ဆောင်းပါး

အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ကျန်ရှိနေသည့် ပြည်ပကြွေးမြီ 

အစိုးရအဆက်ဆက် လက်ဆင့်ကမ်းတာဝန်ယူခဲ့ကြသည့် ပြည်ပကြွေးမြီများ ထုထည်ကြီးမားနေဆဲဖြစ်သည်။ ချေးငွေအရင်းနှင့်အတိုးကို နှစ်အလိုက်ပေးဆပ်နေသော်လည်း အချို့ချေးငွေများမှာ သတ်မှတ်သက်တမ်းကာလအတွင်း ပြန်မဆပ်နိုင်သဖြင့် နောက်ကျကြေးနှင့် အတိုးငွေပမာဏလည်း တိုးပွားလျက်ရှိသည်။

၁၉၈၈ မတိုင်မီမှ ယနေ့အချိန်အထိ ပြည်ပအဖွဲ့အစည်းနှင့် နိုင်ငံပေါင်း ၂၀ ကျော်မှ ချေးယူခဲ့သည့် ပြည်ပကြွေးမြီ များအနက် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၀၃ ဘီလျံကျော် (ကျပ် ၁၅,၅၀၆ ဘီလျံ) ပေးဆပ်ရန်ကျန်ရှိနေသည်။ 

လယ်ယာစိုက်ပျိုးရေးနိုင်ငံဟု ကြွေးကြော်ထားသည့် မြန်မာနိုင်ငံသည် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းကျော် တင်ပို့နိုင်ခဲ့သည်။ ပြည်ပကြွေးမြီ လက်ကျန်ပမာဏမှာ ထိုဆန်နှင့်ဆန်ကွဲတင်ပို့တန်ဖိုး၏ ၁၀ ဆနှင့် ညီမျှနေသည်။ 

အစိုးရအဆက်ဆက် ပြည်ပငွေချေးရယူမှု

၁၉၈၈ မတိုင်မီမှ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၂၀၁၉ ခုနှစ် စက်တင်ဘာအထိ နိုင်ငံတကာမှချေးယူခဲ့သည့် ချေးငွေပမာဏ ဒေါ်လာ ၂၀ ဘီလျံရှိကြောင်း ဇူလိုင် ၂၄ တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာလေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ပချေးငွေချေးယူခြင်းကို အချိန်ကာလလေးခုဖြင့် ဖော်ပြထားပြီး ယင်းချေးငွေများ၏ ၆၃ ရာခိုင်နှုန်းဖြစ်သည့်  ၁၂ ဒသမ ၇ ဘီလျံကို ထုတ်ယူသုံးစွဲထားပြီး အရင်းပြန်လည်ပေးဆပ်ခဲ့မှုမှာ ၂ ဒသမ ၇ ဘီလျံနီးပါးရှိကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ကြွေးမြီလက်ကျန် တွက်ချက်ရာတွင် ချေးငွေစာချုပ်မှ ထုတ်နုတ်သုံးစွဲပြီးသည့်ငွေပမာဏကို အခြေခံတွက်ချက်ခြင်းဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ပြည်ပကြွေးမြီ ၁၀ ဘီလျံကျော် ကျန်ရှိနေခြင်းဖြစ်သည်။ 

၁၉၈၈ ခုနှစ်မတိုင်မီချေးယူခဲ့သည့် ပြည်ပချေးငွေများသည် သက်တမ်း ၁၅ နှစ်မှ ၄၀ နှစ်သက်တမ်းရှိပြီး လက်ရှိ အချိန်အထိ ပေးဆပ်နေရဆဲဖြစ်သည်။  ထို့အတူ တပ်မတော်အစိုးရလက်ထက် ၁၉၈၈ မှ ၂၀၁၁ အထိချေးငွေများကိုလည်း လက်ရှိအချိန်ထိပေးဆပ်နေရဆဲဖြစ်ကာ ထိုကာလအတွင်းရယူခဲ့သည့် ချေးငွေအများစုမှာ အတိုးနှုန်းကြီးမားသည့် တရုတ်ချေးငွေများဖြစ်သည်။ 

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ မှ ၂၀၁၆ အတွင်း ရယူခဲ့သည့် ချေးငွေများအနက် တရုတ်၊ ဆာဗီးယား၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံချေးငွေများမှာ အရင်းပေးဆပ်ရမည့်ကာလ ရောက်ရှိပြီဖြစ်သောကြောင့် စတင်ပေးဆပ်လျက်ရှိကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအစိုးရလက်ထက် ၂၀၁၆ မှ ၂၀၁၉ အထိ ဒေါ်လာ ၄ ဘီလျံကျော်ချေးယူခဲ့ပြီး ချေးငွေသက်တမ်း ၂၀ နှစ်မှ ၄၀ နှစ်၊ အတိုးနှုန်း သုညရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ 

ခေတ်အဆက်ဆက် ချေးယူခဲ့သည့် နိုင်ငံတကာကြွေးမြီများအနက် ၁၉၈၈ မတိုင်မီကာလမှာ ၄ ဒသမ ၂၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်သည်။ ၁၉၈၈ မှ ၂၀၁၁ အတွင်း ကြွေးကျန် ၂ ဒသမ ၁၂ ဘီလျံ၊ ၂၀၁၁ မှ ၂၀၁၆ အတွင်း ၃ ဒသမ ၂ ဘီလျံနှင့် ၂၀၁၆ မှ ၂၀၁၉ အထိ ကြွေးကျန် ၄၂၂ သန်းဖြစ်သည်။ 

မြန်မာနိုင်ငံအနေဖြင့် အကြွေးအများဆုံးဆပ်ရမည့်နိုင်ငံမှာ တရုတ်ဖြစ်ပြီး ဒုတိယအများဆုံးမှာ ဂျပန်ဖြစ်သည်။ ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA)၊ ဂျာမနီ၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ပြင်သစ်နှင့် အိန္ဒိယနိုင်ငံသည် အကြွေးအများဆုံးဆပ်ရမည့် အဖွဲ့အစည်းနှင့် နိုင်ငံများအဖြစ် အစဉ်လိုက်ရှိနေသည်။

ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလျံဖြင့် ဂျပန်ထံမှ အများဆုံးချေးယူရန် အတည်ပြုထားသော်လည်း ချေးငွေထုတ်ယူသုံးစွဲမှုမှာ တရုတ်က ၄ ဒသမ ၆ ဘီလျံဖြင့် အများဆုံးဖြစ်သည်။ တရုတ်နိုင်ငံကို အများဆုံးကြွေးတင်လျက်ရှိပြီး ပြန်လည်ပေးဆပ်ရမည့် ကျန်ရှိပမာဏမှာ  ၃ ဒသမ ၂ ဘီလျံ ကျော်ဖြစ်သည်။ 

ကြွေးအထူဆုံးဝန်ကြီးဌာနများ

ပြည်ပချေးငွေအများဆုံးရယူထားသည့် ဝန်ကြီးဌာနများတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နံပါတ်တစ်နေ ရာတွင်ရှိနေပြီး ယင်းနောက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာ န၊ ယခင်စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ အစဉ်လိုက်ရှိနေသည်။ 

အကြွေးအထူဆုံးဝန်ကြီးဌာနများအနက် စက်မှုဝန်ကြီးဌာန၏ ချေးငွေများသည် ၁၉၈၈ မတိုင်မီကာလနှင့် စစ်အစိုးရလက်ထက်တွင် အများဆုံးချေးယူခဲ့ခြင်းဖြစ်သည်။ စက်မှုဝန်ကြီးဌာနက ချေးယူသုံးစွဲခဲ့သည့် ချေးငွေ ပမာဏနှင့် လက်ရှိနိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၏ ဖွံ့ဖြိုးမှုအခြေအနေကို ချိန်ထိုးတွက်ဆကြည့်ပါက နိုင်ငံတော် အနေဖြင့် အပြည့်အဝအကျိုးခံစားခွင့်မရရှိကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

စက်မှုဝန်ကြီးဌာန၏ ချေးငွေသုံးစွဲမှုကိုသင်ခန်းစာယူပြီး ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့်စီမံကိန်းများကို နိုင်ငံတော်အတွက် ထိထိရောက်ရောက်အသုံးချရန် အရေးကြီးသည်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဒုတိယဥက္ကဋ္ဌ (၂) ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည်။ 

အရှုံးအပေါ်ဆုံးဝန်ကြီးဌာနအဖြစ် နာမည်ကျော်သည့် စက်မှုဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်မှုအောက်ရှိ နိုင်ငံပိုင်စက်ရုံ ၅၇ ရုံအနက် ၄ ရုံသာ အမြတ်ရရှိကာ လုပ်ငန်းလည်ပတ်နိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က၂၀၁၉ နိုဝင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည်။ 

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၁) မြင်းခြံသံမဏိစက်ရုံတိုးချဲ့စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် တရုတ်ဖွံ့ဖြိုးရေးဘဏ် (CDB) ထံမှ ချေးငွေယူရို ၁ ဒသမ ၀၄၂ ဘီလျံကို အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ရယူ ဆောင်ရွက်ခဲ့သည်။ အရှုံးပေါ်သဖြင့် လုပ်ငန်းများရပ်ဆိုင်းထားသော်လည်း ထိုစက်ရုံစီမံကိန်းအတွက် အတိုးများစွာပေးဆပ်နေရဆဲဖြစ်သည်။ 

ကြွေးလျှော်ခြင်းနှင့် ပြန်လည်ပေးဆပ်မှု

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများကိုပေးဆပ်ရမည့် အကြွေး ထက်ဝက်ကျော်ကို လျှော်ပစ်နိုင်ခဲ့သည်။  

၁၉၈၈ ခုနှစ်မတိုင်မီချေးယူခဲ့သည့်ချေးငွေများဖြစ်ပြီး အကြွေးဒေါ်လာ ၁၁ ဒသမ ၆၉ ဘီလျံကျော်အနက် ၅ ဒသမ ၉ ဘီလျံကျော်ကို Paris Club ဟုခေါ်သည့် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် မြီးရှင်နိုင်ငံများအဖွဲ့က လျှော် ပေးခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ 

အကြွေးထက်ဝက်ကျော် လျှော်ပေးခဲ့သော်လည်း ကျန်ရှိသည့် အကြွေးဒေါ်လာ ၅ ဒသမ ၇၄ ဘီလျံပေးဆပ် နိုင်ခြင်းမရှိသဖြင့် နောက်ကျကြေးများ ပေးနေရကြောင်းလည်း ဆိုသည်။ 

Paris Club အဖွဲ့ဝင် နိုင်ငံများအနက် ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် ဩစတေးလျကို ပေးဆပ်ရမည့် နောက်ကျ ကြွေးကျန်မှာ ကြွေးယူစဉ်က ငွေအရင်းထက်ပင်များပြားနေသည်ဟု ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်၌ တင်ပြခဲ့သည်။ 

ဂျာမနီနိုင်ငံမှ ဒေါ်လာ ၆၃၅ သန်း ချေးယူခဲ့ပြီး နောက်ကျကြေးများကြောင့် ၆၉၉ သန်း အကြွေးလျှော်ပေးခဲ့သည့် တိုင် ပေးဆပ်ရမည့်ပမာဏမှာ ၈၇၁ သန်းရှိကြောင်း ၎င်းက ပြောသည်။ 

“ကြွေးမြီလျှော်ပစ်ခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်ခဲ့မှုတွေကို အသိအမှတ်မပြုလို့ မဟုတ်ပါဘူး။ ကြွေးလျှော်ခွင့် ရရှိခဲ့ခြင်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးရေးလမ်းစဉ်ကို ကမ္ဘာ့နိုင်ငံများက အသိအမှတ် ပြုပြီးတော့ ချီးမြှင့်ခြင်းဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့သည်။ 

ကြွေးမြီတာဝန်ကျေသည့်နိုင်ငံဖြစ်ရန် စာချုပ်ပါသတ်မှတ်ချက်များနှင့်အညီ ပေးဆပ်ရန်လိုအပ်ပြီး ကြွေးမြီတာ ဝန်မကျေပွန်ခြင်းကြောင့် ကြွေးထပ်မံလျှော်ပေးရသည့်အဖြစ်မရောက်ရန် သင်ခန်းစာယူရမည်ဖြစ်ကြောင်း လည်းဆိုသည်။ 

 မြန်မာနိုင်ငံအနေဖြင့် ကြွေးမြီခံနိုင်ရည်ရှိမှုကို ထိန်းထားနိုင်ရန် အခွန်အကောက်ရငွေများ ပြည့်ဝစွာ ကောက်ခံ နိုင်ရေး၊ နိုင်ငံခြားငွေကြေးစီးဝင်မှုအားကောင်စေရေးအတွက် ပြည်ပပို့ကုန်ရငွေများတိုးတက်ရရှိလာရန် လိုအပ် ကြောင်း ချေးငွေဖြင့်ဆောင်ရွက်သည့်စီမံကိန်းများကို လူထုအတွက် အမှန်တကယ်အကျိုးရှိစေရန် ဂရုတစိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းတင်ပြခဲ့သည်။  

ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာအရ ပြည်တွင်းချေးငွေရယူခြင်းကို တဖြည်းဖြည်းလျှော့ချမည်ဖြစ်ပြီး ပြည်တွင်းပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုး(ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး) ကို ၄၀ ရာခိုင်နှုန်းထက် မကျော်ရန်၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးကိုလည်း ၃၀ ရာခိုင်နှုန်းထက်မကျော်ရန် ထိန်းညှိရမည်ဟု သတ်မှတ် ထားသည်။ 

၂၀၁၉ စက်တင်ဘာအထိ ပြည်တွင်းပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၃၈ ဒသမ ၇ ရာခိုင်နှုန်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၁၄ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သဖြင့်  ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ သတ်မှတ်ချက်နှင့် အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ကြောင်း အစိုးရ၏ ကြွေးမြီဆိုင်ရာလေ့လာတွေ့ရှိချက်အစီရင်ခံစာက ဆိုသည်။

ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာဆိုသည်မှာ ကြွေးမြီခံနိုင်ရည်ကိုထိန်းသိမ်းရန်၊ ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲရန်၊ အစိုးရငွေချေးသက်သေခံလက်မှတ် ပြည်တွင်းစျေးကွက်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ရေးဆွဲဆောင်ရွက်ခြင်းဖြစ်သည်။ 

အဆိုပါဟာဗျူဟာအရ ပြည်ပကြွေးမြီများကို ၂၀၅၆ -၂၀၅၇ ဘဏ္ဍာရေးနှစ်အထိ နှစ်ပေါင်း ၄၀ ကြာ အတိုးအ ရင်းပေးဆပ်သွားရမည်ဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာသန်း ၈၀၀ (အစောပိုင်းနှစ်များတွင်) မှ သန်း ၁၀၀ (နောက်ပိုင်းနှစ်များတွင်) ပေးချေရမည်ဟု ခန့်မှန်းထားသည်။ 

၁၉၈၈ မှ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်အထိ ပြည်ပကြွေးမြီအရင်းပေးဆပ်မှု ဒေါ်လာ ၂ ဒသမ ၆၉ ဘီလျံရှိသည်ဟု ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိအစိုးရလက်ထက် ဘဏ္ဍာနှစ်လေးခု အတွင်း ပြည်ပကြွေးမြီ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် ပေးဆပ်နိုင်ခဲ့သဖြင့် ပြည်ပကြွေးမြီဆပ်မှုစုစုပေါင်း၏ ထက်ဝက်ကျော်ရှိနေသည်။ 

“ပြန်ဆပ်တာကတော့ သူတာဝန်ရှိတဲ့အတိုင်း ပြန်ပေးနေနိုင်ပါတယ်။ အတိုးလည်း ပေးစရာရှိတာပေးတယ်။ အရင်းလည်း ပြန်ဆပ်စရာရှိတာတွေလည်း ပြန်ဆပ်နေနိုင်ပါတယ်” ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ပြောသည်။ 

အတိုးနှုန်းကြီးမြင့်သည့် တရုတ်ချေးငွေများကို အမြန်ဆုံးကျေလည်အောင်ပေးဆပ်စေလိုပြီး အာရှဖွံ့ဖြိုးရေး ဘဏ်ချေးငွေ၊ ဂျပန်နိုင်ငံချေးငွေ စသည့်အတိုးနှုန်းသက်သာသည့် ပြည်ပချေးငွေများရယူကာ တရုတ်နိုင်ငံ ချေးငွေကို ပြန်လည်ပေးဆပ်ရန်ညှိနှိုင်းသင့်ကြောင်းလည်း ၎င်းကဆိုသည်။ 

တရုတ်ချေးငွေများသည် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုစရိတ် သုည ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ပြည်ပချေးငွေများအနက် အတိုးနှုန်းအမြင့်ဆုံးဖြစ်သည်။ 

ပြည်ပကြွေးမြီတိုးလာဦးမည် 

ချေးငွေစာချုပ်များဟောင်းများမှ ဆက်လက်ထုတ်ယူသုံးစွဲမည့်ချေးငွေများ၊ ပြည်ပအဖွဲ့အစည်းများထံမှ ဆက်လက်ချေးယူမည့် ချေးငွေစာချုပ်သစ်များကြောင့် ပြည်ပကြွေးမြီ ဆက်လက်တိုးလာဖွယ်ရှိနေသည်။ 

ဆက်လက်ထုတ်ယူသုံးစွဲဖွယ်ရှိသည့် ပြည်ပကြွေးမြီသစ် အမေရိကန်ဒေါ်လာ ၈ ဘီလျံနီးပါးအထိရှိနိုင်ပြီး  ကြွေးမြီခံနိုင်ရည်ရှိမှုပမာဏကို ကျော်လွန်သွားနိုင်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က ပြည်ထောင်စုလွှတ်တော်၌ ဇူလိုင် ၂၉ တွင် ဆွေးနွေးခဲ့သည်။

ကြွေးမြီခံနိုင်ရည်ရှိမှုကို ကျော်လွန်ကောင်းကျော်လွန်နိုင်သော်လည်း လက်ရှိချေးငွေအမျိုးအစားများသည် အတိုးနှုန်းသက်သာပြီး နှစ်ရှည်ချေးငွေများဖြစ်သောကြောင့် အတိုးနှုန်းမြင့်ချေးငွေနှင့်နှိုင်းယှဉ်လျှင် အန္တရာယ် နည်းကြောင်း ဦးဇော်ဖေဝင်းက ဆိုသည်။

ထို့အပြင် ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါကြောင့် အစိုးရအသုံးစရိတ်များတက်လာသည့်အပြင် စီးပွားရေး လုပ်ငန်းများရပ်တန့်နေခြင်းကြောင့် ရငွေကျဆင်းလာသဖြင့် ပြည်ပချေးငွေ၊ ထောက်ပံ့ငွေများ ရယူသုံးစွဲရမည် သာဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။ 

“ရစရာက မရဘဲ ကုန်စရာက ပိုကုန်သွားတယ်။ အဲ့ဒါကြောင့်မို့လို့ ချေးငွေတွေကတော့ ယူရမှာပဲ။ ဒါကြောင့် အကြွေးကတော့ ပိုတင်သွားတာပဲ။ ဒါပေမဲ့လို့လည်း ဒီချေးငွေတွေက မယူလို့လည်းမဖြစ်ဘူးပေါ့။ တစ်ခုပဲ ရှိတာပါ။ ဒီချေးငွေတွေကို ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့တော့လိုတာပေါ့” ဟု ဦးဇော်ဖေဝင်းက ပြောသည်။

အလားတူပင် ခေတ်အဆက်ဆက်အစိုးရများက ပြည်ပချေးငွေများကို မည်ကဲ့သို့ ချေးယူထားခဲ့သည်ဖြစ်စေ အနာဂတ်မျိုးဆက်သစ်များအတွက် သမိုင်းကြွေးမကျန်ရစ်စေရန် လက်ရှိကြွေးမြီများကို ထိထိရောက်ရောက် အသုံးချရန်လိုကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်မင်းက ဆိုသည်။ 

အတိုးနှုန်းကြီးမားသည့်ချေးငွေများသည် အတိုးနှုန်းနည်းပါးသည့်ချေးငွေများထက် အန္တရာယ်ပိုများသော်လည်း ချေးငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းများကို သေချာအကောင်အထည်ဖော်နိုင်ခြင်းသည်သာ ပဓာနကြကြောင်း လည်း ကျွမ်းကျင်သူများက ဆိုသည်။ 

“ရိုးရိုးပဲ။ ပိုက်ဆံလိုရင်ချေးကြတာပေါ့။ အခက်အခဲတွေ့တဲ့အခါ ပိုက်ဆံလိုတဲ့အခါချေးကြတာပဲ။ ငွေချေးတာက ပြဿနာမရှိဘူး။ အဓိကက ချေးတဲ့ငွေကို ထိထိရောက်ရောက်အသုံးချဖို့ပေါ့။ ငွေချေးတာက လိုရင်ငွေချေးကြ မှာပဲလေ” ဟု ယခင်အစိုးရလက်ထက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာမောင်မောင်သိမ်းက Myanmar Now ကိုပြောသည်။

လက်ရှိအချိန်အထိ ကြွေးမြီများကို ကြိုးစားပေးဆပ်နိုင်သေးပြီး ချေးငွေကိုလည်း ရာနှုန်းပြည့်မဟုတ်သည့်တိုင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ထိထိရောက်ရောက်အသုံးချလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

အာဖရိကနိုင်ငံအချို့တွင် ပြည်ပမှချေးငွေရယူရပြီး နိုင်ငံ့အကြီးအကဲများက စိတ်တိုင်းကျသုံးစွဲခဲ့ခြင်းကြောင့် ပြဿနာတက်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ယင်းကဲ့သို့သုံးစွဲခြင်း မရှိကြောင်း ဒုတိယဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

သို့သော်လည်း အတိုးနှုန်းမြင့်မားသည့် တရုတ်ချေးငွေများကို ယခင်အစိုးရများက မဆင်မခြင်ချေးယူခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းဝင်းက ဆိုသည်။ 

ဒုဝန်ကြီးအဖြစ် ၎င်းတာဝန်ယူခဲ့စဉ်က တရုတ်ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းအချို့သည် စီမံကိန်းမစတင်မီ အတိုးနှုန်း ဒေါ်လာသန်းချီပေးဆပ်ခဲ့ရသည်ကို ကြုံဖူးကြောင်း ဒေါက်တာထွန်းဝင်းက ပြောသည်။ 

“မသေချာမရေရာနဲ့ ဆပ်နေရတာကြီး။ ဒါက စိုက်ပျိုးရေးက စာရင်းပေါ့နော်။ အခြားကျန်တာတွေ အများကြီးပဲ။ စက်မှုဝန်ကြီးဌာနမှာ အများကြီးပဲ။ စက်ရုံတွေဆောက်ပစ်လိုက် လုပ်လိုက်။ ဒါတွေက တော်ရုံတန်ရုံ Case မဟုတ်ဘူး ” ဟု ၎င်းက ပြောသည်။ 

၁၉၆၂ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ အဂတိခြစားမှု အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် နာမည်ကျော်ကြားလာကာ အကျိုးဆက်အားဖြင့် ဆင်းရဲမွဲတေမှုအမြင့်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်သို့ သက်ဆင်းခဲ့ပြီး၊ အုပ်ချုပ်သူများနှင့် ၎င်းတို့၏မိသားစုဝင်များမှာ ငွေကြေးဓနအကြွယ်ဝဆုံးသော လူတန်းစားတစ်ရပ်ဖြစ်လာခဲ့သည်။ 

Show More

Related Articles

Back to top button