မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီပမာဏစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၂ ဘီလျံ (ကျပ် ၁၅ ဒသမ ၃ ထရီလျံ) ထိရှိနေပြီး ၎င်း၏ ထက်ဝက်ခန့်မှာ တရုတ်ထံမှ မြင့်မားသောအတိုးနှုန်းဖြင့် ချေးထားရသည့် ချေးငွေများဖြစ်သည်ဟု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ရှင်းလင်းတင်ပြခဲ့ရာ ပြည်ပကြွေးမြီ စုစုပေါင်းမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာကြောင်း၊ကြွေးမြီ စီမံခန့်ခွဲမှု ပိုမိုကောင်း မွန်စေရေး ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြည်ထောင်စုလွှတ်တော်မှ တစ်ဆင့်တိုက်တွန်း ခဲ့သည်။
“ချေးငွေနှင့်ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ စီမံကိန်းကာလအတွင်း အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်” ဟု စာရင်းစစ်ချုပ် အစီရင်ခံစာကို ဖတ်ကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးပြည်ပအကြွေးရှင်မှာ တရုတ်ဖြစ်ပြီး စုစုပေါင်းချေးငွေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၁ ဘီလျံ (၇၆၅၀ ဘီလျံကျပ်) အထိ ရှိသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာပါ အစိုးရ ကြွေးမြီကဏ္ဍနှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ အတွင်းရေးမှူး တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းကပြောသည်။
တရုတ်ချေးငွေ အများဆုံး ရယူထားသည့် ဝန်ကြီးဌာနမှာ လျှပ်စစ်နှင့်စွမ်းအင်ဖြစ်ပြီး ပြည်ထဲရေး၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ စက်မှုဝန်ကြီးဌာနတို့လည်း ပါဝင်ကြောင်း၎င်းကပြောသည်။
ထိုတရုတ်ချေးငွေ ရယူထားသည့် ဝန်ကြီးဌာနများမှာတစ်နှစ်အတိုးနှုန်း ၂ဒသမ ၅ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်းထိ ပေးချေနေရပြီး ကျန်ချေးငွေများထက် အတိုးနှုန်းများသော ချေးငွေများဖြစ်နေကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာကို ကိုးကားပြီး ၎င်းကပြောသည်။
မြန်မာနိုင်ငံက တရုတ်နိုင်ငံထံမှ ချေးယူခဲ့သောချေးငွေများအနက် ၂၀၁၃ ခုနှစ်က ပထမအကြိမ် လွှတ်တော် သဘောတူညီချက်ဖြင့် တရုတ်နိုင်ငံသွင်းကုန်ထုတ်ကုန်ဘဏ် (China EXIM Bank) ထံမှ ‘စိုက်ပျိုးရေး ချေးငွေ’ ခေါင်းစဉ်ဖြင့် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးယူခဲ့ရာချေးငွေ ကာလမှာ ဆိုင်းငံ့ကာလ နှစ်နှစ်၊ ပြန်ဆပ်ကာလ ရှစ်နှစ်၊ ချေးငွေ သက်တမ်း စုစုပေါင်း ၁၀ နှစ် ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။
နှိုင်းယှဉ်ခြင်းအားဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) နှင့် မြန်မာအစိုးရတို့ ၂၀၁၈ မတ်လ ၂၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးရေးချေးငွေများအတွက် အတိုးနှုန်းမှာ တစ်နှစ်လျှင် သုည ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၀ နှစ်နှင့် ပြန်ဆပ်ကာလ နှစ် ၄၀ ဖြစ်သည်။
ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေအရ ပြည်တွင်း ပြည်ပချေးယူငွေကို ကျပ်ဘီလျံ၅,၄၀၀ ထက် မပိုစေရဟု ပြဋ္ဌာန်းထားသော်လည်း ပြည်တွင်း၊ ပြည်ပ ချေးငွေ မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလျံ ၈,၉၀၀ အထိ ရှိသွားခဲ့သည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက အစီရင်ခံစာ ရှင်းလင်းရာတွင် ထည့်သွင်း ပြောသည်။
ပြည်ထောင်စု၏ အခွန်အကောက် ရငွေမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက်ကျပ် ၇၄၂၃ ဒသမ ၇၂၃ ဘီလျံရှိပြီး နိုင်ငံခြားချေးငွေ အများဆုံး ရရှိသည့် ဝန်ကြီးဌာနများမှာ လျှပ်စစ်နှင့်စွမ်းအင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ဖြစ်ကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။