အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အရှို  (သို့မဟုတ်)  မြေပြန့်ဒေသ တော်လှန်ချင်းများ

ချင်းတောင်တန်းအလွန် မြို့နယ်အများအပြားတွင် တွေ့နိုင်သော အရှိုတို့သည် ယခင်ကပင် ကိုယ်ပိုင်အခွင့်အရေးအတွက် တော်လှန်ခဲ့ကြပြီး ၂၀၂၁ နောက်ပိုင်း လက်နက်ကိုင်ခုခံမှုတွင်လည်း ပါဝင်နေကြသည်။

ချင်းလူမျိုးဟု ဆိုလိုက်သည်နှင့် မြင့်မားသော တောင်တန်းများအပါအဝင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ချင်းပြည်နယ်ကိုသာ လူအများက ပြေးမြင်ကြမည်ဖြစ်သည်။ 

သို့သော်လည်း ချင်းပြည်နယ်ပြင်ပ မြေပြန့်ဒေသတွင် မျိုးဆက် သုံးဆက်မက အခြေချနေထိုင်ကြသည့် ချင်းလူမျိုးများရှိပြီး ၎င်းတို့ကို အရှိုလူမျိုး  (သို့မဟုတ်) မြေပြန့်ချင်းများဟု ခေါ်ကြသည်။

၎င်းတို့အကြောင်း လူသိနည်းကြသည်။  

စစ်တပ်အာဏာသိမ်းပြီးနောက်မှသာ အာဏာသိမ်းမှုဆန့်ကျင်သော တော်လှန်ရေးလှုပ်ရှားမှုနှင့်အတူ အရှိုလူမျိုးစု၏ နိုင်ငံရေးအရ ရုန်းကန်တော်လှန်မှု၊ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများအကြောင်း သတင်းမီဒီယာများတွင် ပိုမိုမြင်တွေ့လာရခြင်းဖြစ်သည်။ 

အရှိုလူမျိုးများ မည်သည့်အကြောင်းကြောင့် အရှိုဆိုသည့်နာမည်ကို ကိုင်စွဲ၍ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြသည်ဆိုသည့် အချက်သည် စိတ်ဝင်စားဖွယ်ရာကောင်းသည်။

Asho ထုတ်ပြန်သည့် မှတ်တမ်းပုံတစ်ပုံတွင် တွေ့ရသည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ရခိုင်ပြည်နယ် အမ်းတိုက်ပွဲတွင် ထွက်ပြေးလာသော စစ်သားများထံက     သိမ်းဆည်းမိခဲ့သည့် လက်နက်များ။

အရှိုဆိုသည့် အဓိပ္ပာယ်

၎င်းတို့မျိုးနွယ်စု ဘာသာစကားအရ အရှိုဆိုသည်မှာ  ချင်းလူမျိုးဟု အဓိပ္ပာယ်ထွက်ကြောင်း သိရသည်။

ထို့ကြောင့် အရှိုချင်းဟုရေးပါက ချင်းချင်း ဆိုသည့် အဓိပ္ပာယ်ထွက်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။

အရှို ဆိုသည့်စာသားနောက်တွင် ကွင်းစ ကွင်းပိတ်ဖြင့် ချင်း ဟုရေးသည်ကိုသာ ပိုမိုလိုလားကြသည်။

ချင်းပြည်နယ် ဒေသခံတချို့က   မြေပြန့်ဒေသတွင် အခြေချနေထိုင်ကြသော အရှိုတို့ကို မြေပြန့်ချင်း၊ တောင်ပိုင်းချင်း၊ ဆလိုင်းချင်းဟူ၍ ခေါ်ကြသည်။

အရှိုများသည် မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိသည့် မြို့နယ်ပေါင်း ၄၀ ခန့်တွင် ပျံ့နှံ့နေထိုင်ကြသည်။

စုစုပေါင်းလူဦးရေ လေးသိန်းကျော်ရှိကြောင်း အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ ဆန့်ကျင်နေသည့် အရှို (ချင်း) အမျိုးသား ဖက်ဒရယ်ကောင်စီ  (ACNFC) ထံက သိရသည်။

အရှိုအများစုသည် ယခင်က  တောင်ယာနှင့် အမဲလိုက်အလုပ်တို့ကို အဓိက လုပ်ကိုင်ခဲ့ကြသည်။ ရိုးရာနတ်၊ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာတို့ကို ကိုးကွယ်ယုံကြည်ကြသည်။

CDF – Asho ထုတ်ပြန်သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ မှတ်တမ်းဓာတ်ပုံ။

သမိုင်းထဲက အရှိုနိုင်ငံရေးလှုပ်ရှားမှုများ

အရှိုလူမျိုးများသည်   ၁၉၄၇ ခုနှစ်ကတည်းက နိုင်ငံရေးပါတီ ထူထောင်လှုပ်ရှားမှုများ ရှိကြောင်း  ACNFC ကောင်စီထံက သိရသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း  အရှို (ချင်း) အမျိုးသားရေးနှင့် အခွင့်အရေးဖော်ဆောင်ရန် ဖွဲ့ထားသော ACNFC ကောင်စီသည်  စစ်တပ်၏ အာဏာသိမ်းမှုနှင့် ဖိနှိပ်မှုများကို နိုင်ငံရေးအရ လက်မခံကြောင်း ထုတ်ပြောထားသည်။

သမိုင်းတွင် ထင်ရှားသည့် အရှို (ချင်း) အဖွဲ့ ခြောက်ဖွဲ့ရှိကြောင်း ACNFC ကောင်စီထံက သိရသည်။

၎င်းတို့မှာ အရှိုခွန်စူ  (ချင်းနေရှင်နယ်ပါတီ)၊ မြေပြန့်ချင်း အမျိုးသားအစည်းအရုံး၊ ချင်း (အရှို) ဦးစီးအဖွဲ့၊ အရှို (ချင်း) အမျိုးသားဖွံ့ဖြိုးရေးအဖွဲ့ချုပ်  (အ.မ.ဖ.ခ)၊ တောင်ပိုင်းချင်းဒီမိုကရေစီပါတီ၊ အရှိုချင်းအမျိုးသားပါတီ (ACNP) တို့ဖြစ်သည်။

အရှိုခွန်စူသည် အရှိုလူမျိုးများ၏ ပထမဆုံးနိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ပါတီဥက္ကဋ္ဌသည် ဆမိုလှဦး  (BA) ဖြစ်ပြီး  (၁၉၄၇) ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလ အဖွဲ့ချုပ်ထံ သွားရောက်တွေ့ဆုံ၍ ပါလီမန် (လွှတ်တော်)တွင် အရှို (ချင်း)အမတ်နေရာရရန် တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ဒုံရွာဇာတိဖြစ်သူ အရှို (ချင်း)အမျိုးသား ဦးဖိုးအောင်သည် ပခုက္ကူမြို့နယ်မှ တဆင့် အရွေးခံခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ပေါ်လာသည့် ပါလီမန်ဒီမိုကရေစီခေတ်တွင် ပါလီမန်အမတ် ဖြစ်လာခဲ့သည်။

အရှိုခွန်စူ၏ အောက်တွင် လက်နက်ကိုင်တပ်အနေနှင့် အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်  (ACDO) ကို ဖွဲ့စည်းထားသည်။

နောင်တွင် ACDO အဖွဲ့ထဲတွင် ကွန်မြူနစ်ဝါဒ ယုံကြည်သူများသည် ဗမာပြည်ကွန်မြူနစ်ပါတီထံ ဝင်ရောက်သွားကြပြီး ချင်း (အရှို) ဦးစီးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။

မကွေးတိုင်း သရက်ခရိုင်နှင့် ပဲခူးတိုင်း ပြည်ခရိုင်အတွင်း ပါဝင်သော ပဲခူးရိုးမဒေသ၌ ဆလိုင်းတပ်အဖြစ်လည်း တစ်ချိန်က လူသိများခဲ့သည်။

မြေပြန့်ချင်းအမျိုးသားအစည်းအရုံးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ ခေတ်တွင် ဖွဲ့စည်းခဲ့သည်၊  ပြည်မြို့နေ ဦးစိန်က ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း ACNFC အထွေထွေအတွင်းရေးမှူး ဆလိုင်းဘလက်ဟိုးက ဆိုသည်။ 

အရှို (ချင်း) အမျိုးသားဖွံ့ဖြိုးရေးအဖွဲ့ချုပ်  (အ.မ.ဖ.ခ) နှင့် တောင်ပိုင်းချင်းဒီမိုကရေစီပါတီတို့သည် ၁၉၈၈ လူထုလှုပ်ရှားမှုနောက်ပိုင်း ပေါ်ပေါက်လာသည်။

 အ.မ.ဖ.ခကို သရက်မြို့နေ ဆလိုင်းစိန်မောင်နှင့် အဖွဲ့ဝင် ရှစ်ဦးတို့ ထူထောင်ခဲ့ပြီး တောင်ပိုင်းချင်း ဒီမိုကရေစီပါတီကို ချင်းအမျိုးသားရေးတက်ကြွသူ ပဲခူးတိုင်း ဇီးကုန်းမြို့သား ဗိုလ်မှူးကျင်က ထူထောင်ခဲ့ကြောင်း ACNFC ထံက သိရသည်။

ACNP ပါတီကိုမူ  ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့သည်။

လက်နက်ကိုင်တော်လှန်ရခြင်း

အရှို  (ချင်း) များသည် ခေတ်အဆက်ဆက် နိုင်ငံရေးပါတီထူထောင်၍ လှုပ်ရှားခဲ့သလို နိုင်ငံရေးနည်းအရ လှုပ်ရှားရန် အခွင့်မသာသည့်အခြေအနေတွင် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကြသည့် သမိုင်းရှိသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က ရွေးကောက်ပွဲ၌ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းသောအခါ အခြားလူမျိုးများနည်းတူ အရှိုလူမျိုးများသည်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။

စစ်တပ်က ဆန္ဒပြပွဲသူများကို ပစ်ခတ်သတ်ဖြတ်လာသဖြင့်   လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လာကြသည်ဟု သိရသည်။

ACNFC ကောင်စီ အထွေထွေအတွင်းရေးမှူး ဆလိုင်း ဘလက်ဟိုးက “စစ်အာဏာရှင်တွေဟာ ရက်ရက်စက်စက် နှိမ်နင်းသတ်ဖြတ်ခဲ့တာတွေကြောင့် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တော်လှန်လို့မရတဲ့အဆုံး အရှို (ချင်း)တိုင်းရင်းသားတွေဟာလည်း အခြားတိုင်းရင်းသားတွေနဲ့အတူ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြရပါတယ်” ဟု Myanmar Now ကို ပြောသည်။

ACNFC က စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် နောက်ထပ်စစ်အာဏာရှင် မပေါ်ထွန်းရန်အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်လာရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း ပြောသည်။

ဖော်ဆောင်ရန် ကြိုးစားနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏  ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍတို့တွင် အရှို  (ချင်း) လူမျိုးများ ပါဝင်ခွင့်ရရန်သာမက  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ သို့မဟုတ် အရှို  (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရန်အထိ ရည်ရွယ်ချက်ရှိကြောင်း ဆလိုင်း ဘလက်ဟိုးက ပြောသည်။

လက်ရှိတွင်  ထင်ရှားသည့် အရှို  (ချင်း) လက်နက်ကိုင်အဖွဲ့ ၂ဖွဲ့ရှိကြောင်း သိရသည်။ 

အရှို (ချင်း) ကာကွယ်ရေးတပ်  (ACDF)၊   ချင်းကာကွယ်ရေးတပ် – အရှို  (CDF – Asho) တို့ ဖြစ်သည်။  ACNFC သည် စစ်ကော်မရှင်ကို နိုင်ငံရေးနည်းဖြင့် ဆန့်ကျင် လှုပ်ရှားသည့် အဖွဲ့ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ  (NUG) လက်အောက်ခံ ခရိုင်တပ်ရင်းတချို့၊  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်  (KNDF) တို့တွင်လည်း  အရှိုလူမျိုးများ တာဝန်ထမ်းနေကြောင်း ACNFC ကောင်စီထံက သိရသည်။

 အရှို (ချင်း) ကာကွယ်ရေးတပ် ထုတ်ပြန်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသော တပ်ဖွဲ့ဝင်များနှင့်  အရှိုလူမျိုးများ။  

အရှို (ချင်း) တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့

အရှို  (ချင်း) တော်လှန်ရေးအဖွဲ့ သုံးဖွဲ့အနက် ACNFCကောင်စီသည် နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်းအတွက် လှုပ်ရှားမှု ပိုများသည်ကို တွေ့ရသည်။

ACNFC ကောင်စီ ဖွဲ့စည်းထားသည့် မကွေးဒေသ အရှို (ချင်း)အမျိုးသားဖက်ဒရယ် ကောင်စီ  (ACNFC-Magway) အလုပ်အမှုဆောင်အဖွဲ့၊ ပဲခူးဒေသ အရှို (ချင်း)အမျိုးသားဖက်ဒရယ် ကောင်စီ  (ACNFC-Bago) အလုပ်အမှုဆောင်အဖွဲ့တို့က ထိုဒေသများရှိ ဖက်ဒရယ်ယူနစ်၊ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင် လုပ်ငန်းများတွင် ပါဝင်နေကြောင်း  ဆလိုင်း ဘလက်ဟိုးက Myanmar Now ကို ပြောသည်။

နေပြည်တော်ဒေသ၊ ဧရာဝတီဒေသ၊ ရန်ကုန်နှင့် ရခိုင်ပြည်နယ်တို့အတွက် ဒေသအလိုက်  ကောင်စီများ ဆက်ဖွဲ့နိုင်ရန် ကြိုးပမ်းမည်ဟု  ဆိုသည်။

ACDF  နှင့် CDF – Asho တို့ကမူ  လက်နက်ကိုင်တော်လှန်ရေးကို ပိုမိုအာရုံစိုက်လုပ်ကိုင်နေပြီး စစ်အာဏာရှင်ကျရှုံးရေးနှင့် မည်သည့် အာဏာရှင်မျှ ထပ်မပေါ်ရန် ရည်ရွယ်ချက် ရှိကြသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့်  ACDF တွင် အမှတ်  (၁)၊ အမှတ်  (၂) နှင့် အမှတ်  (၃)ဆိုသည့် တပ်ရင်းများ ဖွဲ့စည်းထားသည်။

ACDF သည် နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်း တည်ရှိသည့် မကွေးတိုင်း ငဖဲမြို့နယ်၊ ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်တို့တွင် အာဏာသိမ်းတပ်ကို တိုက်ခိုက်နေသည်။

ACDF သည် မကွေးတိုင်း အခြေစိုက် ကာကွယ်ရေးတပ်တချို့နှင့် စစ်ရေးလှုပ်ရှားတတ်သည်။

ရံဖန်ရံခါတွင် ပဲခူးတိုင်း သာယာဝတီခရိုင်အခြေစိုက် NUG လက်အောက်ခံ ဗျူဟာ ၂၂ ၏ တပ်ရင်းများနှင့် ပူးတွဲ၍ စစ်ရေးလှုပ်ရှားသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး CNA က ဖော်ဆောင်သည့် ရေဇွာ၊ ကျီခါးနှင့် တွန်းဇံမြို့သိမ်းတိုက်ပွဲတို့တွင် ACDF ပါဝင်တိုက်ခိုက်ခဲ့သည်။

ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက “ကျွန်တော်တို့ရဲ့ ဘုံရန်သူက စစ်ကောင်စီပေါ့။ စစ်ကောင်စီကို တော်လှန်တဲ့ ဘယ်တော်လှန်ရေးတပ်မဆို အတူတူပူးပေါင်းပြီး တိုက်ပွဲဝင်နေတယ်။ အတူတူတိုက်ခဲ့တာတွေလည်း အများကြီးရှိတယ်ပေါ့။ ACDF က နေရာဒေသမရွေး တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်” ဟု Myanmar Now ကို ပြောသည်။

CDF – Asho  သည်  ACDF ထံက  ခွဲထွက်လာသူများက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် ထူထောင်ခဲ့သည့်တပ်ဖြစ်သည်။

သဘောထားမတိုက်ဆိုင်မှု တစ်ခုကြောင့် ခွဲထွက်လာခဲ့သော်လည်း   နှစ်ဖွဲ့ဆက်ဆံရေး ပြေလည်ကြောင်း CDF – Asho ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ဆိုသည်။

“သဘောထားမပြေလည်မှုတစ်ခုရှိခဲ့တဲ့အတွက်ကြောင့်ပေါ့၊ CDF – Asho အနေနဲ့ရပ်တည်တယ်။ သို့သော်လည်း အရှို (ချင်း)လူမျိုး အချင်းချင်းလည်းဖြစ်တယ်၊ လှုပ်ရှားတဲ့ စစ်ဒေသတွေကလည်း ကပ်လျက်တွေရှိကြတယ်။ လွန်ခဲ့တဲ့ ခြောက်လပိုင်း လောက်ကထင်တယ်၊ ACDF နဲ့ စစ်ဆင်ရေးအတူတူလုပ်ခဲ့ကြသေးတယ် ဆိုတော့ ပြေလည်တဲ့ ပေါင်းသင်းဆက်ဆံရေးတော့ ရှိကြပါတယ်” ဟု ဆလိုင်းရိုးချင်းက  ဆိုသည်။

CDF – Asho သည် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်  (AA) ဖော်ဆောင်သည့် တိုက်ပွဲများတွင် စစ်ရေးအတွေ့အကြုံယူ ထားသည်။

မကြာသေးမီက ထွက်ပြေးလာသည့် အာဏာသိမ်းတပ်မှတပ်သား ၈၀ ကျော်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်။

“ကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက်သည် စစ်အာဏာသိမ်းပြီးမှ ဒီတပ်ကို ဖွဲ့ရတာဖြစ်တဲ့အတွက်ကြောင့် အာဏာသိမ်းစစ်တပ်ကို တော်လှန်မယ်ဆိုတဲ့အတွေးပဲ ခေါင်းထဲထည့်ထားတယ်။ ကျွန်တော်တို့ အရှို  (ချင်း) တွေအနေနဲ့လည်း ပုံစံသာကွဲမယ်၊ ဦးတည်ချက်လားရာတူတယ်” ဟု ဆလိုင်းရိုးချင်းက Myanmar Now ကို ပြောသည်။

၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ရိုးရာ ဝါးညှပ်အက ကနေသည့် အရှိုတိုင်းရင်းသူများ။  (ဓာတ်ပုံ –  ACDF)

အခက်အခဲ 

အရှိုတော်လှန်ရေးတပ်များအတွက် အခက်အခဲမှာ  အခြားသော တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တော်လှန်ရေးတပ်များ ကြုံနေရသည့် အခြေအနေနှင့် များစွာ ကွာခြားမှုမရှိကြောင်း CDF – Asho ဘက်က ဆိုသည်။

ညီညွတ်သောစုဖွဲ့မှု မလုပ်နိုင်သေးခြင်း၊ တော်လှန်ရေးတပ်နှင့် အရပ်သားကြားပွတ်တိုက်မှု၊ တပ်ရပ်တည်ရေး လိုအပ်သော အခွန်ဘဏ္ဍာတို့နှင့် ပတ်သက်သည့် အခက်အခဲ စသည့် အခက်အခဲ သုံးခုရှိသည်ဟု ဆိုသည်။

အရှိုတော်လှန်ရေးသုံးဖွဲ့သည်  ဆက်ဆံရေးပြေလည်ကြသော်လည်း ရည်မှန်းချက်တစ်ခုအတွက် ညီညွတ်သော စုဖွဲ့မှု မလုပ်နိုင်ကြသေးပေ။ သဘောထားတူညီသည့် ကိစ္စများတွင် အတူပေါင်းလုပ်ကြမည်ဆိုသည့် အခြေအနေမျိုးသာ ရှိနေကြောင်း အဆိုပါအဖွဲ့များထံက သိရသည်။

ACDF နှင့် နှစ်ကြိမ်၊ CDF – Asho  တစ်ကြိမ်တွေ့ထားကြောင်း၊ PDF, KNDF တို့တွင် တာဝန်ထမ်းဆောင်နေသည့် အရှိုလူမျိုးများနှင့်လည်း ဆွေးနွေးထားကြောင်း ACNFC ကောင်စီက  Myanmar Now ကို ပြောသည်။

ဆွေးနွေးပြီးနောက် မည်သည့်ရလဒ်များ ရရှိလာသည်ကို  မသိရပေ။

CDF – Asho ကဲ့သို့သော လက်နက်ကိုင်တပ်ကမူ  စစ်ကော်မရှင်၏ ထိုးစစ်ရင်ဆိုင်ရမည့် အလားအလာရှိသဖြင့် တော်လှန်ရေးတပ်များအချင်းချင်း ပူးပေါင်းပြီး ခုခံစစ်ဆင်ရေးကို ပိုမိုအာရုံစိုက်နေသည်။

 “စစ်တပ်ကို တော်လှန်ဖို့ စစ်ပုံကျတဲ့ တစ်သွေးတစ်သံတစ်မိန့် Chain of Command ဖြစ်တဲ့တပ်တွေဖြစ်ဖို့ သေချာစုစည်း။ နောက်ကျနေတယ်လို့ မခံယူဘဲ လွဲနေတယ်လို့သိတဲ့အချိန်က စပြင်ဆင်ပြီး စစ်ကော်မရှင်ကို သက်လုံကောင်းကောင်းနဲ့ခုခံဖို့ လိုအပ်နေပြီ ထင်ပါတယ်” ဟု CDF – Asho ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ဆိုသည်။

ဒုတိယ စိန်ခေါ်ချက်ဖြစ်သည့် တော်လှန်ရေးတပ်နှင့် အရပ်သားများအကြား ပွတ်တိုက်မှုသည် တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ ရှိလာတတ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆလိုင်း ရိုးချင်းက အသေးစိတ်မပြောပေ။

“တော်လှန်ရေးကာလ လေးနှစ်ကျော်၊ ငါးနှစ်နီးပါးဖြစ်လာတဲ့အခါမှာ ထောက်ပံ့တဲ့ ပြည်သူတွေအနေနဲ့ပဲ ဖြစ်ပါစေ၊ တော်လှန်ရေးတပ်ဖွဲ့ချင်း ပဋိပက္ခဖြစ်တာတွေ၊ တော်လှန်ရေးတပ်နဲ့ အရပ်သားကြား ပဋိပက္ခဖြစ်တာတွေ၊ ဒီလိုအပိုင်းတွေမှာတော့ ပြည်သူတွေစိတ်မကောင်းဖြစ်လာတယ်။ ဒီဟာတွေကတော့ တခြားအဖွဲ့တွေလည်း ကြုံရတဲ့ပြဿနာမျိုးပါ” ဟု သူက ဆိုသည်။

ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် တွေ့ရသည့် ACDF တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ –  ACDF)

ထို့အပြင် ပြည်သူလူထုက တော်လှန်ရေးတပ်များကို အလှူငွေ ထည့်ဝင်မှု လျော့ကျလာကြောင်း CDF – Asho ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းရိုးချင်းက ဆိုသည်။

“ရေရှည် နှစ်အရမ်းကြာလာရင်တော့ ပြည်ပထောက်ပံ့မှုတွေရော၊ ပြည်တွင်းမှာလည်း ပြည်သူတွေ အဆင်မပြေတဲ့အတွက်ကြောင့် မထောက်ပံ့နိုင်ဘူးဆိုတဲ့အခြေအနေတွေရော ဘယ်လိုမျိုးတွေဆက်လုပ်ကြမလဲ၊ ဘယ်လိုမျိုးရေရှည်ရန်ပုံငွေရပ်တည်နိုင်အောင် လုပ်ကြမလဲဆိုတဲ့ တွေးတောချက်တွေတော့ရှိပါတယ်။ အခုထိတော့ အခွန်စနစ်နဲ့ ရပ်တည်မယ်ဆိုတာမျိုးက မကျင့်သုံးရသေးပါဘူး” ဟု သူက ဆိုသည်။

ထိုအခက်အခဲများရှိသော်လည်း အရှို (ချင်း) တော်လှန်ရေးတပ်များအကြား ကြီးကျယ်သည့် ပဋိပက္ခမဖြစ်ကြသည်ကပဲ ကောင်းသည့် အချက်ဟု ဆိုနိုင်ဖွယ်ရှိသည်။

အာဏာသိမ်းတပ်သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ညီနောင် တော်လှန်ရေးအဖွဲ့  နှစ်ဖွဲ့ကို အပစ်ရပ်ထားနိုင်ကာ မြို့ကြီးအချို့ကို ပြန်လည်ရယူနိုင်နေသလို စစ်မှုထမ်းဥပဒေအသုံးချပြီး လက်နက်ကိုင်အင်အား ဖြည့်တင်းလာနိုင်သည်။

ထို့အတူ ဒရုန်းနည်းပညာကို ပိုမိုတွင်ကျယ်စွာသုံး၍ တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေများကို ပြန်လည်ထိုးစစ်ဆင်နေသည်။

အရှိုတော်လှန်ရေးအစုအဖွဲ့များကလည်း ထိုအခြေအနေကို  သတိထားမိသည်ဟု ပြောကြသည်။

ACNFC ကောင်စီမှ ဆလိုင်းဘလက်ဟိုးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတပ်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၉၀ ကျော်အနက် ရှစ်မြို့ကို လက်လွှတ်လိုက်ရခြင်းသည်   မဟာဗျူဟာအရ ရှုံးနိမ့်မှုမဟုတ်ကြောင်းပြောသည်။

“စိုးမိုးထားဖို့၊ ထိန်းထားဖို့က အင်အားလိုပါတယ်။ တချို့မြို့တွေဆိုရင် အပြီးသတ် သိမ်းပြီးကာမှ ပြန်ထိန်းထားဖို့ ခဲယမ်း မလုံလောက်တော့လို့ ပြန်ဆုတ်ပေးလိုက်ရတာတွေ ရှိပါတယ်။ ဒါတွေကိုကြည့်မယ်ဆို တစ်ဖက်ရန်သူက အင်အား၊ နည်းပညာ ဖြည့်တင်းလာတယ်ဆိုပေမယ့် မဟာဗျူဟာမြောက် ထိုးဖောက်နိုင်ခဲ့တာတွေတော့ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း   ပြည်သူလူထုက တော်လှန်ရေးမည်မျှ ထပ်ကြာမည်ဆိုသည်ကို ပိုမိုမေးခွန်းထုတ်လာကြောင်း၊ ထိုသို့မေးခွန်းထုတ်လာမှုကို လျစ်လျူရှု၍ မဖြစ်ကြောင်း ဆလိုင်းဘလက်ဟိုးက ပြောသည်။

“အချိန်ကြာနေလို့မရပါဘူး။ စစ်ကော်မရှင်တပ်ကတော့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်နေပါတယ် ဆိုတော့ ဘာလုပ်ကြမလဲ။ ရိုးသားကြဖို့လိုပါတယ်။ ညီညွတ်ကြဖို့လိုပါတယ်။ ညီညွတ်ဖို့ဆိုရင် ယုံကြည်မှု တည်ဆောက်ရပါမယ်။ ဘယ်လိုယုံကြည်မှုတည်ဆောက်ကြမလဲ။ နိုင်ငံရေးအရ ယုံကြည်မှုတည်ဆောက်ရပါမယ်” ဟု ဆလိုင်းဘလက်ဟိုးက ဆိုသည်။

CDF – Asho ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းကလည်း မြို့အချို့ကို စစ်တပ်လက်ထဲ ပြန်ထည့်ပေးရခြင်းသည် တော်လှန်ရေးရဲဘော်များအတွက် စိတ်ဝေဝါးမှုနှင့် စိတ်မတည်ငြိမ်မှုများ ဖြစ်စေကြောင်းဆိုသည်။

သို့သော်လည်း  တော်လှန်ရေးတွင် မောင်းပြန်သေနတ်များကိုင်၍   တိုက်ခိုက်နိုင်သည်အထိ ကြိုးစားရုန်းကန်ခဲ့ရကြောင်း ဆလိုင်းရိုးချင်းက ပြောသည်။ 

“ကျွန်တော်တို့ ဆန္ဒပြစဉ်တုန်းက လက်နက်မပါတဲ့အခြေအနေမှာတောင်  (စစ်တပ်က) ညှိနှိုင်းဖို့ ငြင်းဆန်ခဲ့တဲ့အတွက် လက်နက်ကိုင်ရတာ။ ကျွန်တော်တို့အနေနဲ့ စစ်ကော်မရှင်ကို လက်နက်မချဘဲနဲ့ ကာကွယ်ခုခံသွားမယ်။ တော်လှန်မှုကို ဘယ်တော့မှအဆုံးမသတ်ဘူး” ဟု ဆလိုင်းရိုးချင်းက  မှတ်ချက်ပေးသည်။

အရှိုတော်လှန်ရေးတပ်အချို့၏ တိုက်ပွဲဖော်ဆောင်နေမှုအပါအဝင် ၎င်းတို့ပြောရေးဆိုခွင့်ရှိသူအချို့၏ ထုတ်ဖော်ပြောဆိုချက်အရ တစ်ချိန်က လူသိနည်းခဲ့သည့် အရှိုများသည် မြန်မာပြည် မြေလတ်ဒေသဟု ဆိုနိုင်သည့် မကွေးတိုင်းနှင့် ပဲခူးတိုင်းအနောက်ခြမ်းတို့တွင် တိုက်ပွဲဆက်လက်ဆင်နွှဲမည့် အလားအလာများ မြင်နေရပေသည်။

အရှို (ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ တံဆိပ်။  

Related Articles

Back to top button