သတင်း

မြန်မာများ အနိုင်ကျင့်ခံရသည့် မဲဆောက် VK စက်ရုံကို ထိုင်းအစိုးရ ဝင်စစ် 

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုက ရာနှင့်ချီသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အခွင့်အရေးများချိုးဖောက်နေသည်ဟူသော စွပ်စွဲချက်အတွက် ထိုင်းအာဏာပိုင်များက စက်ရုံတွင် ကွင်းဆင်းစစ်ဆေးနေသည်ဟု မဲဆောက်အခြေစိုက် အလုပ်သမားအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ပြောသည်။

Polo, Crocodile, Daniel Lewis အစရှိသည့် ကမ္ဘာကျော်အမှတ်တံဆိပ်များ ချုပ်လုပ်နေသည့် VK Garment စက်ရုံသို့ ခရိုင်ဒုရဲမှူးကြီး Surachate Hakparn အပါအဝင်၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ အလုပ်သမားရေးရာဌာနမှ အရာရှိများက ဒီဇင်ဘာ ၂၁ တွင် စတင်စစ်ဆေးနေခြင်းဖြစ်သည်။

ခရိုင်အသီးသီးတွင် တရားဝင်သတ်မှတ်ထားသော တစ်ရက်လုပ်ခလစာမှာ ဘတ် ၃၀၀ ကျော် ဖြစ်သည်။ သို့သော် မြန်မာအလုပ်သမားများမှာ ဘတ် ၁၅၀ မှ ၂၅၀ အထိသာ ရကြသည်ဟုလည်း မဲဆောက်မြို့ရှိ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။ 

“အလုပ်သမားတွေက တစ်ရက်ကိုမှ ၁၅၀ လောက် ရတာ။ ရက် ၄၀ လောက်နေမှ ဘတ် ၂၀၀၀ ၊ ၃၀၀၀ ရတာတွေက အများကြီးကြုံနေကြရတယ်” ဟု ပြောသည်။

ထိုကဲ့သို့ အခွင့်အရေးချိုးဖောက်ခြင်းတို့ကြောင့် ၂၀၁၉ ခုနှစ်မှ ယခုနှစ်အထိ မြန်မာအလုပ်သမား ၁၄၀ ခန့် အလုပ်ထွက်သွားခဲ့ကြသည်။ ထို့အပြင် အလုပ်သမားများကို ဘဏ်မှ လုပ်ခလစာပေးချေသည့် စနစ်မသုံးဘဲ ဘဏ်ကတ်များကိုလည်း သိမ်းဆည်းထားသည်ဟု ထိုစက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် မဖြူဖြူအောင်က ပြောသည်။

“လစာပေးဖို့ဆိုပြီး အလုပ်သမားတွေကို ဘဏ်ကတ်တွေလုပ်ပေးတယ်။ ပြီးတော့ အဲဒီဘဏ်ကတ်တွေကို အလုပ်ရှင်က သိမ်းထားတယ်၊ လုံးဝ ထုတ်မပေးဘူး။ လစာထုတ်တဲ့နေ့ကျရင် လစာကို စာအိတ်ထဲပဲ ထည့်ပေးတယ်။ လစာပေးတဲ့စာရွက်မှာ အလုပ်ရှင်နာမည်လည်း မပါဘူး။ အကုန်လုံး ထိုင်းတွေလိုပဲ ရေးတယ်။ လစာက ရက်လေးဆယ်လောက်မှ တစ်ခါရှင်းတာပါ” ဟု သူက ပြောသည်။

အခွင့်အရေးချိုးဖောက်ခံနေရကြောင်း အလုပ်ရှင်ထံ တင်ပြသူကို အလုပ်ထုတ်ပစ်သလို အခြားအလုပ်အကိုင်မရစေရန်အတွက် အလုပ်သမားများ၏ အမည်နှင့်ဓာတ်ပုံတွဲလျက် စက်ရုံက အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က ချိုးဖောက်ခံရတဲ့ အလုပ်သမားအခွင့်အရေးတွေအကြောင်း ပြောတော့ စက်ရုံပိုင်ရှင်က မကြိုက်ဘူး။ ဦးဆောင်ပြောတဲ့ အလုပ်သမားကိုယ်စားလှယ်တွေကို အလုပ်ထုတ်တာတွေ၊ Black list သွင်းပစ်တာတွေ လုပ်တယ်။ အခြားစက်ရုံမှာ အလုပ်သွားလျှောက်ရင် မရတော့ဘူးပေါ့” ဟု ယင်းစက်ရုံ၏ အလုပ်သမားဟောင်း မဖြိုးက ပြောသည်။

ထို့အပြင် ကိုဗစ်ကပ်ရောဂါကာလ ၂၀၂၀၊ ၂၀၂၁ ခုနှစ်များတွင် ထိုင်းနိုင်ငံတစ်ဝန်း သွားလာခွင့်များတင်းကျပ်ထားချိန် အဝတ်အထည်များအစား နှာခေါင်းစည်းများကို အဓိကချုပ်လုပ်ခဲ့ရစဉ် ကာလတွင်လည်း လုပ်ခလစာအပြည့်အဝမရရှိခြင်း၊ အချိန်ပိုကြေးများ မရရှိခြင်းတို့ကို ကြုံရကြောင်းလည်း အလုပ်သမားတို့က ဆိုကြသည်။

အဆိုပါ စက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ခန့် ဆက်လက်လုပ်ကိုင်နေသည်။ မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ လုပ်ကိုင်နေသည့် စက်ရုံအရေအတွက်မှာ ၄၀၀ ခန့်ရှိပြီး အထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်ပစ္စည်းလုပ်ငန်းများဖြစ်ကြသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးလည်ပတ်မှုအများစုမှာ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများပေါ်တွင် များစွာမှီခိုနေရခြင်းဖြစ်သည်။ သို့သော် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအလုပ်ရုံများ၏ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကြုံနေရသည်ဟု အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

မဲဆောက်မြို့တွင် အလုပ်သမားအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများသည်ပင်လျှင် တရားဝင်ဖွဲ့စည်းခွင့်မရသောကြောင့် ပေါ်ပေါ်ထင်ထင်လှုပ်ရှားမှုများလုပ်ခွင့်မရဘဲ လှုပ်ရှားသူများ၏ လုံခြုံရေးအရ အလွန်သတိထားပြီး လုပ်ကိုင်နေကြရကြောင်းလည်း အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button