သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ရှိ စစ်စခန်း ၂ ခုကို PDF အဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်းရှိ  စစ်ရေးပစ်မှတ် ၂ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဒီဇင်ဘာ ၂၅  ညပိုင်းတွင် တစ်ပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မြို့အနောက်ပိုင်း ကံကြီးကုန်းရွာရှိ  ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်နှင့် အမြင့်မြို့ဟောင်းရှိ ရဲစခန်းတို့ကို ချောင်းဦး၊ မုံရွာ၊ မြောင်နှင့် မြင်းခြံမြို့နယ်အခြေစိုက်က PDF ၁၀ ဖွဲ့ ကျော် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ချင်းတွင်းမြစ်ရိုးပေါ်မှ သုံးမိုင်ကျော်အကွာတွင်ရှိသည့် ထိုပစ်မှတ်နှစ်ခုမှာ ကုန်ကြောင်းနှင့် ရေကြောင်း စစ်ကူပေးနိုင်သည့် အနေအထားတွင် ရှိနေသည်၊ ကံကြီးကုန်းရွာကို ၆ ဖွဲ့က စီးနင်းစဉ် အခြားအဖွဲ့များက ရဲစခန်းကို ဝင်တိုက်ကြသည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် Aung San Force အမည်ရ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက ပြောသည်။

“ပုံမှန်လမ်းကြောင်းအားဖြင့်ဆိုရင်လည်း လမ်းကြောက တစ်ကြောတည်း။ ပြီးတော့ ချင်းတွင်းမြစ်ကြောင်းဘေးမှာပဲ ရှိတာဆိုတော့ ရေကြောင်းကနေလည်း အချိန်မရွေး သူတို့ ပေါင်းကူးသွားနိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ အခြေပြုစခန်း ၂ ခုလုံးကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ကံကြီးကုန်းတွင် ရွာခံ ပျူစောထီး ၆၀ ခန့်နှင့် စစ်သား နှစ်ဒါဇင်နီးပါး ရှိနေပြီး တိုက်ပွဲ ၄ နာရီခန့် ကြာခဲ့သည်ဟု ဆိုသည်။

“သူတို့ဘက်က အထိခိုက်အကျဆုံးလည်း များတယ်။ အလောင်းတွေကတော့ လမ်းမတွေ့ရတယ်။ လက်နက်တွေတော့ မပါဘူး။ မြစ်ကြောင်းဘက်ကို ဆင်းပြေးတဲ့သူတွေလည်း ရှိတယ်။ ရွာအတွင်းပိုင်းအထိ ဝင်ပစ်နိုင်ခဲ့တယ်” ဟု Aung San Force တာဝန်ရှိသူက ပြောသည်။

ရွာလယ်ဘုန်းကြီးကျောင်းတွင် စက်သေနတ်ဆင်ပြီး စခန်းချထားသည့် စစ်ကောင်စီတပ်က တရစပ်ပစ်ခတ်ခဲ့သည်၊ ထို့အပြင် ည ၉ နာရီခန့်တွင် စစ်လေယာဉ်နှစ်စီး လာရောက် တိုက်ခိုက်သဖြင့် ထိုရွာကို မသိမ်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာလာရသည်ဟု ဆိုသည်။

စက်လက်အထိုင်ချထားသည့် ဘန်ကာတစ်ခုကို မဖြိုနိုင်ခဲ့ကြောင်း Aung San Force တာဝန်ရှိသူက ပြောသည်။

“စက်လက်နဲ့ သူတို့ဘက်က တောက်လျှောက်ဖိပစ်တယ်။ နောက်ဆုံး ဘန်ကာအထိတော့ မကပ်နိုင်ခဲ့ဘူး။ ညလည်း ညဘက်ဖြစ်နေတော့ အလုံးစုံ သိမ်းပိုက်မနိုင်ခဲ့ဘူး။ သူတို့ရွာအနောက်ဘက်မှာ မြစ်ကြောင်းရှိတော့ မြစ်ကြောင်းဘက်ကို ဆုတ်ပြေးကြတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်တို့ ထိခိုက်သေဆုံးမှု မည်မျှရှိသည်ကို တိတိကျကျ မသိရသေးပေ။ ရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်စဉ် လမ်းတလျှောက်၌ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးနေသည်ကို ယမန်နေ့ညက မြင်တွေ့ခဲ့ရသည်၊ အများစုမှာ လူလတ်ပိုင်းအမျိုးသားများဖြစ်သည်ဟု Aung San Force တာဝန်ရှိသူက ပြောသည်။

ကျွန်ုပ်တို့ Aung San Force နှင့်အတူ မုံရွာခရိုင် တပ်ရင်း၁၂၊ တပ်ရင်း ၁၅၊ Myaung Revolution Army, မြင်းခြံ 35 နှင့် SGF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Aung San Force က ဒီဇင်ဘာ ၂၆ တွင် ထုတ်ပြန်ထားသည်။

ကံကြီးကုန်းရွာကို စတင်တိုက်ခိုက်ပြီး တစ်နာရီအကြာတွင် မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ အမြင့်မြို့ဟောင်းရှိ ရဲစခန်းကို Aung San Force အပါအဝင် PDF ၈ ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုရဲစခန်းမှာ ကံကြီးကုန်းရွာသို့ စစ်ကူလာနိုင်သည့်နေရာတွင် ရှိသဖြင့် လေးဖက်လေးတန်က ဝိုင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ နာရီကျော်ကြာ အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရသည်။

“အမြင့်စခန်းကိုလည်း ကျွန်တော်တို့ ဝိုင်းချုပ်ပြီး သိမ်းဖို့အထိ မျှော်မှန်းတာပေါ့။ ဒါပေမဲ့ ကံကြီးကုန်းကို စစ်ကူမပေးနိုင်အောင်က အဓိကရည်မှန်းချက်မို့လို့ အမြင့်စခန်းကိုတော့ ကျွန်တော်တို့ ချုပ်ထားခဲ့တာ။​ လေးဖက်လေးတန်ကတော့ ဝိုင်းချုပ်ထားတာ” ဟု Aung San Force တာဝန်ရှိသူက ပြောသည်။

ထိုရဲစခန်းတွင်လည်း စစ်ကောင်စီတပ်သားတို့ အထိအခိုက်များနိုင်သော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း Aung San Force က ထုတ်ပြန်ထားသည်။

တိုက်ပွဲနှစ်ခုလုံးတွင် စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကူများလာရောက်ခြင်းမရှိသလို ချောင်းဦးမြို့အနီးရှိ ခင်မွန်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း အချက်ပေးသေနတ်ဖောက်သံသာ တုံ့ပြန်ကြောင်း၊ ဝေဟင်မှလာသည့် တိုက်လေယာဉ် ၂ စင်းမှာလည်း ပစ်ခတ်မှုမရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button