သတင်း

ကရင်နီတွင် စစ်ကောင်စီတပ်ရင်းအချို့ ဘက်ပြောင်းခိုလှုံရန်ရှိဟု KNDF ပြော

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသာမက ဒေသအခြေစိုက် တပ်ရင်းများပါ ဘက်ပြောင်းခိုလှုံရန်ရှိပြီး အသေးစိတ် ထုတ်ဖော်ပြောဆိုမရဟု KNDF တာဝန်ရှိသူက ဆိုသည်။

ကရင်နီဒေသရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းအချို့ ဘက်ပြောင်းခိုလှုံမည့်အစီအစဉ်ရှိသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပြီး တာဝန်ရှိသူတစ်ဦးက ယနေ့ (ဇန်နဝါရီ ၂၅) တွင် အတည်ပြုသည်။

စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်းခိုလှုံရေး အကြိုသဘောတူညီမှုရှိထားသည်ဟု KNDF ၏ ယမန်နေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကရင်နီပြည်နယ်အတွင်းရှိ နယ်မြေခံ ခြေမြန်၊ ခြေလျင်နှင့် အမြောက်တပ်ရင်းများအနေဖြင့် ကာလကြာရှည် မှီတင်းနေထိုင်ခဲ့သည်ကို ထောက်ထားကာ ကရင်နီပြည်သူများနှင့် အတူရပ်တည်ပြီး ဘက်ပြောင်းခိုလှုံရန် KNDF က တိုက်တွန်းထားသည်။

မြေပြင်၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသာမက ဒေသအခြေစိုက် တပ်ရင်းများပါ ဘက်ပြောင်းခိုလှုံရန်ရှိပြီး တပ်ရင်းတပ်ဖွဲ့များ၏ အမည်နှင့် အခြေစိုက်မြို့နယ်ကိုမူ ထုတ်ဖော် ပြောဆို၍မရသေးဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ စောသာအယ်စိုးက ပြောသည်။

“ရှေ့တန်းမြေပြင်မှာရှိတဲ့ စစ်ကြောင်းတွေအလိုက် ဆက်သွယ်လာတာမျိုးတွေရှိတယ်။ နောက် ကရင်နီပြည်နယ်ထဲမှာရှိတဲ့ တချို့မြို့နယ်တွေထဲက တပ်ရင်းတာဝန်ရှိသူတွေနဲ့ စကားပြောဆိုထားတာမျိုးလည်းရှိပါတယ်။ ဘယ်တပ်ရင်းတွေလဲဆိုတာ အခုအချိန်မှာ ပြောဖို့ အဆင်မပြေသေးပါဘူးခင်ဗျ”

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဦးဆောင်ပြီး ဘက်ပြောင်းခိုလှုံရေးအစီအမံကို ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘက်ပြောင်းလာသူများကို ဂုဏ်သိက္ခာနှင့်အညီ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၎င်းတို့၏ ရာထူးအတိုင်း တော်လှန်ရေးအစိုးရဘက်တွင် ပြန်လည် ထမ်းဆောင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဟုလည်း KNDF ထုတ်ပြန်ချက်က ဆိုသည်။

သို့သော် ဘက်ပြောင်းခိုလှုံရေးအစီအစဉ်၌ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် တပ်ရင်းတပ်ဖွဲ့များ မပါဝင်ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

“ဘက်ပြောင်းရေးအစီအမံနဲ့ အကျုံးမဝင်တဲ့ တပ်ဖွဲ့တွေကိုတော့ အခုလောလောဆယ် ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ကျင့်သုံးနေတဲ့ ဥပဒေတွေအရ ဆက်ပြီးတော့ စီမံဆောင်ရွက်သွားမယ် ဆိုတဲ့ဟာကို အတိအလင်း ပြောထားပါတယ်” ဟု စောသယ်အယ်စိုးက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ စစ်ကောင်စီဘက်က တပ်ရင်းလိုက် လက်နက်ချခဲ့သည်ကို တွေ့ရသည်။ အလားတူပင် ရခိုင်ပြည်နယ်တွင်လည်း လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည်။

ကရင်နီဒေသတွင်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သော ၁၁.၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြားလာပြီးနောက် လက်နက်ချအညံ့ခံသူနှင့် ဖမ်းဆီးခံရသူ ရာဂဏန်းနီးပါးရှိသည်ဟု KNDF က ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော် သေဆုံးခဲ့ကာ ၃၈ ဦး လက်နက်ချခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နှင့် ခဲယမ်းပစ္စည်းများကို KNDF က သိမ်းဆည်းနိုင်ခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကရင်နီ (ကယားပြည်နယ်) ရှိ ခုခံတော်လှန်သူများကို နှိမ်နင်းနိုင်ရေး အကြိမ်ကြိမ် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ရာ ကလောအခြေစိုက် တပ်မ ၅၅ နှင့် ပဲခူးတိုင်း အင်းမမြို့အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများ ဖွဲ့စည်းပုံပျက်သည်အထိ ထိခိုက်ကျရှုံးခဲ့သည်။

Show More

Related Articles

Back to top button