သတင်း

ကျောက်တော်မြို့နယ်ရှိ စစ်တပ်ဗျူဟာကုန်းကို AA သိမ်းယူ

၂၀၂၀ အတွင်း တိုက်ပွဲများပြင်းထန်စဉ်ကတည်း တင်းမကျေးရွာအနီး တပ်စွဲထားသော စစ်တပ်ဗျူဟာကုန်းကို AA က သိမ်းယူနိုင်ခဲ့ပြီး နယ်မြေရှင်းလင်းနေသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တောင်ရှည်တောင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီ ၁ နံနက်တွင်  သိမ်းပိုက်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ရေးအရအရေးပါသော ထိုစခန်းသည် ကုလားတန်မြစ်အရှေ့ဘက် ကျောက်တော်မြို့၏အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး ဒီဇင်ဘာ ၂၅ ရက်ကတည်းက AA က တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

နံနက် ၇ နာရီခန့်တွင် သိမ်းလိုက်သည်ဟု စခန်းအနီး တင်းမကျေးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“အခု AA က နယ်မြေရှင်းလင်းရေး လုပ်နေတယ်။ မနက် ၆ နာရီ၊ ၇ နာရီလောက်ကတည်းက သိမ်းလိုက်ပြီ” ဟု ထိုသူက ဆိုသည်။

အဆိုပါ ဗျူဟာကုန်းတွင် ယမန်နေ့ (ဒီဇင်ဘာ ၃၁)၊ ညနေ ၆ နာရီခန့်က တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်အစောပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

နာရီပိုင်းအတွင်းမှာပင် လေတပ်က ကျသွားသည့် စခန်းနေရာကို နှစ်ကြိမ်လာရောက် တိုက်ခိုက်ခဲ့သည်၊ လက်နက်ကြီးဖြင့်လည်း မွန်းလွဲ ၁ နာရီခန့်အထိ ပစ်ခတ်ရာ ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) စခန်းက ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟုလည်း တင်းမကျေးရွာအနီးမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“မနေ့ကကတည်းက သိပ်တင်းမာကြတယ်။ မနေ့ကတည်းက ပစ်ကြတယ်… ခတ်ကြတယ်။ မိုးလင်းရင်လည်း ပစ်သံခတ်သံက အဲဒီအတိုင်းပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါဗျူဟာကုန်း မကျစေရေးအတွက် စကခ ၉ တပ်စခန်းက အတွဲလိုက်ဒုံး၊ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခဲ့၍ အနီးအနားကျေးရွာများမှ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တောင်ရှည်တောင်ဗျူဟာသည် စစ်ရေးအရ အလွန်အရေးပါသည့်စခန်းတစ်ခုဖြစ်ပြီး အနီးအနားရှိ ငန်းတောင်၊ လိပ်ခေါင်း၊ ဆမီးမြို့စသည့် စစ်စခန်းများဘက်သို့ လက်နက်ခဲယမ်းပို့ပေးသည့်နေရာဖြစ်သည်ဟု ထိုသူက ဆက်ပြောသည်။

“နေဗီ (စစ်ရေယာဉ်) တွေလည်း အဲ့နေရာမှာ လာကပ်တယ်။ စားနပ်ရိက္ခာတွေဆိုရင်လည်း အဲဒီက ဖြန့်ချိတယ်။ တခြားနေရာတွေမှာ အင်အားနည်းသွားရင်လည်း အဲဒီနေရာကို လာပြီးပူးပေါင်းတာလည်းရှိတယ်” ဟု ထိုဒေသခံက ပြောပြသည်။

“အဲဒီဗျူဟာဟာ ရေကြောင်းနဲ့လည်း ကပ်နေတယ်။ ကုလားတန်မြစ်နဲ့လည်း ကပ်နေတယ်။ ပလက်ဝကို သွားတဲ့ ကားလမ်းနဲ့လည်း ကပ်နေတယ်။ အဲ့တောင်ဟာ ကားလမ်းအနောက်ဘက်၊ ကုလားတန်မြစ်အရှေ့ဘက်မှာရှိတာ”

ကုလားတန်မြစ်အရှေ့ဘက် ကျောက်တော်မြို့၏အရှေ့မြောက်ဘက်တွင် ရှိသည့် တင်းမဗျူဟာကုန်း (တောင်ရှည်တောင်) ၊ တင်းမဗျူဟာကုန်း ၂ နှင့် ကင်းကာတို့ကို Google Maps ပေါ်တွင် တွေ့ရပုံ။

ထိုကြောင့် အဆိုပါဗျူဟာကို သိမ်းလိုက်နိုင်သဖြင့် ကျောက်တော်မြို့ အခြေစိုက် စကခ ၉ ၏ လုံခြုံရေး အားနည်းသည်ဟု တင်းမရွာခံ အသက် ၅၀ အရွယ် အမျိုးသားက ဆိုသည်။

“အဲဒီဗျူဟာက ကုန်းလမ်း၊ ရေလမ်း အားလုံး စီးထားတာ။ ကုလားတန်တစ်ကြောလုံးမှာ အရေးကြီးဆုံး ဗျူဟာကုန်းတစ်ခု ဖြစ်တယ်။ ကုလားတန်တစ်ကြောလုံးကို ထိန်းချုပ်နိုင်သလို စကခ ၉ လည်း အကာအကွယ်ဖြစ်တယ်။ အခု တောင်ရှည်တောင် ကျသွားပြီဆိုရင် စကခ ၉ လည်း လုံခြုံမှုမရှိတော့လို့ ပြောလို့ရတယ်။ သူတို့အတွက် ခြိမ်းခြောက်မှုအများကြီးဖြစ်သွားတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါဗျူဟာကုန်း သိမ်းယူရရှိမှုနှင့် ပတ်သက်ပြီး AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကျောက်တော်မြို့ခံများလည်း မြောက်ဦး၊ ရမ်းဗြဲ၊ ပေါက်တောမြို့များကဲ့သို့ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ မြို့ပေါ်မှ ၈၀ ရာခိုင်နှုန်းခန့် ထွက်ပြေးသွားသည်ဟု ဒေသခံများက ဆိုသည်။

တောင်ရှည်တောင်ဗျူဟာတွင် စစ်ကောင်စီတပ်သားတို့သည် ၂၀၂၀ ပြည့်နှစ်ကပင် လာရောက်တပ်စွဲနေထိုင်ခြင်း ဖြစ်ကာ စစ်တပ်ရန်ကြောင့် တင်းမဒေသခံများလည်း ထိုကာလတစ်လျှောက် မည်သည့်အခါမှ အိမ်ပြန်နေထိုင်ခွင့် မရရှိခဲ့ပေ။

၂၀၂၀ နှစ်ဆန်းက စစ်ကောင်စီစစ်ကြောင်းတစ်ခုကို AA က ထိုနေရာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့ကာ ထိုတောင်တွင် တပ်စွဲထားခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း မတ်လအတွင်း စစ်ကောင်စီတပ်သည် တင်းမဒေသခံ ၁၈ ဦးကို ဖမ်းဆီးကာ ထိုတောင်ပေါ်သို့ ခေါ်ဆောင်သွားရာ လက်ရှိအချိန်ထိ သတင်းအစအန ပျောက်ဆုံးနေသဖြင့် သေသည်ရှင်သည် မသိရပေ။

AA သည် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးကနေ ယခုချိန်အထိ တောင်ရှည်တောင်ဗျူဟာအပါအဝင် စစ်တပ်ဗျူဟာ ကုန်း ၄ ခုနှင့် စစ်တပ်စခန်းပေါင်း ၁၅၀ နီးပါး တိုက်ခိုက်သိမ်းယူထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် စစ်ရေးပြင်းထန်နေပြီး ဒေသခံများက ဘေးလွတ်မည်ဟု ထင်ရသောနေရာများကို အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ကုလားတန်မြစ်ကြောတစ်လျှောက် တည်ရှိသည့်  စစ်ကောင်စီ၏ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်၊ နှုံးဘူး၊ ခဝဲ စသည့် ဗျူဟာကုန်း ၃ ခုနှင့် ကျောက်တော်မြို့နယ်ရှိ တင်းမဗျူဟာကုန်းတို့ကို AA က သိမ်းပိုက်ထားပြီး ဖြစ်သည်။

Show More

Related Articles

Back to top button