
အရှိုချင်းအမျိုးသားပါတီ (ACNP) ကို၂၀၁၂ တွင် စတင်တည်ထောင်ခဲ့ပြီး ပါတီဝင်အင်အား ၂,၀၀၀ ခန့်ရှိသည်။ ရန်ကုန်အခြေစိုက် တည်ထောင်ထားသည့်ပါတီဖြစ်ပြီး ချင်းပြည်နယ်ပြင်ပတွင် နေထိုင်သည့် လူနည်းစုချင်းတိုင်းရင်းသားများ၏ အရေးအတွက် ရည်ရွယ်တည်ထောင်ထားခြင်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ် ၈ ခု ဝင်ရောက်ရွေးကောက်ခံခဲ့သော်လည်း တစ်နေရာမှ အနိုင်မရခဲ့ပေ။
ရခိုင်ပြည်နယ်တွင် အရှိုချင်းတိုင်းရင်းသား ၅၇,၀၀၀ ကျော်နှင့် မကွေးတိုင်းတွင် ၁၈၀,၀၀၀ ခန့်ရှိပြီး အဆိုပါဒေသများရှိ အခြားတိုင်းရင်းသားများနှင့် နှိုင်းယှဉ်လျှင် လူနည်းစု ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ အရှိုချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဆလိုင်းဟန်ကြည်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ဒီနှစ် ရွေးကောက်ပွဲမှာ ဘာတွေပြောင်းလဲထားလဲ။ အရင်လူတွေနဲ့ပဲ ဆက်ပြိုင်မှာလား။
ဖြေ။ ။ ဒီနှစ်က ရခိုင်ပြည်နယ်က ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာရော၊ မကွေးက တိုင်းရင်းသားရေးရာဝန်ကြီးနေရာရော။ ကျန်တဲ့နေရာ အကုန်ပြောင်းသွားတယ်။ ပန်းတောင်းမြို့က တိုင်းဒေသကြီးနေရာကလူပဲ မပြောင်းတာ။ ကျွန်တော်တို့ ကျန်တာတော့အကုန်ပြောင်းထားတယ်။
မေး။ ။ ဒီနှစ် ရွေးကောက်ပွဲအတွက် ဘယ်လောက်ပြင်ဆင်ထားလဲ။ ဘယ်နှနေရာနိုင်မယ်လို့ မှန်းထားလဲ။
ဖြေ။ ။ ကျွန်တော်တို့ နိုင်မယ့်အနေအထား ပိုပြီးတော့ တွက်ရတာပေါ့။ ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ (ဆလိုင်းမောင်မောင်ဝင်း) အတွက်ကတော့ ကျွန်တော်တို့တော်တော်လေး အားထားရပါတယ်။ နိုင်မယ့်အနေအထား မြင်ထားပါတယ်။ ယုံလည်း ယုံကြည်တယ်။
ဘာလို့လည်းဆိုတော့ (ရခိုင်) မြောက်ဘက်ပိုင်းတွေဖြစ်တဲ့ မြေပုံတို့၊ မင်းပြားတို့ဘက်မှာဆိုရင်လည်း သူက တော်တော်လေး အားကောင်းပါတယ်။ နောက် တောင်ဘက်ဖြစ်တဲ့ သံတွဲတို့၊ ဂွတို့၊ တောင်ကုတ်တို့က အရှိုချင်းတွေက တော်တော်လေးအားပေးတာတွေ ရှိနေပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာက အားထားရပါတယ်။
မကွေးမှာဆိုရင်လည်း တိုင်းရင်းသားရေးရာဝန်ကြီးနေရာ (ဆလိုင်းအောင်မင်းလှိုင်) က ပိုပြီးတော့ အားထားရပါတယ်။ ကျွန်တော်တို့ရဲ့ အတွင်းရေးမှူးကိုယ်တိုင် နေရာကို သေသေချာချာ နှံ့နှံ့စပ်စပ်နဲ့၊ အထူးသဖြင့်တော့ မကွေးတိုင်းမှာက အရှိုချင်းတွေ များတာကိုး။ အရှိုချင်းတွေရှိတဲ့နေရာတွေကို အရင်ကတည်းက သွားနိုင်ခဲ့တော့ တော်တော်လေးအားပေးမှုရှိတာကို တွေ့ရပါတယ်။
စေတ္တုတရာမှာဆိုရင်တော့ တိုင်းဒေသကြီးလွှတ်တော်တစ်ခုကတော့ နည်းနည်းအားထားရတာပေါ့။ အဲဒီမှာက ဗမာတိုင်းရင်းသားနဲ့ ချင်းတိုင်းရင်းသားက တစ်ဝက်လောက်စီရှိတော့ လူထုအားကို နည်းနည်းယူရတာပေါ့။ အဲဒီသုံးနေရာပဲ အားထားရပါတယ်။ ကျန်တဲ့နေရာတွေကတော့ ကျွန်တော်တို့ အရှိုချင်းအမျိုးသားပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ရှိတဲ့အင်အားနဲ့ အမြဲတမ်းပါနေနိုင်ဖို့ ဆိုတဲ့အနေနဲ့ ကြိုးတော့ကြိုးစားတာပေါ့လေ။
မေး။ ။ ရွေးကောက်ပွဲအတွက် မူတွေ၊ ဗျူဟာတွေ ဘယ်လိုပြင်ဆင်လိုက်ရလဲ။
ဖြေ။ ။ မူဝါဒကတော့ ချင်းပြည်နယ်ပြင်ပမှာရှိတဲ့ မကွေးနဲ့ ရခိုင်မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေအားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကျွန်တော်တို့အားလုံး အာရုံစိုက်ပြီးတော့ လုပ်မယ်ဆိုတာလေး ကျွန်တော်တို့က ပြောရတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့က အရှိုချင်းအမျိုးသားပါတီလို့ နာမည်တပ်လိုက်တဲ့အခါကျတော့ တချို့ကလည်း အရှိုချင်းတစ်မျိုးတည်းအတွက်ပဲဆိုပြီးတော့ ကျွန်တော်တို့ကို ပြန်ပြီး တိုက်ခိုက်တဲ့သဘောလေး ရှိတာပေါ့လေ။ အရှိုချင်းတစ်မျိုးတည်းကိုပဲ အာရုံစိုက်တယ်လို့ မြင်အောင်ပြောတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။
ဒါပေမဲ့ ကျွန်တော်တို့မူဝါဒမှာကိုက ကျွန်တော်တို့ အရှိုချင်းလို့ နာမည်တပ်တာက ကျွန်တော်တို့က လူများစုလည်းဖြစ်တယ်။ နောက်ပြီးတော့ ပြန်ပြီးတော့အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်လည်း အရှိုဆိုတာကလည်း ချင်းပဲ။ အရှိုလူမျိုးတွေ တော်တော်များများ ပြောစကားက ချင်းကို အရှိုလို့ပြောတာကိုး။ ဆိုတော့ နှစ်ခုထပ်အနေနဲ့ အရှိုချင်းဆိုရင်ပိုပြီးတော့ ပေါ်လွင်မယ်ဆိုပြီး ကျွန်တော်တို့က တပ်လိုက်တဲ့အခါကျတော့ အခုကတော့ မူဝါဒကတော့ အထူးတလည် ပြန်ပြီးပြောရတယ်။
ပြီးတော့ ဦးသိန်းစိန်လက်ထက်မှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးညီလာခံတွေ တက်ရတယ်။ ဘာလို့လဲဆိုတော့ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေဆိုရင် တက်လို့ရတယ်ဆိုတော့။ ဒါပေမဲ့ NLD လက်ထက်ရောက်လာတော့ အနိုင်ရပါတီမှ ငြိမ်းချမ်းရေးညီလာခံ တက်ရမယ်ဆိုတော့ ကျွန်တော်တို့ ဖွင့်ပွဲလောက်ကလွဲလို့ မတက်ရတော့ဘူး။ အဲဒါက ကျွန်တော်တို့အတွက် တော်တော်လေး နစ်နာတယ်။
ငြိမ်းချမ်းရေးညီလာခံတွေမှာ ဖက်ဒရယ်စနစ်တွေနဲ့ လူနည်းစုအခွင့်အရေးတွေကိုပါ အကြိတ်အနယ် ဆွေးနွေးလာတဲ့အခါကျတော့ ကျွန်တော်တို့က ဒီရွေးကောက်ပွဲမှာ အဲဒါတွေကိုပါ ပြောရတာပေါ့။ ငြိမ်းချမ်းရေးညီလာခံမှာ အနိုင်ရပါတီမှ မဟုတ်ရင် ကျွန်တော်တို့ တက်ရမှာမဟုတ်ဘူး။ ကျွန်တော်တို့ အနည်းဆုံး တစ်နေရာလောက်တော့ နိုင်မှဖြစ်မယ်။ ငြိမ်းချမ်းရေးညီလာခံတက်မှ ကျွန်တော်တို့ လူနည်းစုတွေအတွက် ဆွေးနွေးနိုင်မှာဆိုတဲ့ အကြောင်းတွေ ပြောရတာပေါ့။
မေး။ ။ ပါတီ (အောင်နိုင်ရေး) အတွက် သုံးစွဲမယ့် ရန်ပုံငွေအခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျွန်တော်တို့မှာ ရန်ပုံငွေလောက်ငမှု မရှိဘူး။ ၂၀၁၃ မှာ ကျွန်တော်တို့ မြို့နယ်ကော်မတီတွေ ဖွဲ့ပြီးတော့ ပါတီညီလာခံ လုပ်တယ်။ အဲဒီညီလာခံမှာ ပုဂ္ဂလိကအလှူရှင်တွေ၊ နောက်ပြီးတော့ မြို့နယ်ပါတီတစ်ခုလျှင် အလှူငွေတစ်သိန်းဆီပေါ့ အဲဒီလိုမျိုး စုရတာပဲ ရှိပါတယ်။ နောက် တစ်ဦးချင်းထည့်နိုင်တဲ့သူ။ ၇ သိန်းထည့်နိုင်တဲ့သူ၊ ၁၀ သိန်းထည့်နိုင်တဲ့သူပေါ့။ အဲဒီလိုမျိုးလေးတွေလည်း ကောက်တယ်။ အဲဒါတွေနဲ့ပဲ ခရီးဆက်နေရတယ်။ ကျွန်တော်တို့မှာ ဘာမှရန်ပုံငွေရယ်လို့ မရှိဘူး။
ရွေးကောက်ပွဲဝင်မယ့်သူ ရှစ်ယောက်ကို ရွေးကောက်ပွဲဝင်ခွင့်အတွက် ပါတီက တစ်ယောက်ကို သုံးသိန်းစီလောက် စိုက်ပေးနိုင်တယ်။ ပြီးတော့ သူတို့ သုံးဖို့ပြုဖို့အတွက် တစ်ယောက်ကို နှစ်သိန်းစီလောက် ပေးနိုင်တယ်။ ကျန်တာကတော့ သွားရေးလာရေးတွေကို ကိုယ့်စရိတ်နဲ့ ကိုယ်ပဲစိုက်ပေါ့။ တခြားအနေနဲ့လည်း ကျွန်တော်တို့မှာ ဝင်ငွေရှာစရာရှိဘူး။ အရှိုချင်းတွေဆိုတော့လည်း အားလုံးက များသောအားဖြင့်က တောင်သူလယ်သမားတွေများ၊ ဆင်းရဲတဲ့သူများ၊ ကျေးလက်မှာပဲ နေတာများတော့ ကျွန်တော်တို့ ရန်ပုံငွေ မကောက်ဘူး။ မြို့နယ်အနေနဲ့ ဝိုင်းဝန်းပြီး ထည့်တာလောက်ပဲ ရှိပါတယ်။
မေး။ ။ ရခိုင်ဘက်မှာဆိုရင် အားကောင်းတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရှိတယ်၊ မကွေးဘက်မှာဆိုရင် NLD ရှိတယ်ဆိုတော့ ပါတီနှစ်ခုကို ယှဉ်ပြိုင်နိုင်မယ်လို့ ထင်လား။
ဖြေ။ ။ နိုင်ငံအနေနဲ့ ခြုံကြည့်ရင်တော့ ဒီပါတီကြီးနှစ်ခုကိုတော့ နိုင်ဖို့ ခဲယဉ်းတာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့ လူမျိုးစုနေထိုင်တဲ့ တိုင်းဒေသတွေမှာ နိုင်ငံရေးအခင်းအကျင်းအားဖြင့်ရော ပါဝင်ခွင့်ရဖို့၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခွင့် ရဖို့ပေါ့လေ။
လောလောဆယ်မှာ နစ်နာနေတာက တိုင်းဒေသကြီးအဆင့်မှာတောင် ပါဝင်ခွင့်မရတော့ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးတို့၊ ဥပဒေပြုရေးတို့၊ တရားစီရင်ရေးတို့မှာ ကျွန်တော်တို့ လုံးဝမပါရတဲ့အခါကျတော့ အဲဒီအတွက်ကိုပဲ လုံးပန်းနေရတဲ့ အနေအထားရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်သူ့လွှတ်တော်နေရာတွေမှာ ပါပြီးတော့မှ တခြားမိတ်ဖက်ပါတီတွေနဲ့ ပူးပေါင်းပြီးတော့မှ နိုင်ငံအဆင့်ကို ပူးတွဲဆောင်ရွက်ကြဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ပါတီကြီးတွေကိုနိုင်ဖို့ မျှော်မှန်းချက်တော့ မထားဘူး။
မေး။ ။ အခုက ကိုဗစ်နိုင်တင်းရောဂါလည်း ပြန်ဖြစ်နေတော့ ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ဘာအခက်အခဲရှိလဲ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲ မရွှေ့ဘူးဆိုတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ တခြားမြို့နယ်မှ လာရင် ကွာရန်တင်းဝင်မှ ရမယ်ဆိုတော့ ကျွန်တော်တို့က တော်တော်လေးကို အခက်အခဲကြုံနေရပြီ။ အခုက ကိုဗစ်နိုင်တင်းရဲ့ ဒေသအမိန့်တွေ မထွက်ခင်လေးမှာ ကိုယ့်ပါတီနဲ့ကိုယ် စည်းရုံးရေး နည်းနည်းလေး သွားနိုင်တယ်။ အခု စည်းရုံးရေးကာလလည်းပေးရော ကျွန်တော်တို့ ဘာမှလှုပ်ရှားလို့မရပါဘူး။ အဲဒီလိုတော့ အခက်အခဲရှိနေတယ်။
ကျွန်တော့်အနေနဲ့ကတော့ ရွေးကောက်ပွဲ ရွှေ့ပေးသင့်တယ်လို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ NLD ပါတီက အားကောင်းတဲ့ ပါတီကြီးလေ။ မြို့နယ်တွေမှာ ပါတီဝင်အင်အားများတော့ သူတို့အတွက်က တစ်ပန်းသာနေတယ်။ ကျန်တဲ့ပါတီငယ်တွေက ဒီအခက်အခဲကြီးမှာ ဘယ်လိုမှ မလှုပ်သာဘူးဖြစ်နေတယ်။ အခုကျေးရွာတွေကလည်း လက်မခံဘူး။ မြို့နယ်တွေကလည်း ပိတ်နေပြီဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွှေ့ပေးသင့်တယ်လို့ပဲ ကျွန်တော်အနေနဲ့ မြင်ပါတယ်။
မေး။ ။ ရခိုင်နဲ့ မကွေးက ချင်းတိုင်းရင်းသားတွေက ရွေးကောက်ပွဲအပေါ်မှာ ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိလဲ။
ဖြေ။ ။ ကျွန်တော်တို့က ရွေးကောက်ပွဲကို ၂၀၁၅ မှ စဝင်တာ။ အဲဒီတုန်းကတော့ ရွေးကောက်ပွဲအပေါ် ချင်းတိုင်းရင်းသားတွေရဲ့ စိတ်ဝင်စားမှုက နည်းတယ်။ အဲဒီတုန်းက နိုင်ငံရေးဘက်ကို စိတ်ပါဝင်စားတာဆိုရင်တော့ NLD ကို ဝိုင်းပြီးတော့ မဲပေးတာကတော့ ရာခိုင်နှုန်းအရ များပါတယ်။ များတယ်ဆိုတာက တစ်ဝက်ကြီးလောက်တော့ မရှိပါဘူး။ အခု ၂၀၂၀ အပိုင်းကို ရောက်လာတဲ့အခါကျတော့ သူတို့ တော်တော်လေးကို စိတ်ပါဝင်စားမှုရှိတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်ကျတော့ ကျွန်တော်တို့ အရှိုချင်းအမျိုးသားပါတီအပေါ်မှာရော၊ တခြားချင်းမျိုးနွယ်တွေရဲ့ ပါတီတွေလည်း ရှိသေးတာကိုး။ အဲဒီပေါ်မှာလည်း သူတို့တော်တော်လေးကို စိတ်ဝင်စားမှုရှိနေပါတယ်။
မေး။ ။ ရွေးကောက်ပွဲနိုင်ရင် ဘာတွေလုပ်ပေးနိုင်မလဲ။ မဲဆန္ဒရှင်တွေကို ဘာပြောချင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ ကြွေးကြော်စကား အနေနဲ့ကတော့ “ချင်းတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ဖို့ အရှိုချင်းအမျိုးသားပါတီကို မဲပေးစို့” ဆိုပြီးတော့ ဆောင်ပုဒ်လုပ်ထားတယ်။ အမှာစကားကတော့ ချင်းပြည်နယ်ပြင်ပမှာ နေကြတဲ့ ချင်းမျိုးနွယ်စုအားလုံးအတွက် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး နိုင်ငံရေးအခွင့်အလမ်းတွေ ရရှိနိုင်အောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ တစ်ချက်ရယ်၊ နောက်ပြီးတော့ ညီလာခံကို တက်နိုင်ဖို့ ကြိုးစားပြီးတော့ နောင်လာမယ့် ဖက်ဒရယ်စနစ်ကို သွားကြပြီဆိုရင် လူနည်းစုရဲ့ ရပိုင်ခွင့်တွေကို ပါးစပ်ပြောနဲ့ မဟုတ်ဘဲ အခြေခံဥပဒေတွေမှာကို အခိုင်အမာရေးဆွဲပြီးတော့ ဥပဒေပြဋ္ဌာန်းနိုင်တဲ့အထိပါ ဆောင်ရွက်မယ်လို့ ဦးတည်ပြီးတော့ မဲဆွယ်စည်းရုံးနေပါတယ်။ ပြီးတော့ အမ်းမြို့နယ်မှာရှိတဲ့ ချင်းစစ်ဘေးရှောင်တွေအတွက် ကျွန်တော်တို့ပါတီက အလေးထားပြီးတော့ စစ်ဘေးရှောင်တွေအတွက် ပထမဦးစားပေးအနေနဲ့ ကူညီမယ်ဆိုတာကို သူတို့ကို သတင်းပေးထားပါတယ်။
မေး။ ။ ဒီရွေးကောက်ပွဲပြီးရင် လွှတ်တော်တက်နိုင်မယ်လို့ ယုံကြည်လား။
ဖြေ။ ။ ယုံကြည်တယ်။ ကျွန်တော်တို့ လွှတ်တော်တက်ရဖို့ ယုံကြည်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာ နိုင်ရင်တောင်မှ လွှတ်တော်တက်ရမယ်လို့ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့အခေါက် (၂၀၁၅ ရွေးကောက်ပွဲ) တုန်းက မကွေးတိုင်းက တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာတည်းအတွက်ကို ခြောက်ပါတီလောက် ပြိုင်တဲ့နေရာမှာ NLD က ပထမရပြီး ကျွန်တော်တို့က ဒုတိယရပါတယ်။ ကျွန်တော်တို့အောက်မှာ ကျန်တဲ့ USDP တို့က ကျန်ရစ်ခဲ့တယ်။
ဒီပွဲမှာတော့ ကျွန်တော်တို့ နိုင်မယ်လို့ပဲ မျှော်လင့်ထားတယ်။ အဲဒီတုန်းကလည်း ကျွန်တော်တို့က ပထမဆုံးကြုံရတဲ့ အနေအထားဆိုတော့လည်း ကြိုပြီးတော့ မပြင်နိုင်ခဲ့ဘူး။ ဒါပေမယ့် အဲဒီတုန်းက နေရာနှံ့ခဲ့တော့ အခုက ၂၀၁၅ ထက် သာသွားတယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။
ဖြေ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုပဲ ပန်ကြားချင်ပါတယ်။ အခုလို တစ်နေရာနဲ့ တစ်နေရာ သွားလာဖို့ ပိတ်ဆို့ထားတဲ့အချိန်ကြီးမှာ ရွေးကောက်ပွဲ ရွှေ့မပေးတာကတော့ သိပ်တော့မကောင်းဘူး။ တတ်နိုင်သမျှ သူတို့ဟိုဘက်မှာ အချိန်ရမယ်လို့ မျှော်လင့်ပါတယ် နောက်ဆုံး သူတို့ လွှတ်တော်ခေါ်ဖို့လေ။ အဲဒါကလည်း တစ်ဖက်မှာ ရှိသေးတာကိုး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံး တတ်နိုင်သမျှလေးကိုတော့ ရွှေ့ပေးပါလို့ ပြောချင်တယ်။ နောက်ပြီးတော့ အရှိုချင်းပါတီကိုလည်း ချင်းပြည်နယ်ပြင်ပက အရှိုချင်းတိုင်းရင်းသားပါတီအားလုံးက ယုံယုံကြည်ကြည်နဲ့ပေါ့လေ ကျွန်တော်တို့က ပြည်မဘက်မှာ လူနည်းစုဖြစ်နေတော့ အဲဒီအတွက်ကို ဘာပဲဖြစ်ဖြစ် ကြိုးစားပြီးတော့ ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးမယ် ဆိုတာလေးပဲ မှာကြားချင်ပါတယ်။