
စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ကလေး ၃ဦး အပါအဝင် မိသားစု ၈ဦး ယနေ့ (ဇန်နဝါရီ ၁၄) မိုးမလင်းမီ သတ်ဖြတ်ခံလိုက်ရသည်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်း ကန့်ဘလူမြို့နယ် ငါးမြောင်ရွာရှိ နေအိမ်တစ်အိမ်သို့ နံနက် ၁နာရီခန့် တွင် လူတစ်စု ရုတ်တရက် ရောက်လာကာ မိသားစုလိုက် သတ်ဖြတ်၍ အဖိုးတန်ပစ္စည်းများ ယူသွား သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့က ဆိုသည်။
သေဆုံးသူတို့မှာ အသက် ၇၀ အရွယ် ဦးကျော်လှိုင်၊ ၆၅နှစ်ရှိ ဒေါ်မဲညွန့်၊ အသက် ၅၀ ဝန်းကျင် ဒေါ်နှင်းမြလှိုင်နှင့် သူ၏ သမီး အသက် ၁၅နှစ်အရွယ် မဆုမြစံ၊ အသက် ၄၀ ဝန်းကျင်များ ဖြစ်ကြသည့် ဦးတင်မျိုးဝင်းနှင့် ဇနီး ဒေါ်နှင်းမြခိုင်၊ ၎င်းတို့၏ ၁၃ နှစ်သမီး မရွှေဘုံစံနှင့် ၆နှစ်အရွယ်သား မောင်ခန့် ဇေယျမျိုးတို့ ဖြစ်သည်ဟု သိရသည်။
“သတ်ခံရသူအားလုံးက ဓားတွေနဲ့ ခုတ်ထစ်ခံထားရတဲ့ဒဏ်ရာတွေတွေ့တယ်။ ကလေးငယ်လေးကအစ လည်ပင်းကို အလှီးခံထားရတယ်။ ရွှေတွေ၊ ငွေတွေအကုန်ပျောက်နေပါတယ်။ ဓားပြတိုက်တဲ့ပုံစံမျိုးနဲ့ ရက်ရက်စက်စက်ကို သတ်ဖြတ်ခံလိုက်ရတာ”ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ငါးမြောင်ရွာမှာ စစ်ကောင်စီတပ် စခန်းချထားသည့် ကန့်ဘလူမြို့နယ် သကြားစက်နှင့် အနောက်ဘက် ၆ မိုင်အကွာတွင်သာရှိကြောင်း၊ ထိုဒေသအတွင်း စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်သား အဖွဲ့များ(ပျူစောထီးနှင့် သွေးသောက်) အားကောင်းကြောင်း အထက်ပါ သတင်းရင်းမြစ်နှင့် နောက်ထပ် ဒေသခံ တော်လှန်ရေးသမားတစ်ဦးက ဆိုသည်။
ထိုမိသားစုနေအိမ်တွင် ၂၀၂၀ ရွေးကောက်ပွဲကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ဖူးကြောင်း ၎င်းတို့ထံမှသိရသည်။ သို့သော် အထက်ပါ မိသားစု သတ်ဖြတ်ခံရမှု၊ အထက်ပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည် မပြုနိုင် သေးပါ။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေသည်။ ထိုအတောအတွင်း စစ်ကောင်စီ ပစ်မှတ်များကို တော်လှန်ရေးအင်အားစုများက တိုက် ခိုက်နေသလို ထိုသို့ ခုခံမှုများကို နည်းလမ်းမျိုးစုံသုံး၍ စစ်ကောင်စီက ဖိနှိပ်နေသည်။
NLD ပါတီနှင့် ပတ်သက်သူများ၊ တော်လှန်ရေးကို အားပေးထောက်ခံသူတို့ သတ်ဖြတ်ခံရမှုများ၊ ရွာမီးရှို့ခံရမှုများ နိုင်ငံအနှံ့ဖြစ်ပေါ်နေသည်။ ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ်ဟု စစ်တပ် ခေါ်ဆိုပြီး ပျူစောထီးဟု လူသိများသည့် အဖွဲ့ကို စစ်ကောင်စီက အသုံးပြုလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)