သတင်း

ကန့်ဘလူတွင် ၁၃ နှစ်သားကို စစ်ကောင်စီ၏ လက်နက်ကိုင်များပစ်သတ်

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးပင်သာရွာကို ဒီဇင်ဘာ ၁၉ ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခြင်းကြောင့် ကလေး ၁ ဦး သေဆုံး၊ နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

မြို့တောင်ဘက် ၁၁ မိုင် အကွာရှိ ထိုရွာသို့ စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ စုစုပေါင်း ၆၀ နီးပါး ပစ်ခတ်ချိန်တွင် ၁၃ နှစ်အရွယ် မောင်သုတဇော် အပါအဝင် ဒေသခံတချို့က ၅ ပေပတ်လည်ရှိ သွပ်ပြားကာ အိမ်သာထဲသို့ ဝင်ရောက် ပုန်းအောင်းကြကြောင်း၊ အိမ်သာအနီး ရောက်လာသည့် လက်နက်ကိုင်တို့က ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ 

“အခင်းဖြစ်တဲ့နေရာမှာ ကျည်ခွံ ၁၄၊ ၁၅ ခွံလောက် တွေ့တယ်။ အိမ်သာထဲမှာ လူဆယ်ယောက်ခန့်လောက် ပုန်းနေတာကို အိမ်သာထဲမှာ အသံကြားတယ်ဆိုပြီး ပစ်လိုက်တာ” ဟု အဆိုပါ ဒေသခံက မျက်မြင်သက်သေများကို ကိုးကားပြီး ပြောသည်။

ဒေသခံများက ကြောက်ရွံသဖြင့် ပုန်းနေရကြောင်း တောင်းပန်သည့်အခါ စစ်ယူနီဖောင်း ဝတ်ဆင်ထားသူတစ်ဦးက “မအော်နဲ့ အသာနေ”ဟု ပြောကာ ပြန်လှည့်သွားသည်ဟုလည်း ဆိုသည်။ 

ည ၉ နာရီခန့်တွင် ရောက်လာသည့် ထိုလက်နက်ကိုင်တို့က သေဆုံးသူ ၆ တန်းကျောင်းသား၏ ရွာထိပ်ရှိ နေအိမ်နှင့် အခြားနေအိမ်တစ်လုံးကို မီးရှို့သွားသည်ဟု ဒေသခံများက ပြောသည်။

ထိုရွာတွင် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှု မရှိသလို ရွာအနီးနားတွင်လည်း တိုက်ပွဲဖြစ်ပွဲခြင်းမရှိသည့် အခြေအနေတွင် စစ်ကောင်စီ လက်နက်ကိုင်များက အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ကလေးသေဆုံးမှုအကြောင်း ပြောပြသည့် ဒေသခံကမူ ၎င်းတို့ရွာက ပျူစောထီးအဖွဲ့ ဖွဲ့ရန် လက်မခံသေးသဖြင့် လာရောက် ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်။

ရွာ၏ အနောက်ဘက် ၂ မိုင်အကွာရှိ  ထန်းကုန်းမြို့တွင် စစ်သားနှင့် ပျူစောထီများတပ်စွဲထားသည်၊ လွန်ခဲ့သည့်လအနည်းငယ်က ထန်းကုန်းမြို့ တိုက်နယ်အုပ်ချုပ်ရေးမှူးရုံးက ဇီးပင်သာကျေးရွာ ဘုန်းတော်ကြီး ၂ ပါးနှင့် ရပ်ရွာလူကြီး ၂ ဦး လာရောက်တွေ့ဆုံရန် အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သည်ဟု သူက ပြောသည်။

“သူတို့က ရွာကို အဖွဲ့အစည်း ဖွဲ့ရအောင် ပြောတယ်၊ ရွာကလည်း အဲလိုကြီး လက်မခံရဲဘူးပြောတော့ ညပိုင်း လူသူမကွဲတဲ့အချိန် ဟိုအဖွဲ့ဒီအဖွဲ့ကလို ထင်ယောင်ထင်မှား ဝင်ပစ်တာပေါ့။ ရွာကို အဖွဲ့ဖွဲ့ချင်လို့လို့ ကျွန်တော်ကတော့ ယူဆတာပေါ့” ဟု  သူက ဆိုသည်။

ဒေသခံကာကွယ်ရေးသမားတစ်ဦးကလည်း အလားတူ မှတ်ချက်ပြုသည်။

စစ်ကောင်စီတပ်ကို သတင်းပေးနေသူများ သတ်ဖြတ်ခံရလျှင် စစ်သားနှင့် ရဲများ ရောက်လာလေ့ရှိသည်၊ သာမန်ပြည်သူများ သတ်ဖြတ်ခံရမှုကို အကြောင်းကြားလျှင် ဓာတ်ပုံမှတ်တမ်းတင်ပြီး ပို့ပေးရန်သာ ပြောဆိုလေ့ရှိသည်ဟု သူက ဆိုသည်။

“သူလျှို၊ ဒလန်ရှင်းရင် ထန်းကုန်းက သက်ဆိုင်ရာ ရောက်တယ်။ ဒါကျတော့ လျစ်လျူရှုထားတာ၊ ဓာတ်ပုံပဲ ပို့လိုက်၊ ရွာတင် သင်္ဂြိုဟ်လိုက် ပြောတာ။ ဘယ်သူ့လက်ချက်လဲ နားလည်တဲ့သူတွေက သိပါတယ်” ဟု သူက ပြောသည်။

ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရယူနိုင်သေးသလို စစ်ကိုင်းတိုင်းအတွင်း အလားတူ သတ်ဖြတ်မှုသတင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်လေ့မရှိပေ။

ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီ လက်နက်ကိုင်များ၏ သတ်ဖြတ်ခြင်းခံရသူ အရေအတွက်မှာ နိုဝင်ဘာလကုန်ထိ ၈၁ ဦး ရှိသည့်အနက် အသက်မပြည့်သေးသူ ၃ ဦး ပါဝင်ကြောင်း ဒေသတွင်းအချက်အလက်များ ကောက်ယူနေသည့် ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ မှတ်တမ်းအရ သိရသည်။

စစ်ကောင်စီတပ်သားများ အထိနာနေသည့် စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးများ ဖွဲ့စည်းရန် စစ်ကောင်စီက လိုလားနေပြီး ကန့်ဘလူမြို့နယ်အတွင်း ရွာများတွင် မဘသဘုန်းကြီး  ဦးဝါသဝဦးဆောင်ကာ ပျူစောထီးအဖွဲ့တချို့ကို ဖွဲ့စည်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button