သတင်း

ဖားကန့် ဆန်ခါထောင်ရှိ စစ်တပ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာအနီး ဆန်ခါအကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၂၃ ရက်ညက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု သိရသည်။

ဖားကန့်မြို့အရှေ့မြောက်ဘက်တွင်ရှိသည့် ဆန်ခါရွာနှင့် မဇွပ်ယာန်ရွာကြားတွင် ဆန်ခါထောင်ရှိပြီး အဆိုပါထောင်၌ ကတုတ်ကျင်းများ၊ ဘန်ကာများ တည်ဆောက်ကာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် တပ်စွဲထားသည်။ 

ယမန်နေ့ ည ၉ နာရီခန့်တွင် အဆိုပါ ထောင်စောင့် စစ်တပ်ကို KIA,PDF ပူးပေါင်းတပ်များက လက်နက်ကြီးဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ပြီး အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု PDF အဖွဲ့နှင့်နီးစပ်သူ အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက‌ ပြောသည်။

“ထောင်ဝန်းအပြင်မှာရော အတွင်းမှာရော စစ်တပ်ကရှိတယ်၊ လက်နက်အကြီးတွေကျတော့ အပြင်မှာပေါ့၊ အပြင်မှာ က ကင်းပုန်းတွေ ကတုတ်ကျင်းတွေ စပါယ်ရှယ်လုပ်ထားတာ၊ စစ်တပ်စခန်းလိုကို လုပ်ထားတာ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ဆိုသည်။

ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း ဆန်ခါထောင်အနီး ဝန်းကျင်ကို လက်နက်ကြီး အချက်ရေများစွာ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။KIA,PDF ပူးပေါင်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်မှုအချို့ရှိသည်ဟု သိရသော်လည်း အသေး စိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုအတွင်း ဆန်ခါရွာရှိ ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းဝန်းနှင့် ကျေးရွာဘေးသို့ လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၆ နှစ်အရွယ် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသ တွင်း သတင်းအချို့က ရေးသားထားသည်။

ဆန်ခါထောင် ပစ်ခတ်ခံရပြီးနောက် ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်သံ များကို ကြားခဲ့ရသည်ဟု ဖားကန့်မြို့ခံ အသက် ၄၀ ကျော်အရွယ် ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့နံနက်မှာတော့ ဖားကန့်မြို့တွင် ပစ်ခတ်သံများ ထပ်မံကြားရခြင်းမရှိသေးသလို ပုံမှန်အတိုင်းသွားလာလှုပ်ရှားလျက်ပင်ရှိနေသည်ဟု အထက်ပါ ဈေးသည်အမျိုးသမီးက ဆိုသည်။ပြီးခဲ့သည့် ဇွန်လအတွင်း ဆန်ခါအကျဉ်းထောင်ကို KIA နှင့် PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် အချက် ၂၀ ခန့် လာရောက်ပစ်ခတ်စဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ 

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ကျောက်စိမ်းမြို့တော် ဖားကန့်ကို စစ်ကောင်စီတပ်နှင့် KIA တို့က အပြန် အလှန်ထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေသည်။

ယခုနှစ် အောက်တိုဘာ ၂၃ ရက်က ဖားကန့်မြို့အရှေ့မြောက်ဘက်ရှိ အနန့်ပါ ဒေသတွင် KIO အဖွဲ့၏ နှစ်ပါတ်လည်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် KIO အရာရှိအချို့အပါအဝင် လူပေါင်းများစွာ သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button