သတင်း

မုံရွာ နမခစစ်ဌာနချုပ်နှင့် ပျူစောထီးရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီး အားကောင်းသည့် ကျေးရွာတို့ကို လက်နက်ကြီးများဖြင့် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

ဇန်နဝါရီ ၁ ည ၉ နာရီခန့်က မြို့တောင်ဘက် ၁၀ မိုင်အကွာရှိ လက်နက်တပ်ဆင်ထားသော ပျူစောထီးများ စခန်းချရာ တောပုရွာကို လက်နက်ကြီးအလုံး ၃၀ ကျော် အသုံးပြုသလို လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force က ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သည်။ 

အထိနာသွားသည့် စစ်တပ်နှင့် ပျူစောထီးတို့ တုန့်ပြန်တိုက်ခိုက်မှု မပြုကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ 

“အပြန်အလှန်ပစ်ခတ်မှု မဖြစ်ဘူး။…ငြိမ်နေတာ” ဟု ၎င်းက ဆိုသည်။ 

နောက်တစ်နေ့ နံနက် ၃ နာရီခွဲတွင် ၁၂၀ မမ အမျိုးစားလက်နက်ကြီး ၆ လုံးဖြင့် မုံရွာနမခဝင်းအတွင်း ပစ်ခတ်ရာ ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း တိုက်ခိုက်ခဲ့သည့် Fight for People အမည်ရ မုံရွာအခြေစိုက် PDF တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်သူရိန်က ဆိုသည်။ 

ထိုတိုက်ခိုက်မှုအတွင်း နမခဝင်းအတွင်းမှ အဆောက်အအုံတစ်ခု ပျက်စီးသွားသည်ဟု တပ်နှင့် နီးစပ်သူများကို ကိုးကား၍ ၎င်းက ပြောသည်​။

“အဆောင်ပြိုတယ်လို့ သိရတယ်။ ယမ်းတွေ ဘာတွေထားတဲ့နေရာကို ကျတယ်လို့ ယူဆရတယ်။ ကျွန်တော်တို့ဘက်က (လက်နက်ကြီး) လွှတ်လိုက်တဲ့အချိန် မီးလုံးတက်လာပြီး ပြိုကျသံတွေ ကြားရတယ်လို့ ပြောတယ်ဗျ” ဟု ဗိုလ်သူရိန်က ဆိုသည်။ 

ထိုတိုက်ခိုက်မှုများကို မုံရွာခရိုင် PDF ၏ တပ်ရင်းဖြစ်သော Chindwin Attack Force, မြို့ခံကာကွယ်ရေးအဖွဲ့ ၅ ဖွဲ့နှင့် မုံရွာအခြေစိုက် Fight for People တပ်ဖွဲ့က လုပ်ဆောင်သည်ဟု ဆိုသည်။ 

တောပုရွာတိုက်ခိုက်မှုအတွင်း Chindwin Attack Force၏ တပ်ရင်း – ၄ ဖြစ်သော Monywa The Boys အမည်ရ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ တပ်ခွဲ – ၄ ဖြစ်သော 5 / Teachers People Defense Force PDF, Monywa Fighter Group, Spring Dove, ဝရဇိန်လက်နက်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (မုံရွာ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း မုံရွာခရိုင် PDF တွင် တိုက်ပွဲ ဆက်တိုက် ရှိနေသဖြင့် လက်နက်ခဲယမ်း အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။

ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်နှင့် ရွာခံပျူစောထီးတို့ ကြီးစိုးနေသည့် တောပုရွာကို လက်နက်ကြီးများဖြင့် မကြာခဏ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို Myanmar Now အနေဖြင့် သီးခြား စုံစမ်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲအခြေအနေကို သတင်းအမှောင်ချထားသည်။ 

ဒီဇင်ဘာ ၅ တွင်လည်း မုံရွာဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့က တောပုရွာကို တိုက်ခိုက်ရာတွင် ရှော့တိုက်ဒုံး အလုံး ၅၀ ကျော်၊ ၉၀ မမ အမျိုးအစား လက်လုပ်လက်နက်ကြီး ၁၀ လုံးထက်မနည်း အသုံးပြုခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button