သတင်း

အင်းတော်တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးအများအပြားနှင့် လေတပ်ကိုပါ အသုံးပြု

စစ်ကိုင်းတိုင်းမြောက်ပိုင်း အင်းတော်မြို့နယ်တွင် တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်များ၊ လက်နက်ကြီးများ အသုံးပြုခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ ယနေ့ (ဒီဇင်ဘာ ၂၈) တွင် သိရသည်။

ဒီဇင်ဘာ ၂၆ နံနက် ၁၀ နာရီခန့်က မြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင်ရှိသည့် ခရမ်းစပ်ကုန်းရွာနှင့် မိုးလှိုင်းကုန်ရွာအနီး အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု အင်းတော်-PDF က ဆိုသည်။

အဆိုပါတိုက်ပွဲတွင် အင်းတော်-PDF မှ ရဲဘော် ၂ ဦး ဒဏ်ရာရသည်၊ ဒီဇင်ဘာ ၂၇ တွင်လည်း အင်းတော်မြို့တောင်ဘက် ၈ မိုင်ခန့်အကွာ အလယ်ဆိပ်ရွာအနီး တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

နံနက် ၇ နာရီခန့်မှ စတင်ဖြစ်ပွားသည့် အလယ်ဆိပ်ရွာတိုက်ပွဲသည် ၄ နာရီနီးပါး ကြာမြင့်ခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်တွင် စစ်လေယာဉ်တစ်စီးက ဗုံးကြဲခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့ဘက်ကတော့ တော်တော်ကျတယ်၊ အဲဒါကြောင့်မို့လို့လည်း လေကြောင်းပစ်ကူတွေ ဘာတွေ လာတာ၊ လေယာဉ်နဲ့ ၆ လုံးကြဲသွားတယ်။ အိမ်တွေ စပါးတိုက်တွေပါ မီးရှို့သွားတယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ဒုတိယနေ့တိုက်ပွဲအတွင်း KIA,PDF ပူးပေါင်းတပ်မှလည်း ရဲဘော် ၃ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက တိုက်ပွဲသတင်းများကို ထုတ်ပြန်လေ့မရှိပေ။

ဗုံးကြဲ၊ မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် အလယ်ဆိပ်ရွာမှ နေအိမ် ၂၆ လုံးနှင့် စပါးတိုက်အချို့၊ စာကြည့်တိုက်တစ်လုံးနှင့် ဈေးဆိုင် ၆ ခန်း မီးလောင်ပျက်စီးခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စပါးတိုက်ကတော့ ဘယ်နှစ်လုံးပါသွားလည်း မသိဘူး၊ စပါးကတော့ တင်းပေါင်း ထောင်ချီပါသွားတယ်လို့ ပြောတယ်၊ စာကြည့်တိုက်နဲ့ ဈေးဆိုင်ခန်းတွေရောပဲ မီးလောင်ပြီး ပျက်စီးသွားတယ်” ဟု သူက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် အင်းတော်မြို့ရှိ စစ်ကောင်စီတပ်က မြို့တောင်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မိုးယူ၊ နန်ကင်နှင့် နတ်မဟုတ်ကြီးရွာများအနီး ကျရောက်ပေါက်ကွဲခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားစဉ်ကလည်း မိုးလှိုင်းကုန်းရွာမှ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဒီဇင်ဘာ ၂၇ တိုက်ပွဲတွင် အထိနာသွားသည့် စစ်ကောင်စီတပ်က အလယ်ဆိပ်ရွာနှင့် တစ်မိုင်ခန့်ဝေးသည့် မဲဇာရွာအတွင်း တပ်စွဲထားပြီး ယနေ့နံနက်တွင် အဆိုပါရွာသို့ စစ်အင်အားအချို့ ထပ်မံဖြည့်တင်းခဲ့သည်ကို တွေ့ရသည်ဟု အင်းတော်-PDF အဖွဲ့က ဆိုသည်။

အင်းတော်မြို့ပေါ်တွင်မူ ဒေသခံတို့ ပုံမှန်အတိုင်းပင် သွားလာလှုပ်ရှားနေကြပြီး စစ်ကောင်စီတပ်ကလည်း သွားလာနေသူများကို ရံဖန်ရံခါ စစ်ဆေးမေးမြန်းလေ့ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

နှစ်ရက်ဆက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းမှာ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (၃၀၁) နှင့် ခြေမြန်တပ်ရင်း (၄၁၆) ပူးပေါင်းထားခြင်း ဖြစ်ပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ထီးချိုင့်နှင့် အင်းတော်မြို့နယ်များတွင် ရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းဖြစ်သည်။

နိုဝင်ဘာ ၂၇ က အင်းတော်မြို့ နတ်မဟုတ်ကြီးရွာ ဒေသခံအမျိုးသား ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်သည့် စစ်ကြောင်းလည်းဖြစ်ပြီး အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်နေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးမှာ စစ်ကိုင်းတိုင်း၌ အပြင်းထန်ဆုံးဖြစ်ပွားနေပြီး စစ်ကိုင်း-ကချင်နယ်စပ်တစ်လျှောက်ရှိ မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button