သတင်း

ရေစကြိုတွင် စစ်တပ်နှင့် PDF တိုက်ပွဲရက်ဆက်ဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း ကျေးရွာများသို့ ရောက်လာသော စစ်တပ်နှင့် တိုက်ပွဲ ရက်ဆက်ဖြစ်နေပြီး နှစ်ဖက် ကျဆုံးမှုများရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်က ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများမှာ ဒီဇင်ဘာ ၁၉ မှ ၂၁ အထိ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများ မတိုင်မီ ဒီဇင်ဘာ ၁၈ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ကျောက်ထပ်ရွာအနီးရှိ PDF စခန်းငယ်တစ်ခုကို ဝင်ရောက်စီးနင်းပြီး လက်လုပ်သေနတ် ၁၆ လက်၊ လက်လုပ်မိုင်း ၂ လုံး ရသွားခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၉ နံနက်ပိုင်းတွင် စစ်ကောင်စီတပ် သဲတောကျေးရွာသို့ ရောက်ရှိလာရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရေစကြို PDF တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

ရေစကြို၊ မြိုင်၊ ပခုက္ကူမြို့နယ်တို့မှ PDF ပူးပေါင်းတပ်ဖွဲ့များ အတူတကွ ခုခံရာတွင် လက်လုပ်လက်နက်ကြီး သုံးခဲ့သည်ဟု ဆိုသည်။

“သဲတောရွာကို ဝင်တဲ့စစ်ကြောင်းကို သုံးမြို့နယ် PDFတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်။ လက်နက်ကြီးတွေနဲ့ အလုံး ၂၀၀ လောက် ပစ်ခဲ့တာ။ ​စစ်သားတွေဘက်က ဒဏ်ရာရတာ၊ ကျဆုံးတာတွေလည်း ရှိတယ်။ လူနာတင်ကားနဲ့ ခေါ်သွားကြတယ်” ဟု ကိုအောင်မောင်းက ပြောသည်။

ထိုနေ့က မွန်းလွဲ ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF တို့ ပစ်ခတ်မှုရပ်သွားချိန်တွင် ရွာထဲသို့ လူနာတင်ကားများရောက်လာကာ စစ်တပ် ပြန်ထွက်သွားကြောင်း ကိုအောင်မောင်းက ဆိုသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက် သေဆုံးမှုအရေအတွက် မည်မျှရှိသည်ကို မသိရကြောင်း၊ ရွာထဲမှ ထွက်လာသည့် လူနာတင်ကားများပေါ်မှ အော်သံများကြားရကြောင်း ၎င်းက ဆိုသည်။

ကားများထွက်ခွာသွားပြီးနောက် ၂ နာရီခန့်အကြာတွင် ရွာထဲသို့ PDFပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် တိုက်ပွဲ ပြန်ဖြစ်သည်၊ ရွာမြောက်ခြမ်းရှိ အိမ်တစ်လုံးပေါ်မှ စစ်သားများက ပစ်ခတ်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး လည်ပင်းကျည်ထိမှန်ပြီး ထိုနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ကိုအောင်မောင်းက ပြောသည်။

ထို့နောက် PDFပူးပေါင်းအဖွဲ့က ကင်းပုန်းယူထားသည့် စစ်သား ၃ ဦးကို ပစ်ခတ်ရာ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိသွားသည်၊ PDF တို့ ပြန်ဆုတ်သွားပြီး ထိုနေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က ရွာထဲရှိ နေအိမ်နှစ်လုံး မီးရှို့လိုက်သည်ကို အဝေးမှ မြင်တွေ့ရသည်ဟု ဒေသခံများက ဆိုသည်။

နောက်တနေ့ (ဒီဇင်ဘာ ၂၀) တွင် ရွာထဲရှိ စစ်တပ်ကို PDF က ဆက်လက်ပစ်ခတ်တိုက်ခိုက်သည်၊ ညနေပိုင်းတွင် စစ်တပ်က သဲတောရွာနှင့် ဥက္ကံရွာတို့မှ အမျိုးသား ၂၀ ဦးကို လိုက်လံဖမ်းဆီးပြီး ၎င်းတို့၏ ပစ္စည်းများကို ထမ်းခိုင်းကာ ရွာအနောက်မြောက်ဘက် ၆ မိုင်ခန့်ရှိ ထန်းပင်ချောင်းရွာဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

ထိုအမျိုးသား ၂၀ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပေ။

ဒီဇင်ဘာ ၂၁ နံနက်ပိုင်း သဲတောရွာထဲသို့ နယ်မြေရှင်းလင်းရေး ဝင်ရောက်ကြစဉ် ရွာမြောက်ပိုင်းတွင် PDF တပ်ဖွဲ့ဝင်၏ ရုပ်အလောင်း၊ ရွာအနောက်ပိုင်းတွင် မီးကျွမ်းနေသည့် ရုပ်အလောင်း ၂ လောင်းတို့ကို တွေ့ရသည်ဟု ဆိုသည်။ 

သေဆုံးသူ PDFတပ်ဖွဲ့ဝင်မှာ Southern YSO PDF နှင့် Urban Underground Revolution Force အဖွဲ့နှစ်ခု၏ တိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည်၊ ရဲတပ်ဖွဲ့မှ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ အသက် ၂၉ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင် ဖြစ်သည်ဟု ဆိုသည်။ ကျန်ရုပ်အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။

“အနောက်ခြမ်းက အိမ်က ပျဉ်ထောင်အိမ်ဆိုတော့ လုံးဝ ပြာကျသွားတယ်။ အဲဒီအိမ်မှာက မီးဖိုကျင်း တူးပြီး အလောင်းတစ်လောင်းကို တံစို့ထိုးပြီး မီးရှို့သွားတာ။ အလောင်းကို ကြေးနန်းတွေနဲ့ တုပ်ပြီး ၄ ပေ ပတ်လည် သံပိုက်တံစို့ထိုးပြီး မီးရှို့ခံထားရတာ” ဟု ကိုအောင်မောင်းက ပြောသည်။ 

အဆိုပါတိုက်ပွဲများကြောင့် လူဦးရေ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။  

အခြားတိုက်ပွဲများနည်းတူ ရေစကြိုမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button