်သည် သင်္ဃန်းညီနောင်ဗျူဟာစခန်းကို ဧပြီလ ၅ ရက် နံနက် ၈ နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

KNU ထံ လက်နက်ချခဲ့သည့် သင်္ဃန်းညီနောင်ဗျူဟာမှ စစ်ကောင်စီတပ်၏ လက်နက်များ (ဓာတ်ပုံ – KNU)

သင်္ဃန်းညီနောင်ဗျူဟာမှ အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့် တပ်သားအဆင့် ၄၁၀၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပ်မိသားစုဝင် ၁၄၀ လည်း လက်နက်ချရာ ထိုအထဲတွင် ရဲမေ ၅၉ ဦး ပါဝင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ရဲမေ ဆိုသည်မှာ အမျိုးသားစစ်သည်တို့၏ အိမ်ထောင်ဖက်များကို ခေါ်ဆိုသည့် အသုံးအနှုန်းဖြစ်ပြီး နေထိုင်သည့် စခန်းအတွင်း လုပ်အားပေးခြင်း၊ စခန်းလုံခြုံရေးအတွက် လက်နက်ကိုင် ကင်းစောင့်ခြင်း စသည့် အလုပ်များကို အခမဲ့ လုပ်ကိုင်ပေးရသူများ ဖြစ်သည်။

သင်္ဃန်းညီနောင်ဗျူဟာမှ လက်နက်ချသူ စုစုပေါင်း ၆၁၇ ဦးရှိကြောင်း၊ တပ်မိသားစုဝင်နှင့် လူနာများ၏ အသက်ကို ကယ်တင်နိုင်ရန် လက်နက်ချခဲ့ကြောင်း သင်္ဃန်းညီနောင်ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး ထွန်းထွန်းလတ်က ကရင်ပြည်နယ်သတင်းများဖော်ပြနေသည့် KIC သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားသည်။

အဆိုပါ ၆၀၀ ကျော်ကို KNLA တပ်မဟာ (၆) ၏ လက်ထဲတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ဧပြီလ ၉ ရက်နေ့တွင် ပြောသည်။

KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်သုံ့ပန်းများပြန်လွှဲပေးရေးနှင့်ပတ်သက်၍ စစ်ကောင်စီတပ်နှင့် စကားပြောခြင်းမရှိသလို အိမ်နီးချင်းထိုင်းနိုင်ငံမှ အာဏာပိုင်များနှင့်လည်း ဆက်သွယ်ပြောဆိုမှုများမရှိကြောင်း KIC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။

ပဒိုစောတောနီးက KNU က မလွှတ်ပေးသဖြင့် စစ်သုံ့ပန်းများ နေရပ်မပြန်နိုင်ဖြစ်နေရသည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍လည်း မမှန်ကန်ကြောင်း ငြင်းချက်ထုတ်သည်။

၎င်းက စစ်သုံ့ပန်းများ အသက်ရှင်၊ နေထိုင်ခွင့်ရရေးကို တာဝန်ခံသည်ဟု ဆိုသည်။

“ဒီလို ကျွန်တော်တို့လက်အောက်မှာရှိတဲ့လူတွေ လူသားဆန်ဆန်နေရဖို့အရေး၊ သူတို့မှာ လုံခြုံစိတ်ချမှု၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ နေနိုင်ဖို့အရေး အဲဒါတွေ ကျွန်တော်တို့ အထူးအလေးထားတယ်။ အဲဒါတာဝန်ယူရမယ်၊ တာဝန်ခံရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းရှိထားပြီးသား” ဟု ပဒိုစောတောနီးက KIC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။

လက်ရှိအခြေအနေအရ KNU လက်ထဲရှိ သုံ့ပန်းများထဲမှ နေရပ်ပြန်လိုသူအရေအတွက် မည်မျှရှိသည်ဆိုသည်ကို မသိရသေးပေ။

KNU ထံ လက်နက်ချခဲ့သည့် သင်္ဃန်းညီနောင်ဗျူဟာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – KNU)

မြဝတီမြို့နှင့် ကပ်နေသည့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ စစ်ကောင်စီက လွှတ်လိုက်သည့် လေယာဉ် ဧပြီ ၇၊ ၈၊ ၉၊ ရက်များတွင် ဆင်းသက်ရန် စစ်ကောင်စီနှင့် ထိုင်းအစိုးရအကြား သဘောတူခဲ့သည်။ ထိုခရီးစဉ်မှာ သုံ့ပန်းများကို ပြန်ခေါ်ရေးအတွက် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

၇ ရက်နေ့တွင် လေယာဉ်တစ်စီး ဆင်းသက်ခဲ့သေးသည်။

သို့သော်လည်း လေယာဉ်ဆင်းသက်မည့်ခရီးစဉ် ပျက်သွားသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့က ပြောကြားခဲ့သည်။

လေယာဉ် ထပ်မံစေလွှတ်ခြင်းမပြုရသည့် အကြောင်းရင်းကို ထိုင်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ကရင်အမျိုးသားတပ် တစ်ဖြစ်လဲ BGF လက်ထဲမှ စစ်ကောင်စီတပ်သားများ

ဤအတောအတွင်း သုံ့ပန်းနှင့် မိသားစုဝင်များထဲမှ အရေအတွက် ၁၀၀ ကျော် သင်္ဃန်းညီနောင်ရွာ၏ အရှေ့မြောက်ဘက်ရှိ အွန်လိုင်းကျားဖြန့်လုပ်ငန်းများနှင့်တွဲဖက် လူသိများသော ရွှေကုက္ကိုလ်မြို့တွင် ရောက်နေသည်။

ထိုမြို့ကို စစ်ကောင်စီလက်အောက်က ခွဲထွက်ပြီး ကရင်အမျိုးသားတပ် (KNA) အဖြစ် သီးခြားရပ်တည်ရန် ပြင်နေသည့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) က ထိန်းချုပ်ထားသည်။

သင်္ဃန်းညီနောင်ရွာတွင် စစ်ကောင်စီဗျူဟာကုန်း လက်နက်မချမီက ခမရ (၃၅၇) တပ်ရင်းမှ ဒဏ်ရာရ စစ်သည်များနှင့် မိသားစုဝင် ၁၀၀ ကျော်ကို BGF တပ်ဖွဲ့ဝင်များက ခေါ်ဆောင်ကာ ရွှေကုက္ကိုလ်မြို့တွင် စောင့်ရှောက်ထားကြောင်း BGF အရာရှိတစ်ဦးထံမှ သိရသည်။

ဒဏ်ရာရလူနာနှင့် မိသားစုဝင်များကို သွားရောက်ကယ်ထုတ်စဉ်တွင် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်က ယာယီအပစ်ရပ်ပေးခဲ့ကြောင်း BGF ဘက်က ပြောသည်။

BGF ထံ ရောက်နေသူများထဲတွင် ဒဏ်ရာရလူနာ ၄၀ ပါပြီး သွားရောက် ခေါ်ဆောင်ကယ်ထုတ်စဉ် တစ်ဦးသေဆုံးထားကြောင်း၊ ဒဏ်ရာရလူနာများကို ထိုင်းနိုင်ငံဘက်က ဆေးရုံတချို့တွင် ဆေးကုပေးနေကြောင်း သိရသည်။

BGF အရာရှိတစ်ဦးကလည်း BGF ထံ ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရပ် အတင်းအကျပ်ပြန်ပို့မည် မဟုတ်ကြောင်း Myanmar Now ကို ပြောသည်။

သို့သော်လည်း စစ်ကောင်စီ၏ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မင်းမင်းစိုးက BGF ခေါင်းဆောင်တချို့ထံ ဖုန်းဆက်ကာ သုံ့ပန်းများ၊ မိသားစုဝင်များ ပြန်လွှဲပေးရေးနှင့်ပတ်သက်ပြီး စစ်ရေးအရအရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီက သင်္ဃန်းညီနောင်စစ်ဗျူဟာတွင် အစုအပြုံလိုက်လက်နက်ချခြင်းနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

နိုင်ငံအနှံ့ ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး ဖြစ်ရပ်တချို့ကို ထုတ်ပြန်သည့် စစ်တပ်အင်တာနက်စာမျက်နှာတွင်လည်း ပြီးခဲ့သည့် ရက် ၃၀ အတွင်း ကရင်ပြည်နယ်နှင့် ပတ်သက်ပြီး သတင်းဖော်ပြခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သားများ KNU ထံ လက်နက်ချသည့်သတင်း မကြာခဏ ထွက်ပေါ်တတ်သော်လည်း ဧပြီလဆန်းပိုင်းက သင်္ဃန်းညီနောင်ဗျူဟာမှ ဖြစ်ရပ်သည် အရေအတွက်အများဆုံး လက်နက်ချမှု ဖြစ်နေသည်။

ထိုဖြစ်ရပ်ကြောင့် KNU သည် လိုအပ်နေသည့် လက်နက်ခဲယမ်းအများအပြား ရရှိလိုက်သလို မြဝတီမြို့ကို ထိန်းချုပ်နိုင်ရန်လည်း ပိုမို လွယ်ကူသွားသည်။

လက်နက်ချရာတွင် ပါဝင်သူတို့ကို ယခင်က စစ်ခုံရုံးတင်လေ့ရှိသည်။

သို့သော်လည်း နိုင်ငံအနှံ့ စစ်မျက်နှာဖြန့်ထားရချိန် စစ်သည်အင်အား လုံလောက်မှု မရှိသည့် စစ်ကောင်စီက ထိုသို့သော စစ်သည်များကို ဒေသအသီးသီးသို့ စေလွှတ်ကာ တာဝန်ဆက်ပေးနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button