သတင်း

ကလလတရဲဘော် ၉ ဦးနှင့် အရပ်သား ၂ ဦး သတ်ဖြတ်ခံရဟု ဆို

ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ – KNPLF) က ၎င်းတို့၏ ရဲဘော် ၉ ဦးနှင့် အရပ်သား ၂ ဦးကို KA နှင့် KNDF တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့ကြောင်း ပြောသည်။ 

ဒီဇင်ဘာ ၁၇ ရက်နေ့က ကလလတ ရဲဘော် ၉ ဦးနှင့် အရပ်သား ၃ ဦးသည် ကယား (ကရင်နီ) ပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်မြို့ တစ်ဘက်ကမ်း စွပ်ပိုင်ကျေးရွာမှ ဟွေပုံလောင်း(ကြယ်တံခွန်စခန်း) သို့ ခရီးသွားစဉ် မွန်းလွဲ ၂ နာရီခန့်၌ ဟွေအောရွာအလွန် တစ်ဖာလုံခန့်အရောက်တွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း KNPLF ဗဟိုကော်မတီထံမှ သိရသည်။

ခရီးသွားစဉ် အဆိုပါနေရာတွင် သစ်တုံးပိတ်နေသဖြင့် ကလလတရဲဘော်တစ်ဦးက ဆင်း၍ ဖယ်ရှားစဉ် ကရင်နီတပ်မတော် (KA) တပ်ရင်း ၂ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၂၁ တို့က စတင်ပစ်ခတ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ကားကိုပါ ဝိုင်းဝန်းပစ်ခတ်၍ ရဲဘော် ၆ ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပြောသည်။

ကျန်ရဲဘော် ၃ ဦးမှာ ဒဏ်ရာရသွားပြီး ရွာထဲသို့ ထွက်ပြေးရာ ရွာသားများ ဖွက်ထားပေးခဲ့သော်လည်း KA နှင့် KNDF တပ်ဖွဲ့ဝင်များက ဆေးကုပေးမည်ဟု ဆိုကာ လာရောက်ခေါ်ယူသွားပြီး သတ်ဖြတ်လိုက်ကြောင်း KNPLF ဗဟိုကော်မတီဝင်က ဆိုသည်။

အဆိုပါကလလတရဲဘော်များသည် KA တပ်ရင်း ၂ နှင့် KNDF တပ်ရင်း ၂၁ တို့ကို သတင်းပို့ပြီးမှ ခရီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကလလတက ဟွေပုံလောင်း ကြယ်တံခွန်စခန်းမှာ နေတာ ကြာပါပြီ။ သူတို့က နွေဦးတော်လှန်ရေးဖြစ်မှ ပြန်ရောက်လာတာပါ။ လူမှားမှာစိုးလို့ သတင်းပို့တဲ့သဘောပါ” ဟု ၎င်းက ပြောသည်။

KA တပ်ဖွဲ့ဝင်တချို့ကို ထိုင်း-မြန်မာနယ်စပ် ဌာနချုပ်တွင် အောက်တိုဘာ ၂၂ က တွေ့ရစဉ်။ (ဓာတ်ပုံ -KnAC)

အခင်းဖြစ်နေရာတွင် သေဆုံးသည့် ရဲဘော်များမှာ တပ်စိပ်မှူးသားငယ် (၄၀ နှစ်)၊ တပ်သားများဖြစ်သည့် နေမျိုးထွန်း (၁၇ နှစ်)၊ သန်းစိန်(ခ)အိုက်ခမ်း (၂၀ နှစ်)၊ သားငယ်(၂) (၂၇ နှစ်)၊ အားသိုင် (၃၇ နှစ်)၊ စောရှဲနေ(ခ)ဆိုနီ (၃၃ နှစ်) တို့ဖြစ်ကြောင်းသိရသည်။ အရပ်သား ၂ ဦးမှာ စောဘွယ်ဒိုထူးနှင့် သောသေထူး တို့ဖြစ်သည်။

ဒဏ်ရာဖြင့် ထွက်ပြေးပြီး သတ်ဖြတ်ခံရသည်ဆိုသော တပ်သားများမှာ ပေါလူ (၂၄ နှစ်)၊ ကူးရယ် (၁၉ နှစ်) နှင့် ဒေးဗစ် (၁၉ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ယာဉ်မောင်း အရပ်သားတစ်ဦးသာ လွတ်မြောက်လာပြီး မျက်မြင်သက်သေဖြစ်သည့် ယာဉ်မောင်းနှင့် ရွာသားတစ်ဦးကို ကလလတက ခေါ်ဆောင်ထားကြောင်း ဗဟိုကော်မတီထံမှ သိရသည်။ 

အခင်းဖြစ်နေရာတွင် သေဆုံးသည့် ရဲဘော် ၆ ဦးနှင့် အရပ်သား ၂ ဦးတို့၏ ရုပ်အလောင်းများကို ပြန်လည်ရရှိသော်လည်း ကျန်သုံးဦး၏ ရုပ်အလောင်းများကို မရရှိသေးကြောင်း ၎င်းက ပြောသည်။

Myanmar Now အနေဖြင့် ထိုသုံးဦး၏ ရုပ်အလောင်းနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“ဒီလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်စေရန် မိမိကိုယ်ကို ခုခံကာကွယ်သွားမည်။ အသတ်ခံသွားရသူများအတွက် တရားမျှတမှုအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရမည်” ဟု KNPLF ဗဟိုကော်မတီ၏ Myanmar Now သို့ ဖြေကြားစာတွင် ရေးသားထားသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ကရင်နီအင်အားစုများအကြား ညီညွတ်ရေးနှင့် တော်လှန်ရေးအတွက် အခက်အခဲဖြစ်စေနိုင်သဖြင့် အထူးစိုးရိမ်ပူပန်မိပြီး KNDF တပ်ရင်း ၂၁ အနေဖြင့် စာထွက်သည့် ၂၄ နာရီအတွင်း (ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီနောက်ဆုံး) ဖြစ်စဉ်များ တင်ပြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌက အဖွဲ့အစည်းအတွင်း ညွှန်ကြားထားသည်။

ကလလတ (KNPLF) သည် စစ်ကောင်စီကို အကူအညီပေးနေကြောင်း ကရင်နီလူငယ်အချို့ကလည်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ “KNDF အမိန့်ညွှန်ကြားစာအမှတ် ၁၂/၂၀၂၂ ကို ကြည့်လျှင် ကလလတဟာ ဘယ်သူတွေနဲ့ ပေါင်းနေသလဲဆိုတာ သိသာပါတယ်” ဟု KNPLF ဗဟိုကော်မတီက တုံ့ပြန်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ကရင်နီတပ်မတော် (KA) အနေဖြင့် ဖြစ်ရပ်မှန် သိနိုင်ရန် အချက်အလက်များစုဆောင်းနေကြောင်း ကရင်နီပြည်ကာကွယ်ရေးဒုဝန်ကြီး ခူးဒန်နီယာယ်က ဒီဇင်ဘာ ၂၁ ရက်က Myanmar Now ကို ပြောထားသည်။

“ကျွန်တော်တို့ဘက်က ကော်မရှင်သဘောမျိုး ထားထားတာရှိတယ်။ သူတို့ အချက်အလက်တွေ စုနေတယ်” ဟု ၎င်းက ဆိုသည်။

ကော်မရှင်မှာ စုံစမ်းစစ်ဆေးသည့် အဆင့်မဟုတ်သေးကြောင်း မြေပြင်အချက်အလက်မှန်များ စုဆောင်းသည့်အဆင့်သာ ရှိသေးကြောင်း ၎င်းက ဆိုသည်။

KA ကာကွယ်ရေးဒုဝန်ကြီး ခူးဒန်နီယာယ်ကလည်း KNPLF အနေဖြင့် တော်လှန်ရေးတွင် တစ်ဖက်တည်း၌ ပြတ်ပြတ်သားသားရန်တည်ရန် လိုအပ်ကြောင်း၊ ရန်ငါပြတ်ရန် လိုအပ်ကြောင်း ပြောသည်။ 

ဖြစ်စဉ်နှင့် ပတ်သက်၍ KNDF ထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။  

KNPLF သည် ၁၉၇၈ ခုနှစ်တွင် KNPP မှ ခွဲထွက်ပြီး ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ၂၀၀၉ ခုနှစ်တွင် ၎င်း၏တပ်အချို့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။ 

မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာတွင် အခြေစိုက်သည့် KNPLF တွင် အမှတ် ၁၀၀၄ နှင့် ၁၀၀၅  နယ်ခြားစောင့် တပ်ရင်း နှစ်ခု ရှိသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်ကလည်း ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး စစ်ကောင်စီတပ်က ခရီးသွားပြည်သူများနှင့် ဒေသခံများကို အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်သည့်ဖြစ်စဉ်တွင် ထိုနေရာသို့ သွားရောက်သည့် ကလလတ နယ်ခြားစောင့်တပ် ရဲဘော် လေးဦးလည်း သတ်ဖြတ်ခံလိုက်ရသည်။ 

Show More

Related Articles

Back to top button