ဆောင်းပါး

တော်လှန်စစ်ထဲက သက်ရှိမြစ်တစ်စင်း

ဒီဇင်ဘာဆောင်းည၏ အမှောင်ထုကို အကာအကွယ်ယူထားသည့် စက်လှေ ၂ စင်းသည် ဧရာဝတီမြစ်၏ ရေစီးနှင့်အတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ အနောက်ဘက် မြစ်ဆိပ်ရှိရာသို့ ချဉ်းကပ်လာသည်။

ခန္ဓာကိုယ် ကျစ်လျစ်တောင့်တင်းသည့် လူငယ် ၁၀ ဦးခန့်က လှေဝမ်းထဲတွင် လျှို့ဝှက် သယ်ဆောင်လာသည့် သေနတ်များကို ကိုင်ဆောင်ကာ ကမ်းပေါ်တက်ပြီး အမှောင်ထုထဲတွင် နေရာယူလိုက်ကြသည်။

သတ်မှတ်ထားချိန်တွင် ၎င်းတို့၏ ပစ်မှတ်ဖြစ်သော ဧရာဝတီ မြစ်ကမ်းဘေး ကင်းစခန်းကို ပစ်ခတ်ရာ လက်နက်ကြီး ကျရောက် ပေါက်ကွဲသံ၊ စစ်ကောင်စီတပ်သားတို့၏ အော်ဟစ်သံများ၊ ပြေးလွှားသံများ ပေါ်ထွက်လာပြီး ဧရာဝတီ မြစ်ကမ်း၏အလှ အကျည်းတန်သွားသည်။

ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံးသည်ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်နေထွေးဟု အမည်ခံထားသူက ပြောသည်။

“ကျွန်တော်တို့ မှောင်ချိန်ကတည်းက နေရာယူပြီးဖြစ်တယ်။ မနက်လင်းတဲ့ အချိန် ၇ နာရီ ၁၅ မိနစ်လောက်မှာ စထုတယ်။ ၃ ချက် ထုတယ်။ သူတို့ဘက်က တုန့်ပြန်မှု မရှိတဲ့အတွက် ကျွန်တော်တို့ ပြန်ဆုတ်လာခဲ့တယ်” ဟု ဗိုလ်နေထွေးက ပြောသည်။

တောအုပ်နှင့် တောင်တန်းမရှိသည့် မြန်မာပြည်အလယ်ပိုင်းတွင် ဧရာဝတီမြစ်သည် အာဏာသိမ်းစစ်ကောင်စီကို ပြောက်ကျားစစ်ဆင်သူ ဗိုလ်နေထွေးတို့ အားကိုးရသည့် သဘာဝအရံအတားဖြစ်နေသည်။

အသာစီးရခဲ့သည့် ဗိုလ်နေထွေးတို့ကို စစ်ကောင်စီတပ်က အနားယူချိန်နှင့် အောင်ပွဲခံရန် အချိန် ခပ်ကြာကြာ ပေးလေ့မရှိပေ။

ထိုနေ့ နံနက် ၉ နာရီခန့်တွင်ပင် အထိနာသွားသည့် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်များ တပ်ဖျောက် ခိုအောင်းနေနိုင်သည့် ဧရာဝတီမြစ်လယ် ရေလယ်ကျွန်းရှိရာ ကျေးရွာများသို့ လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် တရစပ်ပစ်ခတ်တော့သည်။

ထိုနေ့က ဒေသခံများ အထိနာမည်စိုးရိမ်၍ မြစ်တစ်ဖက်ကမ်း စစ်ကိုင်းနယ်ထဲအထိ ဆုတ်ခွာပေးလိုက်သော်လည်း စစ်တပ်က ဆက်လက်ပစ်ခတ်နေခဲ့သည်ဟု ဗိုလ်နေထွေးက ဆိုသည်။

“ကျွန်တော်တို့ ကျွန်းပေါ်ကို ရောက်ချိန်မှာ သူတို့က ၆၀ မမ နဲ့ ၃ ချက် ပြန်ထုတယ်။ ကျွန်တော်တို့ ကျွန်းရဲ့ ဒီဘက်ရေကြောင်းကို ပြန်ဖြတ်တယ်။ ဘာမှ မဆိုင်တဲ့ ပြည်သူတွေရှိတဲ့ ရွာတွေဘက်ကို ၆ လုံးတွဲ ၅ ကြိမ် ထပ်ပစ်တယ်” ဟု သူက ပြောသည်။

ထိုနောက် ငါန်းဇွန်မြို့အနီး ရေလယ်ကျွန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာမှ သောင်းနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

သမိုင်းထဲက မြစ်ဧရာ

မြန်မာပြည်မြောက်ဖျား၊ ရေခဲဖုံးလွှမ်းသည့်ဒေသ အခြေခံသည့် ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသည်။ မြန်မာပြည် အလယ်ဗဟိုအတိုင်း မြောက်မှတောင်သို့ ဖြတ်သန်း စီးဆင်းကာ ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သည်။

သမိုင်းအဆက်ဆက် အုပ်ချုပ်သူများသည် ဧရာဝတီမြစ်နှင့်အနီးဆုံး ဒေသများတွင် မင်းနေပြည်တော်နှင့် မြို့၊ ရွာများ တည်ထောင်ခဲ့ကြပြီး ဧရာဝတီသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ် အရေးပါသည့် မြစ်တစ်စင်းဖြစ်လာသည်။

၂၀၂၁ တွင် စစ်တပ်က မဲစာရင်း မှားယွင်းမှု အကြောင်းပြကာ စစ်အာဏာသိမ်းခဲ့ပြီးနောက် ဧရာဝတီမြစ်ဝှမ်းလွင်ပြင်နှင့် ချင်းတွင်းမြစ်ဝှမ်းလွင်ပြင်တို့ တည်ရှိရာ စစ်ကိုင်းတိုင်းသည် လက်နက်ကိုင်တိုက်ပွဲများ၏ ဗဟိုချက်မ ဖြစ်လာသည်။

ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များသည် ဧရာဝတီမြစ်ကို အခြေခံကာ တပ်အကူးအပြောင်းနှင့် လက်နက်ခဲယမ်း သယ်ဆောင်ရန် အဓိကထား အသုံးပြုနေကြရာ စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကို စိုးမိုးထားနိုင်ရန် အစွမ်းကုန်ကြိုးစားနေသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ် ဆုံသည့်နေရာမှာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ဖြစ်သည်။ ထိုနေရာမှ စတင်ပြီး ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကမ်းပါးအနီး ကျေးရွာများကို ကြည်း၊ ရေ၊ လေ တပ်များက ထိုးစစ်ဆင်နေသည်ဟု ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က ပြောသည်။

နိုဝင်ဘာ ၆ မှ ဒီဇင်ဘာ ၁၅ အတွင်း မြောင်၊ မြင်းမူ၊ စစ်ကိုင်းနှင့် ဝက်လက်နယ်များရှိ မြစ်ကမ်းအနီး ကျေးရွာပေါင်း ၅၀ နီးပါးမှ အိမ်ခြေ နှစ်ထောင်ကျော် မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ငါးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

၂၀၂၂ ဇူလိုင် ၂၂ တွင် တွေ့ရသော မြောင်မြို့နယ်အတွင်းမှ နေရပ်စွန့်ခွာရသူများ (ဓာတ်ပုံ-Ko Nway Oo Myaung)

ရွာများ မီးဆက်တိုက်ရှို့ခံရခြင်း

မြောင်မြို့နှင့် ချင်းတွင်းမြစ်ကမ်းရှိ ပရိမ္မကျေးရွာကို ချိတ်ဆက်ထားသည့် မြောင်- ပရိမ္မကားလမ်းသည် ၁၅ မိုင်ကျော် ရှည်လျားသည်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ကို ဆက်သွယ်ထားသည့် အရေးပါသော ကားလမ်းလည်းဖြစ်သည်။

နိုဝင်ဘာ ၇ မှ ဒီဇင်ဘာ ၁၅ အထိ ထိုလမ်းတစ်လျှောက်ရှိ ကျေးရွာများ နေအိမ်ပေါင်း ၁၂၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထိုလမ်းပေါ်ရှိ ကျောက်ရစ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် လမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး တိုက်ခိုက်နေသည်မှာ ၁ လ နီးပါး ကြာမြင့်နေပြီ ဖြစ်သည်။

နီးစပ်ရာ တိုင်းဒေသကြီးများမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက အဖွဲ့အချင်းချင်း ချိတ်ဆက်နိုင်ရန်အတွက် မြောင်မြို့နယ်ရှိ လမ်းကြောင်းများကိုသာ အဓိကထား အသုံးပြုနေရသည်ဟု စစ်ကိုင်းခရိုင် တပ်ရင်း (၄) ၏ ထောက်ပံ့ပို့ ဆောင်ရေးတာဝန်ခံက ပြောသည်။

“ဒီလမ်းကြောင်းမှာ စစ်ရေးလှုပ်ရှားမှု အားသာမှသာလျှင် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အချိတ်အဆက်တွေ ကူးသန်းရေးတွေ ကောင်းမွန်မှာ။ ဒါ့ကြောင့် ဒီမြစ်ကြောင်းက ကျွန်တော်တို့အတွက် တော်တော်လေးကို အရေးပါတယ်လို့ ပြောလို့ရပါတယ်”

ဟု ထောက်ပံ့ပို့ဆောင်ရေးတာဝန်ခံ ကိုဝေကြီးက ပြောသည်။

တော်လှန်ရေးအင်အားစုများ အားကောင်းသည့် မြောင်နယ်တွင် မကွေးနှင့် မန္တလေးတိုင်းမှ PDF တပ်ဖွဲ့ဝင်များလည်း လာရောက် ခိုအောင်းလေ့ရှိ၍ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်၊  မန္တလေးနှင့် အခြားမြို့ကြီးများတွင် တန်ဆောင်မုန်းလပြည့်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေချိန်ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြစ်ဆုံကျေးရွာရှိ ဒေသခံများသည် ကျေးရွာ မီးရှို့ခံရမည့် ဘေးကြောင့် တစ်ရွာလုံး စိုးရိမ် ထိတ်လန့်နေသည်။

၂၀၂၂ ဩဂုတ် ၃၁ ရက်နေ့က စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခု လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲအပြီး သေဆုံးသော ဒေသခံ ၂ ဦး၏ ရုပ်အလောင်းများ၊ ဒဏ်ရာရသူများကို သယ်ဆောင်လာစဉ်။

ဒေသတွင်း သွားလာနေသည့် ထိုစစ်ကြောင်းက နိုဝင်ဘာ ၉ တွင် အိမ်ခြေ ၅၀၀ ရှိသည့် မြစ်ဆုံကျေးရွာကို ဝင်ရောက် စီးနင်းပြီး အိမ်ခြေ ၄၂၀ ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ရွာထဲမှ ထွက်ပြေးခဲ့ကြသော်လည်း နေအိမ်များကို မီးရှို့နေသည့်အခါ ရွာတွင်းသို့ ပြန်လည်သွားရောက်ခဲ့ပြီး ရှိခိုးတောင်းပန်ခဲ့သေးသည်ဟု မြစ်ဆုံကျေးရွာ ဒေသခံ အသက် ၅၁ နှစ် အရွယ် ဒေါ်ခင်ရွှေက ပြောသည်။

“ရှိခိုးတောင်းပန်တော့ နောက်ထပ် မတောင်းပန်နဲ့တဲ့။ ဘာမှမကြားချင်ဘူးတဲ့။ နောက်ထပ် တောင်းပန်လို့ရှိရင် ပစ်သတ်မှာလို့ဆိုတော့ မတောင်းပန်ရဲတော့ဘူး။ ယူချင်တဲ့ဟာလေး ယူပြီးတော့ ထွက်ပြေးကြရတာ” ဟု သူက ပြောသည်။

စစ်တပ်က သူ့ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့ရာ အိပ်ရာ၊ ခြင်ထောင်၊ ခေါင်းအုံးများ သာမက ချက်ပြုတ်စားသောက်ရန် ဒန်အိုး၊ ဒန်ခွက်များပါ မီးလောင်ကျွမ်းခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့အဖို့ရာက တရားမျှတမှု ဘာတစ်ခုမှကို မရှိတာ။ ခြံစည်းရိုးပြင် ထုတ်ထားတဲ့ဟာတောင်မှ မလောင်ရင် လောင်အောင် ရှို့တယ်။ မကွဲရင် ကွဲအောင် ခွဲတယ်။ မရရအောင် ရှို့တာ။ တစ်အိမ်ပြီးတစ်အိမ် ဆက်တိုက်၊ ဆက်တိုက် တန်းရှို့သွားတာ” ဟု သူက ဆက်ပြောသည်။

မြောင်-ပရိမ္မ ကားလမ်းအဆုံး ချင်းတွင်းမြစ်ကမ်းပေါ်ရှိ ပရိမ္မကျေးရွာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာသည့် ကျေးရွာဖြစ်လာရာ ကြည်း၊ ရေ၊ လေ တပ်များဖြင့် မကြာခဏ ဝင်ရောက်စီးနင်းလေ့ရှိသည်။

အောက်တိုဘာ ၂၈ နံနက်ပိုင်းတွင် စစ်ရဟတ်ယာဉ် ၃ စင်းက ပရိမ္မကျေးရွာကို လေကြောင်းမှ ပစ်ခတ်ခဲ့ပြီး ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်တပ်ကလည်း ပရိမ္မကျေးရွာကို ဝင်ရောက် စီးနင်းခဲ့သည်။

နိုဝင်ဘာ ၁၁ တွင် ကျောက်ရစ်မှ အင်အား ၇၀ ကျော်ပါဝင်သည့် စစ်ကြောင်းနှင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံမှ စစ်သင်္ဘောတစ်စီးတို့ ပူးပေါင်းပြီး ပရိမ္မကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ရာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ရသည်။ 

ပရိမ္မကျေးရွာကို ကြည်း၊ ရေ၊ တပ်များ သုံးကာ မကြာခဏ စစ်ကြောင်းထိုး တိုက်ခိုက်လေ့ရှိသော်လည်း နိုဝင်ဘာလတွင် ဝင်ရောက်လာသည့် စစ်ကြောင်းက တစ်ရွာလုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့ရာ သိန်းပေါင်း သောင်းနှင့်ချီပြီး ဆုံးရှုံးခဲ့ရသည်ဟု ပရိမ္မ ပ.က.ဖ ခေါင်းဆောင် ကိုဖိုးစည်က ပြောသည်။ 

“ကျွန်တော်တို့ ပြန်ဝင်လို့ရတော့ ၁၀ ယောက် အရင်ဝင်တယ်။ ၁၃ ရက်နေ့မှာ နေ့ခင်းပိုင်းဖြစ်နေပြီ။ အဲဒီအချိန်မှာ တစ်အိမ်စ ၂ အိမ်စကနေပြီး မနက်ခင်းထိ လောင်တာပေါ့။ ဘာမှ ပြန်မရတော့ဘူး” ဟု သူက ပြောသည်။

၂၀၂၂ မေလလယ်ပိုင်းက မြောင်မြို့တောင်ပိုင်းတွင် စစ်တပ် ထွက်ခွာသွားပြီး တွေ့ရသည့် ကျေးလက်ဒေသမြင်ကွင်းတစ်ခု (ဓာတ်ပုံ – CDSOM)

မန္တလေးတိုင်း စစ်မီးမကူးရေးမူ

ဧရာဝတီမြစ်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ အားကောင်းသည့် မြန်မာပြည်မြောက်ဖျားမှ စီးဆင်းလာသည်။ ဧရာဝတီမြစ်အထက်ပိုင်းရှိ ဗန်းမော်၊ ရွှေကူ၊ ကသာနှင့် ထီးချိုင့် မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေသည်။ 

ဒီဇင်ဘာလဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီက ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာထက်မနည်းကို စစ်ကြောင်း ၂ ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့သည်။ 

ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေး၏ ဗဟိုချက်မဖြစ်သည့် စစ်ကိုင်းတိုင်းတည်ရှိပြီး မြစ်အရှေ့ဘက်ကမ်းရှိ မန္တလေးတိုင်းသို့ စစ်မီး မကူးစက်ရေးဗျူဟာကို စစ်ကောင်စီက အဓိက ကိုင်တွယ်နေခြင်းဖြစ်သည်ဟု မြစ်တစ်လျှောက် လှုပ်ရှားနေကြသည့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ ၆ ဖွဲ့က သုံးသပ်သည်။ 

ထို့ကြောင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ မြောင်မြို့နယ်မှ စတင်ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်သင်္ဘောများ၊ တပ်စခန်းများ နေရာယူထားပြီး ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို နေ့စဉ် ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်ဟု ၎င်းတို့က တစ်ညီတစ်ညွတ်တည်း ပြောသည်။  

မြောင်မြို့အနီးရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊ ဆီမီးခုံရွာတွင် စစ်သည်အင်အား ၆၀ ကျော်နှင့် လက်နက်ကြီး အပြည့်အစုံတပ်ဆင်ထားသည့် စစ်သင်္ဘော ၃ စင်း အချိန်ပြည့် အထိုင်ချထားပြီး မန္တလေးတိုင်းဘက်ကမ်းရှိ မြို့ရွာများတွင် ကင်းစခန်းများ ချထားသည်။ 

မန္တလေးတိုင်း ငါန်းဇွန်မြို့အနီးရှိ ရေလယ်ကျွန်းတွင်လည်း လက်နက်ကြီးများဖြင့် အထိုင်ချထားပြီး စစ်ကိုင်းတိုင်းဘက်ရှိ ကျေးရွာများသို့ ချိန်ရွယ်ထားသည်။ မန္တလေးမြို့ တစ်ဖက်ကမ်း မင်းကွန်းပုထိုးတော်ကြီးတည်ရှိရာ ဧရာဝတီမြစ်အတွင်း အမြန်ရေယာဉ်များဖြင့် နေ့စဉ် ကင်းလှည့်နေသည်။ 

စစ်ကောင်စီတပ်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းဘက်ရှိ မြစ်ကမ်းတစ်လျှောက်တွင် ကင်းစခန်းများချကာ နေရာယူထားပြီး အမြန်ယာဉ်ရေများ အသုံးပြုကာ နေ့၊ ည မပြတ် ကင်းလှည့်နေသည်ဟု ငါန်းဇွန် ပ.က.ဖ အဖွဲ့ဝင် ဗိုလ်နေထွေးက ပြောသည်။ 

“အုပ်ချုပ်ရေးမှူးတွေကိုလည်း ဒီဘက်က လှေအကူးအသန်း လုံးဝခွင့်မပြုဖို့၊ သူတို့အုပ်ချုပ်ရေးမှူးတွေ မသိဘဲနဲ့လည်း လှေကူးသန်းခွင့်မပေးဖို့ အကူးအသန်း ထူးခြားရင်လည်း ချက်ချင်း သတင်းပို့ပေး ထောက်ထားတာမျိုးကိုလည်း တွေ့ရတယ် ” ဟု သူက ပြောသည်။ 

သို့သော်လည်း ကျယ်ပြောလှပြီး သောင်ထွန်းနေသည့် ရေလယ်ကျွန်းများပေါ်တွင် ကျေးရွာများ တည်ရှိနေသည့် ဧရာဝတီမြစ်တစ်ခုလုံးကို ပိတ်ဆို့ တားဆီးနိုင်ရန် စစ်ကောင်စီ မစွမ်းဆောင်နိုင်ပေ။ 

မြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းရှိ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းတွင် ခြေကုပ်ယူကာ ဧရာဝတီမြစ်ကို အကာအကွယ်ယူပြီး စစ်ကောင်စီတပ်ကို နေ့စဉ် ချုံခိုတိုက်ခိုက်နေကြဆဲဖြစ်သည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် CDSOM အဖွဲ့မှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့ကို ၂၀၂၂ စက်တင်ဘာ ၇ က တွေ့ရစဉ်။ (ဓာတ်ပုံ-Ko Nway Oo-Myaing)

နိုဝင်ဘာလဆန်းပိုင်းက မြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်များ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ပြည်သူ့တော်လှန်ရေးတပ်များ ခိုအောင်းနိုင်သည်ဟု ၎င်းတို့ ယူဆသည့် မင်းဝံတောင်ရိုးတစ်လျှောက်ရှိ ကျေးရွာများကို  ဝင်ရောက်စီးနင်းက မီးရှို့ဖျက်ဆီးခဲ့သည်။ 

ကမ္ဘာ့လှည့်ခရီးသွားအများစု လာရောက်လည်ပတ်ကြသည့် မင်းကွန်းပုထိုးတော်ကြီး အနောက်ဘက် မင်းဝံတောင်တန်းပေါ်ရှိ ကျေးရွာပေါင်း ၇ ရွာမှ အိမ်ခြေ ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူဦးရေ သောင်းနှင့်ချီ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ 

မတ္တရာနယ်အတွင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အထိနာသွားသည့် စစ်ကောင်စီတပ်က စစ်သုံးရဟတ်ယာဉ်များ၊ အမြန်ရေယာဉ်များ အသုံးပြုကာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များကို မင်းဝံတောင်တန်းတစ်လျှောက် လိုက်လံ ရှာဖွေနေသည်ဟု မတ္တရာအခြေစိုက်၊ ပြင်ဦးလွင်ခရိုင် ပ.က.ဖ ခေါင်းဆောင်က ပြောသည်။

“ဧရာဝတီမြစ်ကမ်းနဖူးမှာရှိတယ်။ ဧရာဝတီမြစ်လယ်မှာ ရှိတယ်။ အဲဒီရွာတွေကို လိုက်ပြီးတော့ ချေမှုန်းနေတာပေါ့။ ကျွန်တော်တို့ တော်လှန်ရေးသမားတွေအတွက် အရမ်းအရေးပါတဲ့ နေရာတွေပေါ့။ သူတို့က အလယ်ပိုင်းတိုင်းကို (PDF) ဝင်လာမှာကို ကြောက်နေတာ အဓိကအချက်ပါပဲ” ဟု သူက ပြောသည်။ 

ထိုးစစ်ကို ရင်ဆိုင်ရသည့်အခါ ဧရာဝတီမြစ်ရှိနေ၍ ပြင်ဆင်ချိန် ရရှိခဲ့သလို မြစ်အတွင်းရှိ ရေလယ်ကျွန်းများမှာလည်း ပြည်သူ့တော်လှန်ရေးသမားများ ခိုအောင်းရန်အတွက် အလွန်အရေးပါသည်ဟု သူက ဆက်ပြောသည်။  

“ဧရာဝတီမြစ်ကြီးဟာ ကျွန်တော်တို့ နိုင်ငံအတွက်လည်း အသုံးဝင်သလို ကျွန်တော်တို့ တော်လှန်ရေးသမားတွေအတွက်လည်း အများကြီး အသုံးဝင်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးသမားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မြစ်တစ်စင်းပါပဲ” ဟု သူက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button