သတင်း

ရခိုင် ကျောက်တော်တွင်လည်း စစ်ကောင်စီတပ်များ လက်နက်ချပြီ

ရှမ်းမြောက်မှ စစ်ကောင်စီတပ်များနည်းတူ ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီးရှိ စစ်စခန်းမှ စစ်သားများသည် ရခိုင်တပ် AA ထံ လက်နက်ချခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာရှိ တောင်ရှည်တောင်ဗျူဟာကုန်း မကျစေရေးအတွက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံခဲ့သော်လည်း တစ်ယောက်မကျန် လက်နက်ချ အညံ့ခံခဲ့ပြီဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) က ဆိုသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့က စပြီး  AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစခန်းမှ တပ်ဖွဲ့ဝင်များ ယမန်နေ့ (ဇန်နဝါရီ ၆)၊ ည ၉ နာရီခန့်တွင် လက်နက်ချခဲ့ကြောင်း AA ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

ဤကိစ္စနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းများကို ယ​နေ့ ဇန်နဝါရီ ၇ တွင် ဆက်လက် ထုတ်ပြန်သွားမည်ဟုလည်း ပါရှိသည်။

စစ်ရေးအရအရေးပါသော၊ ကုလားတန်မြစ်အရှေ့ဘက်နှင့် ကျောက်တော်မြို့၏အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသော ထိုစခန်းကို ဇန်နဝါရီ ၁ တွင် သိမ်းယူရရှိကြောင်း Myanmar Now က ကနဦး ဖော်ပြခဲ့သော်လည်း ထိုစခန်းမကျသေးဘဲ ဆက်လက်ခုခံနေခဲ့ခြင်းဖြစ်သည်။

“AA ဘက်က အလံဖြူထောင်ခိုင်းတယ်။ ဒါပေမဲ့ မထောင်ဘူး။ ခုခံတယ်။ ဒါကြောင့် ဒီဘက်ကလည်း စွမ်းစွမ်းတမံနဲ့ အင်အားအပြည့်နဲ့ ချေမှုန်းပစ်တော့ လက်နက်ချကြတယ်” ဟု တင်းမဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ချခဲ့သော ထိုဗျူဟာကုန်းနေရာကို ယနေ့ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ရှမ်းမြောက်ရှိ လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ချီ ဇန်နဝါရီ ၅ တွင် အစုလိုက်အပြုံလိုက် လက်နက်ချပြီးနောက် တခြားဒေသရှိ စစ်ကောင်စီ တပ်စခန်းများတွင်လည်း လက်နက်ချမှုများရှိလာသည်။

တောင်ရှည်တောင်ဗျူဟာသည် စစ်ရေးအရ အလွန်အရေးပါသည့်စခန်းတစ်ခုဖြစ်ပြီး အနီးရှိ ငန်းတောင်၊ လိပ်ခေါင်း၊ ဆမီးမြို့စသည့် စစ်စခန်းများဘက်သို့ လက်နက်ခဲယမ်း ပို့ပေးသည့်နေရာ ဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ဗျူဟာကုန်း မကျစေရေးအတွက် ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တပ်စခန်းက အတွဲလိုက်ဒုံး၊ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခဲ့၍ အနီးအနား ကျေးရွာများမှ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုအထဲတွင် ကျောက်တော်မြို့ဒေသခံများလည်း ပါဝင်သည်၊ ကျောက်တော်ဒေသခံ ၈၀ ရာခိုင်နှုန်းခန့် မြို့ပေါ်မှ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

ထိုဗျူဟာမှ ၅ မိုင်ခန့်ဝေးသည့် အလယ်ကျွန်းကျေးရွာကို ဇန်နဝါရီ ၃ မွန်းလွဲပိုင်းက အထက်ပါ တောင်ရှည်တောင်ဗျူဟာကို လေကြောင်းပစ်ကူပေးပြီး ပြန်လာသည်ဟု ယူဆရသည့် လေယာဉ်တစ်စီးက ဗုံးနှစ်လုံး ကြဲချခဲ့၍ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးလသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

တောင်ရှည်တောင်ဗျူဟာတွင် စစ်ကောင်စီတပ်သားတို့သည် ၂၀၂၀ ကပင် လာရောက်တပ်စွဲ နေထိုင်ခြင်းဖြစ်ကာ တင်းမရွာဒေသခံများလည်း ယနေ့အထိ တိမ်းရှောင်နေရသည်။

စစ်တပ်က ၂၀၂၀ မတ်လအတွင်း ဖမ်းဆီး သွားသော တင်းမရွာသား ၁၈ ဦးနှင့် နောက်ထပ် ဖမ်းဆီးသူ ၃ ဦးအပါအဝင် စုစုပေါင်း ၂၁  ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေကာ သေသည်ရှင်သည် မသိရပေ။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးဆက်လက်ပြင်းထန်နေပြီး ဒေသခံအများအပြား ထွက်ပြေးနေရကာ လူဦးရေ ၂ သိန်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရခိုင်အခြေစိုက် ကူညီရေးအဖွဲ့များ၏ စာရင်းများအရ သိရသည်။

ရခိုင်ဒေသ တိုက်ပွဲသတင်းများကို စစ်ကောင်စီက သတင်းအမှောင်ချထားသော်လည်း စစ်ကောင်စီတပ်သားတို့ကြောင့် ရခိုင်ပြည်နယ်မှ အရပ်သားများ ထိခိုက်၊ သေဆုံးသည်ဟူသော သတင်းဖော်ပြချက်များမှာ မှားယွင်းသည်ဟူသော ထုတ်ပြန်ချက်များကိုမူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေ့စဉ်လိုလို ထုတ်ပြန်လျက်ရှိသည်။

စစ်ကောင်စီ၏ ပလက်ဝမြို့တွင်းရှိ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့် “စကခ (၉)” ၊  “တပ်မ (၁၁)” ရှေ့တန်းတပ်မဌာနချုပ် (၂) ခု အပါအဝင် ပလက်ဝ-ကျောက်‌‌တော်အစပ်ရှိ “မီးဝဗျူဟာကုန်း” များမှ ကျန်ရှိနေသေးသည့် စခန်းများကို AA က ထိုးစစ်ဆင်နေသည်ဟု သိရသည်။

AA ၏ စာရင်းများအရ “၁၀၂၇” စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ဇန်နဝါရီ ၇ ရက်အထိ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ဗျူဟာကုန်း ၄ ခုအပါအဝင် စစ်တပ်စခန်း ၁၄၉ ခုကို သိမ်းပိုက်ရရှိထားသည်။

ယမန်နေ့တစ်ရက်အတွင်း အမ်းမြို့နယ်တွင် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၁၀ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသအခြေစိုက် Arakan Princess Media တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများမှာ ဦးရွှီနု (၅၄ နှစ်)၊ ဦးမြင့်နိုင် (၅၄ နှစ်)၊ ကိုနေလင်းဦး (၂၉ နှစ်)၊ ကိုကျော်ထက်ခိုင် မြင့် (၂၅နှစ်)၊ ကိုဖိုးချစ်နိုင် (၁၉ နှစ်)၊ ကိုထက်မြင့်နိုင်(၁၉ နှစ်)၊  ကိုဦးငအောင်( ၃၅ နှစ်)၊ ဦးတင် (၄၅ နှစ်) ၊ မောင်ယဲ (၁၂ နှစ်) ၊ ဦးဗေလုဝ (၄၀ နှစ်) တို့ ဖြစ်ကြသည်။

စစ်တပ်နှင့် AA တို့၏ ၂၀၂၃ ခု၊ နိုဝင်ဘာ ၁၃ မှစတင်သည့် နှစ်လကျော်ကြာ တစ်ကျော့ပြန်တိုက်ပွဲများအတွင်း ဒေသခံ ပြည်သူ ၃၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

ကုလားတန်မြစ်အရှေ့ဘက် ကျောက်တော်မြို့၏အရှေ့မြောက်ဘက်တွင် ရှိသည့် တင်းမဗျူဟာကုန်း (တောင်ရှည်တောင်) ၊ တင်းမဗျူဟာကုန်း ၂ နှင့် ကင်းကာတို့ကို Google Maps ပေါ်တွင် တွေ့ရပုံ။

Show More

Related Articles

Back to top button