သတင်း

စစ်ကောင်စီကာကွယ်ရေးစရိတ် ကျန်းမာရေးထက် အဆ ၃၆၀ ကျော်များ

အာဏာသိမ်း စစ်တပ်က ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ထပ်တိုးဘဏ္ဍာငွေသုံးစွဲရေး ဥပဒေပြဌာန်းလိုက်ရာကာကွယ်ရေးအသုံးစရိတ်မှာ အများဆုံးဖြစ်နေပြီး ကျန်းမာရေးထက် အဆပေါင်း ၃၆၀ ကျော်များနေသည်ကို တွေ့ရှိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုန်ကန်တော်လှန်မှုများကို ရင်ဆိုင်နေရသည့် စစ်ကောင်စီက ကာကွယ်ရေးအတွက် ငွေကျပ်သန်းပေါင်း ၄၅၀,၀၀၀ နီးပါး အသုံးပြုမည်ဖြစ်ကာ ဝန်ကြီးဌာန အားလုံးတွင် အများဆုံးပင်ဖြစ်သည်။ 

စစ်ကောင်စီ၏ ထပ်တိုးဘတ်ဂျက်အရ ကျန်းမာရေးအသုံးစရိတ်မှာ ကျပ်ငွေ သန်း ၁,၂၀၀ သာ ရှိပြီး ကာကွယ်ရေးအသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက အဆပေါင်း ၃၆၆ ဆကျော် ကွာဟနေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံတစ်နိုင်ငံ၏ ပညာရေးအသုံးစရိတ်အများဆုံး အသုံးပြုလေ့ရှိသော်လည်း စစ်ကောင်စီ၏ ယခုပညာရေးအတွက် ထပ်တိုးအသုံးစရိတ်တွင် ကျပ်သန်း ၉၇,၀၀၀ သာ သုံးမည်ဖြစ်သည်။ ထိုငွေပမာဏသည် ကာကွယ်ရေးအသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက ၄ ဆခွဲ နည်းပါးသည်ကို တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးရုံး ဝန်ကြီးဌာန အသုံးစရိတ်သည် ကျပ်သန်းပေါင်း ၂,၄၀၀ နီးပါးရှိသည်ကို တွေ့ရပြီး ထိုပမာဏသည် တစ်နိုင်ငံလုံး ကျန်းမာရေးအသုံးစရိတ်၏ ၂ ဆရှိသည်။ တရားလွှတ်တော်ချုပ်ရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ စာရင်စစ်ချုပ်ရုံးစသည့် ပြည်ထောင်စု အဆင့်ရုံးများအားလုံး၏ အသုံးစရိတ်ထက် များပြားသည်ကိုလည်း တွေ့ရသည်။

ကာကွယ်ရေး အသုံးစရိတ်များတွင် အကြွေး ကျပ်သန်းပေါင်း ၁,၁၅၀ နီးပါး ပေးဆပ်ရမည်ဖြစ်ပြီး ကျပ်သန်းပေါင်း ၁၈၀,၀၀၀ ကျော်ကို ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် ထပ်တိုးဘဏ္ဍာငွေသုံးစွဲမည့် ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ၇၅ နှစ်ပြည့် လေတပ်အခမ်းအနားတွင် တွေ့ရစဉ်။

တပ်တွင်းစည်းလုံးကြရန်နှင့် တပ်မိသားစုများကို ခြိုးခြံချွေတာကြရန် အာဏာသိမ်းခေါင်း ဆောင်များက ဩဝါဒပေးလေ့ရှိသော်လည်း ကာကွယ်ရေးအသုံးစရိတ်တွင် တပ်သားများကို ထောက်ပံ့ရန်နှင့် ချေးငွေထုတ်ပေးမည့်ငွေများ လုံးဝမပါဝင်ပေ။

ကာကွယ်ရေးအသုံးစရိတ်အများအပြား အသုံးပြုနေသည့် စစ်ကောင်စီသည် ယခုလအတွင်း ပြု လုပ်သည့် လေတပ်နှင့်ရေတပ်နေ့ အခမ်းအနားများတွင် တိုက်လေယာဉ်နှင့် စစ်ရေယာဉ်အသစ်များ ထုတ်ဖော်ပြသခဲ့သည်။ 

ဒီဇင်ဘာ ၂၄ ရက် ရေတပ် ၇၅ နှစ်ပြည့်အခမ်းအနားတွင် အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီးနှင့် ကမ်းထိုးရေယာဉ် ၂ စီးတို့ကို ထုတ်ပြခဲ့ပြီး အဆိုပါ ရေယာဉ်များသည် စစ်တပ်အတွက် “ထူးခြားလေးနက်သည့် စွမ်းအားတစ်ရပ်” ဟု စစ်ခေါင်းဆောင်က အမွမ်းတင်ပြောဆိုသည်။

“ရေတပ်သည် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့်ရေတပ်” ဖြစ်နေပြီဟု လည်း အာဏာသိမ်းခေါင်းဆောင်က ဆိုသည်။ သူ၏ အနာဂတ်ရည်မှန်းချက်အဖြစ် “ဒေသတွင်း အင်အားဖြန့်ကြက်နိုင်စွမ်းရှိ စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက်သွားရန်” မျှော်မှန်းကြောင်းလည်း ဆိုခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က လေတပ်နေ့တွင်လည်း ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ဝယ်ယူ ထားသည့် ခေတ်မီဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ ထုတ်ဖော်ပြသခဲ့သည်။​

နိုင်ငံအနှံ့ရှိ ခုခံတော်လှန်သူများကို လိုက်လံခေျမှုန်းရာတွင် မြေပြင်စစ်ကြောင်းများ အထိနာနေသည့်အတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ် အားကိုးနေသည်။​ အရပ်သားများကိုပါမချန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲနေရာ အောက်တိုဘာလအတွင်းက ကချင်ပြည်နယ် ဖားကန့်အနီး အနန့်ရွာတွင်ညအချိန် ဂျက်တိုက် လေယာဉ်သုံးစီးဖြင့် ဗုံးကြဲခဲ့ရာ လူပေါင်း ၁၀၀ ဝန်းကျင် သေဆုံးခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်ကောင်စီလေတပ်၏ တိုက်ခိုက်မှုမှာ အော့နှလုံးနာဖွယ်ဖြစ်သည်။ စက်တင်ဘာ ၁၆ တွင် လက်ယက်ကုန်းရွာ၏ ထိုစာသင်ကျောင်းထဲတွင် ကလေးငယ်များရှိနေစဉ် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ ဦးနှင့် ကျေးရွာနေ ဒေသခံ အရပ်သား ၆ ဦးအနည်းဆုံး သေဆုံးခဲ့ရသည်။

ကာကွယ်ရေးအသုံးစရိတ်သာမက စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနအတွက်လည်း အသုံး စရိတ် သိသိသာသာမြှင့်တင်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းပြီးနောက် ပြည်ပကြွေးမြီများလည်း မြင့်တက်လာသည်ကို တွေ့ရသည်။​၂၀၁၉− ၂၀၂၀ ခုနှစ်တွင် ပြည်ပကြွေးမြီကျပ်သန်းပေါင်း ၄၇,၆၃၇ ဖြစ်ပြီး ၂၀၂၁−၂၀၂၂ ခုနှစ်တွင် ပြည်ပအကြွေး ကျပ်သန်းပေါင်း ၅၉,၅၅၁ အထိ ထိုးတက်သွားသည်ကို တွေ့ရသည်။အာဏာသိမ်းစစ်တပ်၏ စစ်ဆင်ရေးများအတွင်း ပြည်သူ့အိုးအိမ်ပေါင်း ၄၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

သူဦးဆောင်သည့် စစ်တပ်သည် မြေပြင်၊ ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်နိုင်ပြီဟု စစ်ခေါင်းဆောင်က ကြွားလုံးထုတ်သော်လည်း မြန်မာကလေးငယ်တို့မှာ ဖြစ်သလို ပညာသင်နေကြရသည်။ (ဓာတ်ပုံ − Nway Oo Guru Lay Myar)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button