သတင်း

အင်းတော်မြို့ ဓားစာခံ ၈ ဦး၏ အလောင်းများ တူးဖော်တွေ့ရှိ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ ဓားစာခံ ၈ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး တစ်လနီးပါးအကြာ ဒီဇင်ဘာ ၂၅ တွင် အလောင်းများ ပြန်လည်ရှာတွေ့ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

နိုဝင်ဘာ ၂၇ တွင် တပ်က နတ်မဟုတ်ကြီးရွာကို စီးနင်းကာ ဒေသခံတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် အမှတ် ၄၁၆ ခြေမြန်တပ်ရင်းမှ တပ်သားတစ်ဦးထံကို ဖမ်းမိပြီး စစ်ဆေးရာမှ အမှုပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု အင်းတော်−PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူ့ကို မေးကြည့်လိုက်တာ မင်းတို့ဖမ်းခေါ်သွားတဲ့ ပြည်သူ ၈ ယောက် ဘယ်ရောက်နေလဲ၊ အဆက်အသွယ် ပြတ်နေတယ်လို့ ပြောတော့ သူက ကမ်းနီရွာနားမှာ သတ်ပြီးတော့ မြေမြှုပ်ထားလိုက်ပြီလို့ ပြောလို့ ရွာသွားတွေက လိုက်ရှာကြတာပေါ့၊ အဲဒီအခါကျမှ တွေ့တာ” ဟု သူက ဆိုသည်။

လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရသူတို့၏ ရုပ်အလောင်းများကို ၃ လောင်းနှင့် ၅ လောင်း ခွဲပြီး ကျင်းတူးမြှုပ်နှံထားသည်ကို တွေ့ရကြောင်း၊ ဦးခေါင်းဖြတ်ခံထားရသည့် ရုပ်အလောင်း ၂ ခု ပါဝင်နေပြီး ကျန်သူများမှာ ဦးနှောက်များပင် ထွက်အောင် ရိုက်နှက်သတ်ခံထားရကြောင်း သူက ဆက်ပြောသည်။

ထို ၈ ဦးမှာ ဦးကျော်သန်း(အသက် ၆၀)၊ ဦးဘိုဘိုဝေ(အသက် ၃၃)၊ ဦးမင်းနိုင်(အသက် ၅၀)၊ ဦးမြင့်ဖေ(အသက် ၆၀)၊ ဦးသာပြူး( အသက် ၆၈)၊ ဦးကျော်ဌေး(အသက် ၅၀ ကျော်)၊ ဦးကျော်ထွန်း(အသက် ၅၀ ကျော်) နှင့် ဦးထွန်းနိုင်(အသက် ၃၈) တို့ ဖြစ်ကြသည်။

နတ်မဟုတ်ကြီးရွာသည် အင်းတော်မြို့နယ်တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် ရှိပြီး ရွာခံ ပျူစောထီး ၃ ဦး၏ သတင်းပေး၊ လမ်းပြမှုကြောင့် တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (၃၀၁) နှင့် ခြေမြန်တပ်ရင်း (၄၁၆) ပူးပေါင်းစစ်ကြောင်းက ရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပျူစောထီး ၃ ဦးမှာ PDF များကို ကြောက်ရွံ့သောကြောင့် အင်းတော်ရဲစခန်းတွင် နေထိုင်သူများဖြစ်သည်၊ ဓားစာခံ ၈ ဦးကို ၎င်းတို့ကိုယ်တိုင် ရိုက်နှက်စစ်ဆေးခဲ့ကြသည်ဟု အင်းတော်−PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နေအိမ်တစ်လုံး၊ စပါးတင်း ရာနှင့်ချီကာ သိုလှောင်ထားသည့် စပါးကျီကြီးတစ်လုံးကို မီးရှို့ဖျက်ဆီးရာတွင်လည်း ထို ၃ ဦး ဦးဆောင်ခဲ့သည်ဟုလည်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ဓားစာခံ ၈ ဦး သတ်ဖြတ်ခံရသည့်နေ့ကို မသိရသေးပေ။

စစ်ကောင်စီတပ်သည် ကြားဖြတ်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ဒေသခံတို့ကို ဖမ်းဆီးကာ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားလေ့ရှိသည်။

ပြောက်ကျားတိုက်ခိုက်မှု

စစ်ကောင်စီ လက်နက်ကိုင်တို့ နိုဝင်ဘာ ၂၈ တွင် ရွာအတွင်းမှ ပြန်လည်ထွက်ခွာစဉ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁၀ ဦးခန့် သေဆုံးခဲ့သည်ဟုလည်း အင်းတော်−PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ ဒီဇင်ဘာတစ်လလုံး ထီးချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ်အတွင်းရှိ ရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်၊ မိုးညှင်းမြို့နယ်မှ ဆင်းလာသည့် တပ်နှင့် ပေါင်းမိသောအခါ အင်အား ၁၈၀ ခန့် ရှိလာပြီး ဆက်လက်စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် KIA နှင့် PDF တို့က အဆိုပါ စစ်ကြောင်းကို အင်းတော်မြို့တောင်ဘက် ၁၂ မိုင်ခန့်ဝေးသည့် ခရမ်းစပ်ကုန်းရွာအနီးတွင် တိုက်ခိုက်ခဲ့သည်ဟု အင်းတော်-PDF  ထံမှ သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ နှစ်ယောက် ဒဏ်ရာရတယ်၊ စစ်ကောင်စီတပ်ကတော့ အတိအကျတော့ မသိရသေးဘူး၊ အောက်ခြေက ပြောတာတော့ သူတို့ဘက်က တော်တော်ကျတယ်လို့ ကြားတယ်” ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ခရမ်းစပ်ကုန်းရွာအနီးတွင် ရှိသည့် မိုးလှိုင်းကုန်းဆိုသည့် ရွာကိုလည်း မီးရှို့နေသည်ဟု သတင်းပို့ကြောင်း အင်းတော်-PDF အဖွဲ့က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးများတွင် စစ်ကိုင်းတိုင်းက ဦးဆောင်လျက်ရှိပြီး စစ်ကိုင်း-ကချင်နယ်စပ်တစ်လျှောက်ရှိ မြို့နယ်များတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

နိုဝင်ဘာ ၁၈ ရက်က အင်းတော်မြို့အရှေ့မြောက်ဘက် နဘားရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ် အရာရှိတစ်ဦးအပါအဝင် ၂၀ ခန့် သေဆုံးခဲ့သည်။

နိုဝင်ဘာ ၂၂ တွင် အင်းတော်မြို့ အနောက်ဘက်ကို စစ်လေယာဉ်နှစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲနှစ်ခုတွင် ဒေသခံပူးတွဲတပ်များဘက်မှ မည်မျှထိခိုက်သည်ကို မသိရသေးပေ။

ယခုလတွင်လည်း အင်းတော်မြို့နယ် ကျေးရွာများတွင် လူသတ်၊ ရွာမီးရှို့နေသည့် စစ်ကောင်စီတပ်ကို KIA နှင့် ဒေသခံ PDF ပူးပေါင်းတပ်များက လိုက်လံတိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button