သတင်း

ပြည်ပကြွေးမြီလျော့အောင် NLD တတ်နိုင်လျှင် တရားအားထုတ်တော့မည်ဟု မင်းကင်းအမတ်ပြော

ပြည်ပကြွေးမြီများအနက် ဒေါ်လာ သန်း ၆၀၀ မျှကိုသာ လက်ရှိ အစိုးရလက်ထက်တွင် လျှော်ပစ်အောင်လုပ်နိုင်ပါက နိုင်ငံရေးလောကမှ အနားယူပြီး တရားစခန်းဝင်တော့မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၂၂ ရက်နံနက်ပိုင်းက ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်သည့် လက်ဖက်ရည်ကြမ်း  စကားဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးမောင်မြင့်က ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

မင်းကင်းအမတ် ဦးမောင်မြင့်က တပ်မတော်အစိုးရလက်ထက်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၁ ဘီလျံကျော်ရှိခဲ့ကြောင်း သို့သော် ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က သွားရောက်ညှိနှိုင်းခဲ့ရာ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများကို ပေးချေရမည့် ကြွေးမြီ ဒေါ်လာ ၆ ဘီလျံကို မြီရှင်များက လျှော်ပစ်ပေးခဲ့ကြောင်း၊ ယခု အစိုးရလက်ထက်တွင် ဒေါ်လာ ၆ ဘီလျံ၏ ဆယ်ပုံတစ်ပုံ သန်း ၆၀၀ ကို လျှော်ပစ်နိုင်အောင် ကြိုးပမ်းနိုင်ပါက နိုင်ငံရေးလောကမှ အနားယူမည်ဟု ပြောဆိုခြင်းဖြစ်သည်။

ပဲရစ်ကလပ်ဆိုသည်မှာ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ နော်ဝေ၊ နယ်သာလန်၊ ဒိန်းမတ်၊ ကနေဒါ စသည့် အင်အားကြီး ၁၉ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။

“ဒီ (NLD) အစိုးရလက်ထက်မှာ ဒေါ်လာ ခြောက်ဘီလျံရဲ့ ဆယ်ပုံတစ်ပုံဖြစ်တဲ့ ဒေါ်လာ သန်း ၆၀၀ အဲဒါကို လျှော်ပစ်တယ်ဆိုရင်တော့ ကျွန်တော် ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး မလုပ်တော့ဘူး။ … တရားစခန်းဝင်တော့မယ်” ဟု ၎င်းက ပြောသည်။

မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်မှာ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ၂၀၁၁ မှ ၂၀၁၂ ခုနှစ်အထိ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊၂၀၁၂ ခုနှစ်မှ အစိုးရသက်တမ်း ကုန်ဆုံးသည်အထိ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ်တွင် ပြုလုပ်သည့် ထိုလက်ဖက်ရည်ကြမ်း စကားဝိုင်းတွင် မင်းကင်းအမတ် ဦးမောင်မြင့်၊ ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးအေးမြင့်ကြူ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ နှင့် လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်တို့က လေးနာရီကြာ ဟောပြောခဲ့ကြသည်။

ယင်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် မိတ်ဖက်ပါတီဝင်များ၊ ပါတီထောက်ခံသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူ အမျိုးသမီးတစ်ဦးက “ယခု အစိုးရသစ်လက်ထက်တွင် ပြည်သူတစ်ယောက်တွင် အကြွေးမည်မျှ ရှိသနည်း” ဟု မေးခွန်း မေးမြန်းရာ မင်းကင်း အမတ် ဦးမောင်မြင့်က ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်မတိုင်မီက ပဲရစ်ကလပ်အဖွဲ့ဝင် နိုင်ငံများထံမှ ချေးယူထားခဲ့သည့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၂၇ ဘီလျံ၏ ၆၀ ရာခိုင်နှုန်း ၆ ဒသမ ၁၉၂ ဘီလျံကို လျှော်ပေးရန် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ညှိနှိုင်းလုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ စာရင်းများအရ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၀၃ ဘီလျံကျန်ရှိပြီး  ယင်းအနက် သုည ဒသမ ၄၂၂ ဘီလျံသာ လက်ရှိအစိုးရလက်ထက်တွင် ရယူထားခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ဖြစ်သော ပထမလွှတ်တော်ကာလတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၀၅ ဘီလျံ ရယူခဲ့ကြောင်း ယင်းစာရင်းအရ သိရသည်။

မင်းကင်းအမတ် ဦးမောင်မြင့် ဦးဆောင်သည့် လက်ဖက်ရည်ကြမ်း စကားဝိုင်းများကို ပြီးခဲ့သည့်လကတည်းက တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့တွင် ကျင်းပခဲ့ပြီး လာမည့် သီတင်းပတ်တွင် မြောက်ဒဂုံမြို့နယ်တွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

Show More

Related Articles

Back to top button