အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုးလကျော် ပျောက်ဆုံးနေသော တင်းမရွာသား ၁၈ ဦးအတွက် ခရိုင်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး 

ကိုးလကျော်ကြာ ပျောက်ဆုံးနေဆဲဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် တင်းမကြီးရွာနှင့် တင်းမသစ်ရွာမှ ဒေသခံ ၁၈ ဦးနှင့် ပတ်သက်၍ မိသားစုဝင်များကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် ခေါ်ယူမေးမြန်းခဲ့သည်ဟု သိရသည်။ 

ရွာသားများပျောက်ဆုံးနေသည့်ကိစ္စကို စစ်ဆေးပေးရန် နေပြည်တော်မှ စာဝင်လာ၍ ခေါ်ယူမေးမြန်းရခြင်းဖြစ်ကြောင်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုကြောင်း ပျောက်ဆုံးသူများ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်ဦးသန်းယဉ်က Myanmar Now ကို ပြောသည်။

“ကျွန်မတို့မှာ ပါသွားတာ ဘယ်သူပါသွားတာလဲ။ သားသမီးလား၊ အိမ်ရှင်လား မေးတယ်။ အဲဒါကို နေပြည်တော်က စာရောက်လို့ စစ်ချက်ယူတယ်လို့ ပြောပါတယ်။ ကျွန်မတို့ကလည်း ဖမ်းသွားတာ သတင်းလည်း မကြားရဘူး။ ဖမ်းသွားတဲ့ စစ်သားတွေက ဖုန်းမခေါ်ဘူးလားဆိုပြီး မေးတယ်” ဟု တင်းမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်ဦးသန်းယဉ်က ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေသူ တင်းမရွာသား ၁၈ ဦးအနက် ဒေါ်ဦးသန်းယဉ်၏သား အသက် ၂၈ နှစ် အရွယ် မောင်နေလင်းဦးလည်း ပါဝင်ပြီး ၎င်းမှာ စကားမပြောတတ်သော မသန်စွမ်းတစ်ဦးဖြစ်သည်။ 

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက စွပ်စွဲထားသည့် အဆိုပါဒေသခံ ၁၈ ဦးမှာ ယခုနှစ် မတ်လအတွင်းကတည်းက မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။ 

တိုင်စာများပေးပို့ထားသောကြောင့် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။ 

ယမန်နေ့က မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့ရာတွင် နေရပ်လိပ်စာ၊ မိသားစုဝင်ဦးရေ၊ ဖမ်းဆီးစဉ်က တပ်မတော်သား မည်မျှပါရှိကြောင်းလည်း မေးမြန်းသည်ဟု ဒေါ်ဦးသန်းယဉ်က ပြောသည်။

ပျောက်ဆုံးနေသူများ၏ မိသားစုဝင် ၁၂ ဦးနှင့် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ မျက်မြင်သက်သေ ရွာသား ၃ ဦးကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းသို့ သွားရောက်ခဲ့သူ တင်းမသစ်ကျေးရွာမှ ဒေါ်မအေးလှက ပြောသည်။ ဒေါ်မအေးလှ၏ ခင်ပွန်း အသက် ၃၄ နှစ်အရွယ် ဦးမောင်သန်းစိုးသည် ပျောက်ဆုံးနေသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ 

ပျောက်ဆုံးသွားသူများ၏ မိသားစုဝင်များ ထွက်ဆိုချက်ကို စာဖြင့်ရိုက်ပြီး အထက်သို့ တင်ပေးသွားမည်ဖြစ်ပြီး တတ်နိုင်သလောက် ကူညီပေးသွားမည်ဟု မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ပြောဆိုခဲ့ကြောင်း ဒေါ်မအေးလှက ပြောသည်။ 

တင်းမရွာသား ၁၈ ဦးနှင့် ပတ်သက်၍ ရဲစခန်းက အမှုဖွင့်ခွင့် မပေးခဲ့သောကြောင့် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မိသားစုဝင်များက နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံ စာဖြင့် တိုင်ကြားခဲ့သည်။ 

ကျောက်တော်မြို့နယ် တင်းမသစ်ကျေးရွာတွင်းသို့ မတ်လ ၁၃ ရက်တွင် တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ရွာသား ၈ ဦးကို မျက်နှာဖုံးစွပ် ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မတ်လ ၁၆ ရက်တွင် တင်းမကြီးကျေးရွာမှ ရွာသား ၅၀ ဦးကို တပ်မတော်စစ်ကြောင်းက ထပ်မံဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ကျန်သူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ၁၀ ဦးကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ 

ထိုပျောက်ဆုံးရွာသားများနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်း၌ လူပျောက်တိုင်ကြားရန် တပ်မတော်တာဝန်ရှိသူက နိုဝင်ဘာလကုန်ပိုင်းတွင် ပြောကြားခဲ့သည်။ တပ်မတော်က ထိုသို့တိုက်တွန်းပြီးနောက် ဒေသခံ ၂၀ ခန့်က ကျောက်တော်မြို့မရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ရန် သွားရောက်ခဲ့ရာတွင် အမှုဖွင့်ခွင့်မပေးဘဲ ခြိမ်းခြောက်ခဲ့သည်။ 

နေပြည်တော်၌ ယနေ့ (ဒီဇင်ဘာ ၃၀) ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ခိုင်မာသည့်အထောက်အထားများဖြင့် တိုင်ကြားရန် ထပ်မံပြောကြားခဲ့သည်။ 

“သက်သေအထောက်အထားခိုင်ခိုင်လုံလုံနဲ့ ကျွန်တော်ပြောသလိုပဲ တိုင်းစစ်ဌာနချုပ်မှာဖြစ်ဖြစ်၊ တပ်နယ်မှာဖြစ်ဖြစ် တိုင်ကြားလို့ရတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ တိုင်လည်းတိုင်ကြားလို့ ရပါတယ်။ တိုင်လည်းတိုင်ကြားနေတာတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button