အာဏာသိမ်းစစ်တပ်က အခုနှစ်ကုန်ပိုင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ထိပ်သီးခေါင်းဆောင်တချို့ဟာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် နေပြည်တော်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ ကာယကံရှင်တွေနဲ့ ပါတီနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
နိုင်ငံတဝှမ်း ခုခံတော်လှန်မှုအားကောင်းနေချိန်မှာ လုံခြုံရေးအတွက် စိတ်ချရတဲ့ နေပြည်တော်က စစ်ရုံးချုပ်တည်ရှိရာ ဇေယျာသီရိမြို့နယ်ကနေ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပါတယ်။
မင်းကင်းမောင်မြင့်လို့ လူသိများတဲ့ ဦးမောင်မြင့်က ဇဗ္ဗူသီရိမြို့နယ်နဲ့ ဘူးလက်လှဆွေလို့ လူသိများတဲ့ ဦးလှဆွေက ပုဗ္ဗသိရိမြို့နယ်ကနေ အသီးသီး ဝင်ပြိုင်ကြမှာပါ။ ကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းက ဒက္ခိဏသီရိမြို့နယ်ကနေ ဝင်ပြိုင်ဖို့ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ကြံ့ခိုင်ရေးပါတီကို စစ်ခေါင်းဆောင်စေလွှတ်မယ့် တပ်အရာရှိတွေထဲ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးက နေပြည်တော်က အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တစ်နေရာဝင်ပြိုင်ဖို့ တစ်ပြေးနေပြီး၊
လက်ရှိ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက တပ်ကုန်းမြို့နယ်ကနေ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်ဖို့ စာရင်းပေးထားတယ်လို့ သိရပါတယ်။
နိုင်ဖို့သေချာပြီး လုံခြုံရေးစိတ်ချရတဲ့ နေပြည်တော် ၈မြို့နယ်ကနေ ဝင်ပြိုင်ချင်တဲ့သူများတာကြောင့် ပါတီတွင်းပွတ်တိုက်မှုတချို့တောင်ရှိတယ်လို့ ကြံ့ခိုင်ရေးပါတီနဲ့နီးစပ်သူတစ်ယောက်က ပြောပြပါတယ်။
ဦးမောင်မြင့်ဟာ ၂၀၁၀၊ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ၃ကြိမ်စလုံး သူ့ဇာတိဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ကနေဝင်ပြိုင်ခဲ့သူပါ။
ဒါ့အပြင် ဘူးလက်လှဆွေကလည်း တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ သူ့ဇာတိ ဂန့်ဂေါကနေ မပြိုင်တော့ဘဲ ပုဗ္ဗသိရိကနေ ဝင်ပြိုင်မယ်လို့ သိရပါတယ်။
ဇေယျာသီရိမြို့နယ်ကနေ ဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီဟာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေ ဝင်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
စစ်တပ်အများစုအခြေစိုက်တဲ့ ဇေယျာသီရိမြို့နယ်နဲ့ ကိုကိုးကျွန်းမြို့နယ်တွေဟာ တပ်မဲအများစုဖြစ်တာကြောင့် စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကပဲ သေချာပေါက်နိုင်မယ့် မဲဆန္ဒနယ်တွေ ဖြစ်ပါတယ်။
မဲဆွယ်ခရီးစရိတ်ကအစ အကုန်အကျသက်သာပြီး လုံခြုံရေးအရကော၊ နိုင်ဖို့ရာခိုင်နှုန်းပါသေချာတယ်ဆိုတဲ့ တွက်ကိန်းနဲ့ ကြံ့ခိုင်ရေးထိပ်သီးခေါင်းဆောင်တွေဟာ နေပြည်တော်ကနေပြိုင်ဖို့ သူတို့ကိုယ်တိုင် အဆိုပြုကြတာဖြစ်ပြီး၊ သူတို့ရဲ့အဆိုပြုချက်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ခံအတည်ပြုပေးလိုက်တာလို့ စစ်တပ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။
“သူတို့ရဲ့ အပြောအဆို၊ အပြုအမူတွေကို ပြည်သူအများစု လက်မခံကြတာ သူတို့ကိုယ်တိုင်သိနေတော့ မူလမဲဆန္ဒနယ်ကိုပြန်ပြီး မျက်နှာမပြရဲ၊ မသွားရဲတော့ဘူး။ အကြောက်လွန်တာလည်းပါတယ်” လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း နေပြည်တော်ကနေဝင်ပြိုင်ကြတဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲအပြီး အစိုးရနဲ့လွှတ်တော်မှာ ထိပ်သီးနေရာတွေ ရသွားကြတဲ့ သာဓကတွေလည်း ရှိပါတယ်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စီစဉ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဇဗ္ဗူသီရိမြို့နယ်ကနေ ဝင်ပြိုင်တဲ့ ဦးသိန်းစိန်က သမ္မတဖြစ်ခဲ့ပြီး၊ ပုဗ္ဗသီရိမြို့နယ်ကနေ ဝင်ပြိုင်တဲ့ သီဟသူရတင်အောင်မြင့်ဦးက ဒုသမ္မတ၊ ဇေယျာသီရိမြို့နယ်ကနေ ပြိုင်တဲ့ သူရဦးရွှေမန်းက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒက္ခိဏသီရိမြို့နယ်ကနေ ပြိုင်တဲ့ ဦးမြင့်လှိုင်က လယ်ဆည်ဝန်ကြီး စတဲ့ ထိပ်တန်းရာထူးတွေ ရခဲ့ကြပါတယ်။
စထွန်းအောင်/ Myanmar Now



